အင်တာဗျူး မြန်မာ့အရေးဟာ "ထိပ်တိုက် ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်" (ပြည်တွင်း သပိတ်ကော်မတီနှင့် အင်တာဗျူး)
မြန်မာ့အရေးဟာ "ထိပ်တိုက် ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်" (ပြည်တွင်း သပိတ်ကော်မတီနှင့် အင်တာဗျူး) Print E-mail
မောင်ဒီး   
စနေနေ့၊ မတ်လ 22 2008 21:53 - မြန်မာစံတော်ချိန်

မြန်မာနိုင်ငံအတွင်း အထွေထွေ သပိတ်တိုက်ပွဲ ကော်မတီတခု မတ်လ ၁၈ ရက်နေ့က တည်ထောင်လိုက်ကြောင်း မဇ္ဈိမသို့ ပြည်တွင်း လျှို့ဝှက်လှုပ်ရှားနေသူများက အကြောင်းကြားလာခဲ့သည်။ "မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ တပ်ပေါင်းစု အထွေထွေ သပိတ် တိုက်ပွဲ ကော်မတီ" ဆိုသော ထိုအဖွဲ့က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကိုသာလျှင် အသိမှတ်ပြုထားပြီး သုံးပွင့်ဆိုင် ဆွေးနွေးရေးကို တောင်းဆိုထားသည်။ စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲမှု၊ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲလုပ်မည့် အစီအစဉ်များကို အသိအမှတ် မပြုကြောင်း ကြေညာထားသည်။ မဇ္ဈိမမှ မောင်ဒီးက သပိတ်တိုက်ပွဲ ကော်မတီ ပြောရေးဆိုခွင့်ရှိသူတဦးကို စနေနေ့ မတ် ၂၂ ရက်၊ ၂ဝဝ၈ ခုနှစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။  ။ အထွေထွေ သပိတ်ခေါ်တယ် ဆိုတော့ စလုပ်မယ်ဆိုရင် ဘယ်အချိန်လောက်က စမယ် ဆုံးဖြတ်ထားပါသလဲ။

ဖြေ။  ။ ကျနော်တို့ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ထားတာက ဒီလ နောက်ဆုံးအပတ်ကနေ စပြီး အစီအစဉ် ဆွဲပြီပဲ။ ဒီလ နောက်ဆုံးအပတ်က စပြီးတော့ သူတို့ (နအဖ) ရဲ့ ၅ လပိုင်းဆိုတာကို မရုပ်သိမ်းမချင်း ကျနော်တို့ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ ကျနော်တို့က တိုင်းကြီး ၄ ခုကို အခြေခံတာ။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ဆိုပြီး တိုင်း ၄ ခုကို အခြေခံပြီး အဲဒီကနေစပြီး အကောင်အထည်ဖော်မှာပါ။ 

မေး။   ။ အခုလို သပိတ်ခေါ်တယ် ဆိုတော့ အစိုးရရဲ့ ဆန္ဒခံယူပွဲနဲ့ လမ်းစဉ် ၇ ဆင့်ပါတဲ့ လမ်းပြမြေပုံကိုပါ ကန့်ကွက်ထားတဲ့ သဘောလား။

ဖြေ။  ။ အကုန်လုံးကို ကန့်ကွက်တယ်။ ကျနော်တို့က နအဖ ထုတ်ပြန်ထားတဲ့ ဥပဒေ မှန်သမျှကို ကန့်ကွက်သွားမယ်။ ၁၉၉ဝ ရွေးကောက်ပွဲကို သူတို့ အသိအမှတ်မပြုသမျှ ကာလပတ်လုံး ကျနော်တို့က ဆန့်ကျင်မှာပဲ။

မေး။   ။ လာမယ့် မေလမှာ ပြည်သူလူထုအနေနဲ့ မဲထည့်သင့် မထည့်သင့်၊ ဒါမှမဟုတ် ဘယ်လို ဆန့်ကျင်ရမယ် ဆိုတာကို ပြည်သူလူထုကို လှုံ့ဆော်ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ။  ။"ကျနော်တို့ စဉ်းစားတာက မဲဆိုတဲ့ အဆင့်ကို မစဉ်းစားတော့ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ ပြည်တွင်းရေး အခြေအနေ ကာလက စကားဝိုင်းနဲ့ စကားပြောရတော့မယ့်ကာလ မဟုတ်တော့ဘူး။ သူနဲ့ ကိုယ်နဲ့က Confrontation ပေါ့ဗျာ။ ထိပ်တိုက် ရင်ဆိုင်ပြီး တွေ့ဆုံဖို့ပဲ ရှိတော့တယ်။ ဆရာကြီး လူထုစိန်ဝင်း ပြောသွားတဲ့အတိုင်းပဲ။ ကျနော်တို့ သားစဉ်မြေးဆက် ခံစားရတော့မယ့်ဟာကြီးတခုကို ရင်းရတော့မယ်ဗျာ။ ဒီကာလက ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ပြောသွားတယ်။ အကောင်းဆုံး ရရှိဖို့ဆိုရင် အဆိုးဆုံးကို ရင်ဆိုင်ရမယ်။

မေး။  ။ တကယ်လို့ အဲလို သပိတ်ကို ဆင်နွှဲမယ်ဆိုရင် စက်တင်ဘာလို သွေးချောင်းစီးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကြိုတင် စဉ်းစားထားမိပါသလား။

ဖြေ။  ။ ဒီတခေါက်လည်း သွေးချောင်းစီးမှု ဖြစ်မှာပဲ။ ကျနော်တို့ အဆင့် ၃ ဆင့်နဲ့ လုပ်မယ်။ ဒါပေမယ့် ကျနော်တို့ လုပ်မယ်။ ပထမအဆင့် ကျနော်တို့ လုပ်မယ်။ သူတို့ဖက်ကလည်း လုပ်သင့်တာ သူတို့လုပ်ကြမယ်။ လုပ်ရင် ဒုတိယအဆင့် ကျနော်တို့ ဆက်ထွက်မယ်။ တတိယအဆင့် ဆိုင်မယ် အပြတ်ပဲ။ ပထမအဆင့်ကတည်းက ကျနော်တို့ အပြတ်လုပ်မှာပဲ။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved