ပြည်တွင်း စျေးကွက်ကို ရောက်ရှိလာတော့မယ် OPPO Neo 5

ပြည်တွင်း စျေးကွက်ကို ရောက်ရှိလာတော့မယ် OPPO Neo 5

ပြည်တွင်း ဈေးကွက်ကို OPPO တို့က စမတ်ဖုန်းသစ်တစ်လုံးကို မေလအကုန်ပိုင်းမှာ မိတ်ဆက်လာတော့မယ်လို့ OPPO မြန်မာရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ OPPO တို့က ဈေးကွက်ထိုးဖောက်ဖို့ အရည်အသွေး အပြင် ဒီဇိုင်းပိုင်းထူးခြားဆန်းသစ်မှုတွေနဲ့ အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုကို ရယူနေပါတယ်။

ဈေးကွက်အတွင်းမှာ ထိပ်တန်းစမတ်ဖုန်းတွေအပြင် အလယ်အလတ်တန်းစမတ်ဖုန်းတွေရဲ့ ဈေးကွက်ဝေစု ကိုပါ ခွဲဝေယူဖို့ OPPO တို့ ကြိုးပမ်းနေပါတယ်။ OPPO အရောင်းဆိုင်ကိုလည်း ရန်ကုန်မြို့မှာ မေလ ၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သလို တရားဝင် ဆားဗစ်စင်တာလည်း
ဖွင့်လှစ်ထားပြီးပါပြီ။

မေလအကုန်ပိုင်းမှာ ဈေးကွက်အတွင်းမိတ်ဆက်မယ့် OPPO Neo 5 က ဈေးကွက်ထိုးဖောက်ဖို့ ဘယ်လိုအရည် အသွေးတွေနဲ့ ပြင်ဆင်လာသလဲဆိုတာ ကြည့်ရအောင်။

မျက်နှာပြင် အရွယ်အစားနဲ့ အရည်အသွေး

မျက်နှာပြင်အရွယ်အစားက ၄ ဒသမ ၅ လက်မရှိပါတယ်။ အရွယ်အစားအရမ်းကြီးတဲ့ စမတ်ဖုန်း တွေကို မ ကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာပါ။ ဒီဇိုင်းက လှပဆန်းသစ် တဲ့အတွက် အမျိုးသမီးတွေ ပိုသဘော ကျမယ်ထင်ပါတယ်။ မျက်နှာပြင်အရည်အသွေး 480 x 854 pixels ရှိပါတယ်။ ပုံရိပ်သိပ်သည်းဆက 218ppi ဖြစ်ပါတယ်။ အလယ်အလတ်တန်း စမတ်ဖုန်း တစ်လုံးထဲမှာတော့ ကောင်းမွန်တဲ့ အရည်အသွေးပါပဲ။ IPS LCD capacitive touchscreen မျက်နှာပြင်ကို အသုံးပြုထားပါတယ်။

ကင်မရာ အရည်အသွေး

ကင်မရာအရည်အသွေးက 5MP ရှိပါတယ်။ 2592 х 1944 pixels အရည်အသွေးရှိ ပုံရိပ်တွေရိုက်ကူး နိုင်ပါ တယ်။ Geo-tagging, panorama, HDR စတဲ့ ကင်မရာစွမ်းဆောင်ချက်တွေပါဝင်ပါတယ်။ ရှေ့ကင်မရာက 2MP ဖြစ်ပါတယ်။ ထိပ်တန်းစမတ်ဖုန်းတွေမှာ ပါတဲ့ ကင်မရာတွေထက် အရည်အသွေးနိမ့်ပေမယ့် သာမန်အသုံးပြုမှုအတွက်တော့ လုံလောက်ပါတယ်။ ပေးရတဲ့ ဈေးနှုန်းနဲ့တော့ ထိုက်တန်ပါတယ်။

ဘက်ထရီ အရည်အသွေး

စမတ်ဖုန်းတစ်လုံး ဝယ်ယူတော့မယ်ဆိုရင် ဘက်ထရီအရည်အသွေးက မေ့ထားလို့မရပါဘူး။ OPPO တို့က Neo 5 မှာ Li-Ion 1900 mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။ တစ်ရက်တာ အသုံးပြုမှုအတွက်တော့ ကောင်းကောင်းလုံလောက်တယ်လို့ ပြောနိုင်ပါတယ်။ ဖုန်းပြောဆိုမှုနဲ့ ဂိမ်းကစားတာလိုမျိုးတွေ အရမ်းအသုံးများမယ်ဆိုရင်တော့ Power Bank တစ်လုံးလောက်ဆောင်ထားဖို့ လိုအပ်ပါမယ်။ သာမာန်အသုံးပြုမှုအတွက်ကတော့ ဒီပမာဏက လုံလောက်ပါတယ်။

အခြားစွမ်းဆောင်ရည်များ

ဒီစမတ်ဖုန်းမှာ Android OS ဗားရှင်း 4.3 (Jelly Bean) ကို အသုံးပြုထားပါတယ်။ Quad-core 1.2 GHz Cortex-A7 CPU ကို အသုံးပြုထားပါတယ်။ စွမ်းဆောင်ရည်ပိုင်းကတော့ သင့်တင့်တာထက်ပိုပါတယ်။ RAM က 1GB ဖြစ်ပါတယ်။ ဖုန်းအတွင်းသိုမှီးနိုင်မှုပမာဏက 4GB ပါဝင်ပါတယ်။ သိုမှီးနိုင်မှုကို 32GB အထိမြှင့်တင်အ သုံးပြုနိုင်ပါတယ်။ Accelerometer, proximity စတဲ့ အာရုံခံစနစ်တွေပါဝင်ပါတယ်။ Bluetooth,USB စတဲ့ နည်းပညာတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။

ဈေးနှုန်းက ကျပ် ၁၆၉,၀၀၀ သတ်မှတ်ထားပါတယ်။  မြန်မာပြည်ဈေးကွက်အတွင်းမှာ တန်ဖိုး အသင့်အတင့်နဲ့ အလယ်အလတ်တန်း စမတ်ဖုန်းတွေက ဈေးကွက်ဝေစုကို အများဆုံး ထိန်းချုပ်ထားတာပါ။

OPPO တို့အနေနဲ့ R5,N3 တို့လို ထိပ်တန်း စွမ်းဆောင်ရည် မြင့်စမတ်ဖုန်းတွေနဲ့ ပြည်တွင်း ဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်ခဲ့သလို အလယ်အလတ်တန်း စမတ်ဖုန်းတွေနဲ့လည်း ဈေးကွက်ကို စတင်ထိုးဖောက်တော့ မှာပါ။ OPPO Neo 5 က ပြည်တွင်း ဈေးကွက်ရောက်လာတဲ့ အခါမှာ ဘယ်လောက်အထိ ဈေးကွက်ဝေစု ရရှိနိုင်မယ်ဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags