သပိတ်ကျင်းတွင် ရွှေတူးဖော်ရေး ကုမ္ပဏီသုံးခု ထွက်ခွာရေး ဆန္ဒပြမည်

သပိတ်ကျင်းတွင် ရွှေတူးဖော်ရေး ကုမ္ပဏီသုံးခု ထွက်ခွာရေး ဆန္ဒပြမည်

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက် ကျေးရွာအုပ်စုရှိ ရွှေတူးဖော်ရေး ကုမ္ပဏီ သုံးခုကို အရေးယူပေးရန်နှင့် ထွက်ခွာပေးရန် မေလ ၁၂ ရက်တွင် ဒေသခံ ၅၀၀ က နံနက် ၇ နာရီတွင် ရေထွက် ကျေးရွာမှ သပိတ်ကျင်းမြို့အထိ မိုင် ၂၀ ကျော် ချီတက် ဆန္ဒပြမည်ဟု ဦးဆောင်သူ ရေထွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကံဌေးက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ရပ်ရွာအတွက် ရှေ့က ထွက်ပြီး မားမားမတ်မတ်နဲ့ ဆန္ဒဖေါ်ထုတ်ဖို့ လုပ်တာပဲ။ ဒေသဖွံ့ဖြိုးဖို့နဲ့ ကိုယ့်ရပ်ကိုယ်ရွာ မပျောက်ပျက်ဖို့ လုပ်တာပဲ။ အခု ကုမ္ပဏီတွေက ရွာထဲအထိ ဝင်တူး နေတယ်။ ဒါကိုအားလုံးက မကျေနပ်ဘူး။ မကျေနပ်လို့ အထက်ကို တင်ပြတော့လည်း ဘာတစ်ခုမှ စစ်ဆေးတာ အရေးယူတာ မရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အာဏာပိုင် အားလုံးက ကုမ္ပဏီဘက်က ဖြစ်နေတယ်။ ရွာထဲတော့ ဝင်မတူးနဲ့လေဗျာ။ သူတို့ပိုင်တဲ့ မြေထဲတူးနေရင် ဘာမှ ပြောစရာမရှိဘူး" ဟု ဦးကံဌေးက ပြောသည်။

သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာ အတွင်းရှိ မြန်မာစည်သူ ရွှေတူးဖော်ရေး ကုမ္ပဏီ၊ ဝေလင်းထိုက် ရွှေတူးဖော်ရေး ကုမ္ပဏီနှင့် လက်ပံပြန့်ဒေသ ဖွံ့ဖြိုးရေး ရွှေတူးဖော်ရေး ကုမ္ပဏီတို့၏ လုပ်ကွက်များတွင် ရေထွက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာမြေများ၊ အိမ်ခြေများ ပါဝင်နေ၍ ယခုကဲ့သို့ ဆန္ဒပြရန် စီစဉ်ခြင်း ဖြစ်သည်။

ရေထွက် ကျေးရွာအုပ်စု အတွင်းရှိ ရေထွက် ရွာမကျေးရွာ၊ လက်ပံပြန့်ကျေးရွာ၊ ရွှေပြည်သာ ကျေးရွာ၊ ရိုးမကျော် ကျေးရွာနှင့် အမှတ် ၅၀၁ ကျေးရွာတို့ ပါဝင်ပြီး အိမ်ခြေ ၅၁၀ ရှိရာ မြန်မာစည်သူ ရွှေတူးဖေါ်ရေး ကုမ္ပဏီ လုပ်ကွက်အမှတ်(၁၂) ထဲတွင် ရိုးမကျော် ကျေးရွာမှ အိမ်ခြေ ၁၅ လုံး၊ ဝေလင်းထိုက် ရွှေတူးဖေါ်ရေး ကုမ္ပဏီ လုပ်ကွက်အမှတ် (၁၃)ထဲတွင် လက်ပံပြန့် ကျေးရွာမှ အိမ်ခြေ ၃၅ လုံးနှင့် လက်ပံပြန့် ဒေသဖွံ့ဖြိုးရေး ရွှေတူးဖေါ်ရေး ကုမ္ပဏီ လုပ်ကွက်(၁၄)ထဲတွင် ရွှေပြည်သာနှင့် ရေထွက် ကျေးရွာတို့ အိမ်ခြေ ၁၀၀ ကျော် လုပ်ကွက်များထဲတွင် ပါဝင်နေခြင်း ဖြစ်သည်။

