|
ရန်ကုန်မြို့တွင် စစ်အစိုးရက လုံခြုံရေး တင်းကြပ်ထားပုံနှင့် ပတ်သက်၍ ဒေသခံတဦးက မဇ္ဈိမသို့ ရေးသားပေးပို့သော စာကို ဖော်ပြလိုက်ပါသည်။
ရန်ကုန် ဧပြီ ၂၈ ရက်၊ ၂၀၀၈ ခုနှစ်
ရန်ကုန်လုံခြုံရေး ဆောင်ရွက်ရာမှာ ဧပြီလအတွင်းက စပြီး ရဲတွေက ကျည်ကာဝတ်စုံ၊ သေနတ်၊ ဦးထုတ်၊ ဒိုင်းကာ၊ ၀တ်စုံအသစ်တွေ ၀တ်ပြီး တရုတ် အစိုးရဆီကနေ လွှဲပြောင်းရယူထားတဲ့ ကားသစ်တွေနဲ့ လှည့်နေပါတယ်။
အလွန်အမင်း မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေ ပေါ်ပေါက်နေသလို အင်အားတွေ အလွန်အကျွံ သုံးစွဲ၊ မြို့တွင်းမှာ သေနတ်များ တကားကားနဲ့ အမြဲမပြတ် လှည့်လည်နေခြင်း၊ ကင်းလှည့်ကားတွေ လာပါက သွားလက်စကားများအား အတင်းဘေးချ အရှိန်လျော့ ရပ်နားခိုင်းခြင်းတို့ ပြုလုပ်နေတော့ စိတ်အနှောက်အယှက် ဖြစ်ရတာပေါ့။
စက်တင်ဘာ တော်လှန်ရေး နောက်ပိုင်းမှ စပြီး ရန်ကုန်လုံခြုံရေး ကိုစစ်တပ်က တိုက်ရိုက် ချုပ်ကိုင်ထားသော်လည်း ဆန္ဒခံယူပွဲ နီးလာတော့ မြို့ပြ အုပ်ချုပ်ရေးအတွက် ရဲဘက်က ပြန်လည် ကိုင်တွယ်နေသလို ပုံစံဖြစ်အောင် စီစဉ်ထားပုံ ရပါတယ်၊ တကယ်တန်းကတော့ စစ်ဒေသကသာ ဆက်လက် ကိုင်တွယ်နေတာပါ။
ယခု ကင်းလှည့် အစီအစဉ်များတွင် ၂၀ ခန့် မကသော ယဉ်ထိန်းရဲများပါ ပါဝင်နေပါတယ်။
-------------------------
လွှင့်တင်ချိန် - ဧပြီ ၂၇ ရက်၊ ၂၀၀၈ ခုနှစ် ၁၆း၁၀ - မြန်မာစံတော်ချိန်
ထရိတ်ဒါးဟိုတယ်အနီး ရဲ တဒါဇင်ကျော် ကင်းလှည့်နေသည်။
ကျောင်းသားခေါင်းဆောင်တဦး အဆိုအရ ယနေ့ နံနက်က သာကေတ တံတားအနီး သံဃာတော်အချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ကားနှင့် ခေါ်ဆောင်သွားသည်ဟု ပြောသည်။ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
တချိန်တည်းမှာပင် ရန်ကုန်မြို့တွင်း အင်တာနက် သုံးရသည်မှာ အလွန်နှေးနေပြီး လိုင်းပြတ်တောက်မှု မကြာခဏ ဖြစ်ပွားနေကြောင်း သုံးစွဲသူများက ပြောသည်။ ရုံးပိတ်ရက်ဖြစ်၍ အင်တာနက်ကဖေးတွင် သုံးစွဲသူမှာလည်း သာမန်နေ့များထက် ပိုများနေသည်။
-------------------------
လွှင့်တင်ချိန် - ဧပြီ ၂၇ ရက်၊ ၂၀၀၈ ခုနှစ် ၁၅း၄၅ - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ရန်ကုန်မြို့တွင်း သံဃာတော်များ ဦးဆောင်သော စစ်အစိုးရ ဆန့်ကျင်ရေး လမ်းပေါ် ဆန္ဒပြမှုများ ပြန်လည်ဖြစ်ထွန်းအောင် လူစုဝေးမှုများ ယနေ့ ဆက်လက် လုပ်ဆောင်မည် ဆိုသောသတင်းများ ထွက်ပေါ်လာပြီးနောက် အာဏာပိုင်များဘက်မှ စိုးရိမ်မှုများ ရှိနေသည်။
လွန်ခဲ့သည့် မိနစ်အနည်းငယ်က ဝတ်စုံပြည့် လုံထိန်းရဲကား နှစ်စီး တောင်ဥက္ကလာပ မြို့နယ်မှသည် ရန်ကုန်မြို့ထဲဘက် မောင်းနှင်သွားကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။
သံဃာတော်များသည် ဗိုလ်တထောင်ဘုရားနှင့် မိုးကောင်းဘုရားများတွင် စုဝေးမည်ဆိုသော ကောလာဟလများ ထွက်ပေါ်နေသည်။
ရန်ကုန်မြို့ခံ အချို့ကို တယ်လီဖုံးနှင့် ဆက်သွယ်မေးမြန်းရာတွင် သိသာထင်ရှားသော လူအုပ်စုကြီးလိုက် စုဝေးမှုများ မတွေ့ရသော်လည်း ရန်ကုန်မြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ သိသိသာသာ များပြားလာပြီး စစ်ဆေးရေးများ ရှိနေသည်ဟု ပြောသည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တဦး အပြောအရ လုံခြုံရေး တိုးမြှင့်ချထားခြင်းမှာ ဧပြီ ၂၁ ရက်နေ့က ရန်ကုန်မြို့လည်တွင် ဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားပြီး နောက်ပိုင်းကတည်းက အာဏာပိုင်များက ရဲနှင့် စွမ်းအားရှင်များကို လုံခြုံရေးအတွက် တိုးမြှင့် စောင့်ကြည့်ခိုင်းထားခဲ့သည်ဟု ဆိုသည်။
------------------------
ဘုန်းကြီးကျောင်းများအား စီစစ်မှုများ ပြုလုပ်နေလွှင့်တင်ချိန် - ဧပြီ ၂၇ ရက်၊ ၂၀၀၈ ခုနှစ် ၁၅း၃၀ - မြန်မာစံတော်ချိန်
ရန်ကုန်။ ။ ဘုန်းတော်ကြီး ကျောင်းများတွင် သတင်းသုံးနေသည့် သံယာများအား ညဘက် အချိန် အပြင်ထွက်ခြင်းများ၊ ခရီးသွားလာမှုများ၊ ဘုန်းတော်ကြီးကျောင်းများသို့ ဧည့်သည် လာရောက် တည်းခိုမှုများအား ကြပ်မတ် စီစစ်နေသည်၊ ။
ရွှေတိဂုံဘုရား ကုန်းတော်ပေါ်သို့ တက်ရောက်ရန် သံဃာတော်အချို့မှ ယမန်နေ့က ကြိုးစားခဲ့သည်ဟူသော သတင်း မထွက်ပေါ်ခင် ကတည်းက အာဏာပိုင်များက ဘုန်းကြီးကျောင်းများကို စောင့်ကြည့်သွားရန် ညွန်ကြားမှုများ ပြုလုပ်ခဲ့သည်၊
ရွှေတိဂုံ အရှေ့ဘက်မုဒ် ဗဟန်း ဈေးအနီးတွင် လုံခြုံရေး တိုးမြင့်ချထားခြင်း၊ အနီးဝန်းကျင်တွင် ( သွေးဆေးကန်အနီး ) တပ်ချ ထားခြင်းဖြင့် အစိုးရဘက်မှ ပြင်ဆင်မှုများ ရှိနေခဲ့သည်။
|