ထိုလုပ်ကွက်များထဲတွင် ပါဝင်သော နေအိမ်များမှ အိမ်ထောင်စုဝင်များအား မနက် ၆ နာရီနှင့် ည ၉ နာရီအထိ အကန့်အသတ်ဖြင့် ဝင်ထွက်သွားလာခွင့်သာ ပြုထားသောကြောင့် ဒေသခံ အများစုမှာ ဝင်ထွက်သွားလာရန် အခက်အခဲများ ရှိနေသည်ဟုလည်း ကျေးရွာများ၏ အုပ်ချုပ်ရေးမှူးများက ဆိုသည်။

"ကုမ္ပဏီတွေက ရွာကို ခြံခတ်သိမ်းလိုက်သလို ဖြစ်နေတယ်။ အချိန်နဲ့ဝင် အချိန်နဲ့ထွက် ဖြစ်နေတယ်။ ရွာမြေကိုလည်း ယူနေသေးတယ်။အခုလိုလည်း ကန့်သတ်မှု လုပ်သေးတယ်။ ဒါဟာ အားလုံးကို စော်ကားတာနဲ့ အတူတူပဲ။ အခုဖြစ်အောင်လုပ်တဲ့ အဓိက တရာခံကတော့ ရွာမြေရှိမှန်း သိသိကြီးနဲ့ ချပေးတဲ့ လုပ်ပိုင်ခွင့်ရတဲ့ အာဏာပိုင်တွေပဲ။ သူတို့မှာ တာဝန်ရှိတယ်။ အခုဆန္ဒပြတဲ့ အထဲမှာလည်း သူတို့ကို စုံစမ်း ဖော်ထုတ်ပေးဖို့ တောင်းဆိုမယ်။ ကြာရင် ရွာမြေပျောက်တော့မယ်" ဟု ဦးကံဌေးက ပြောသည်။

အဆိုပါ ကျေးရွာများသည် ၁၉၇၈ ခုနှစ်မှ စတင်၍ တည်ရှိခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ရွာမြေအဖြစ် သတ်မှတ်ပေးထားသည်ဟု ဒေသခံများက ဆိုသည်။

ရွှေတူးဖေါ်ရေး ကုမ္ပဏီများသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ခံများမှ တစ်ညီတစ်ညွှတ်တည်း နိုင်ငံတော်မှ သတ်မှတ်ပေးထားသော လုပ်ကွက် ဧရိယာထဲတွင်သာ လုပ်ကိုင်တူးဖေါ်နေခြင်း ဖြစ်သည်ဟု မဇ္ဈိမသို့ ပြန်လည် ဖြေကြားသည်။

သပိတ်ကျင်းမြို့နယ် သတ္တု နှင့် ရွှေ တူးဖေါ်ရေး တာဝန်ခံ အင်ဂျင်နီယာ ဦးခင်မောင်ဝင်းအား မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် မဖြေခဲ့ပေ။

ချီတက်ဆန္ဒပြရာတွင် “ကျေးရွာအတွင်း ဝင်ရောက်တူးဖေါ်နေသော ကုမ္ပဏီများ ချက်ခြင်းထွက်ပေး၊ ကျေးရွာမြေအား လုပ်ကွက်ချပေးသူများ အရေးယူပေး” စသည်ဖြင့် ကြွေးကြော်သွားမည် ဖြစ်သည်။ ဆန္ဒပြခွင့် တရားဝင် ရရှိရန်အတွက် သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးသို့ မေ ၄ နံနက်ပိုင်းက ခွင့်ပြုမိန့် တင်လိုက်ပြီဖြစ်သည်။

"စနစ်တကျဆိုရင် ခွင့်ပြုပေးမှာပါ။ စီမံခန့်ခွဲမှု ကော်မတီနဲ့ ညှိနှိုင်းပြီး ဆုံးဖြစ်ပေးသွားမယ်" ဟု တာဝန်မှူး ရဲတပ်ဖွဲ့ဝင် တစ်ဦးက မဇ္ဈိမကို ပြောသည်။

ကျေးရွာအတွင်း ဝင်ရောက်တူးဖေါ်နေသော ကုမ္ပဏီများသည်၂၀၁၃ ခုနှစ်မှ စတင်၍ တဖြေးဖြေး ဝင်ရောက်တူးဖေါ်နေခြင်း ဖြစ်ပြီး ထိုစဉ်ကပင် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ စာတင်၍ တိုင်ကြားမှုများကို ဒေသခံများက အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဦးကံဌေးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly