တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > အင်တာဗျူး > “နိုင်ငံရေးကျောင်းသား” Hip hop အဆိုတော် ရသ

“နိုင်ငံရေးကျောင်းသား” Hip hop အဆိုတော် ရသ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ သူ့ကိုယ်သူ နိုင်ငံရေးကျောင်းသားဟု ဆိုလာသူ Hip hop အဆိုတော် ရသ သည် လွှတ်တော်အမတ် ဦးသိန်းညွန့် ဦးဆောင်ကာ တနင်္လာနေ့တွင် ဖွဲ့စည်းလိုက်သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်၏ အဓိက ပါတီဝင် ဦးရေ ၂ဝ ထဲတွင် ပါဝင်သည်။
 
ရသ ၏  ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ်အမြင်၊ နိုင်ငံရေးခံယူချက်၊ အနာဂတ် မြန်မာနိုင်ငံအတွက် ရည်မှန်းချက်၊ လွှတ်တော်အပေါ် သဘောထား၊ လက်ရှိအစိုးရအပေါ် အမြင်၊ အနာဂတ် လွှတ်တော်အတွင်း ရသ လုပ်ဆောင်ရန် ရည်မှန်းထားချက်များ စသည်တို့ကို မဇ္ဈိမသတင်းထောက် မျိုးသန့်က မေးမြန်းထားပါသည်။

 
အမျိုးသားဒီမိုကရေစီပါတီသစ် ထူထောင်ရာမှာ ပါဝင်သူတယောက်ဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ရှိလို့လား။
 
“မရှိပါဘူးဗျ။ ကျနော့်အသက် ငယ်ပါသေးတယ်။ နိုင်ငံရေးကျောင်းသားပဲ ရှိပါသေးတယ်”
 
နိုင်ငံရေးမှာ ပါဝင်လာတာက တစုံတယောက် တိုက်တွန်းတာကြောင့်လား။
 
“ဒီအလုပ်က ကျနော့်စိတ်နဲ့ ကျနော့်ကိုယ်နဲ့ လုပ်ခဲ့တာပါ။ ဘယ်ပတ်ဝန်းကျင်ကမှ ကျနော့်ကို အားပေးတိုက်တွန်းတာမျိုး မရှိပါဘူး။ ကျနော့်မိဘတွေကတော့ စိတ်ပူတာပေါ့”
 
ကိုရသရဲ့ နိုင်ငံရေး နောက်ခံအခြေအနေကကော ဘယ်လိုရှိပါသလဲ။
 
“နိုင်ငံရေး အတွေ့အကြုံတော့ မရှိဘူးဗျ”
 
လောလောဆယ်မှာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေကော ဘာတွေ လေ့လာနေလဲဗျ။
 
“ကျနော် အခုလောလောဆယ်မှာ သမိုင်းကို အရင်လေ့လာနေပါတယ်။ သမိုင်းကို ပုဂံမင်းဆက်တွေကနေပြီးတော့ ကုန်းဘောင်မင်းဆက် ပြုတ်တဲ့အထိပေါ့။ ဦးနေဝင်း ခေတ်တုန်းက အခြေအနေတွေကိုလည်း ကျနော် ရှာဖတ်ပါတယ်”
 
ပါတီလှုပ်ရှားမှုအနေနဲ့ကော ဘာတွေ လုပ်နေပြီလဲ။
 
“ပါတီနဲ့ ပတ်သက်တာတော့ ကျနော်တို့က အခုမှ စတာဆိုတော့ ဘာမှတော့ မလုပ်ဖြစ်သေးဘူးခင်ဗျာ့။ ဒီလိုမျိုးပဲ အစည်းအဝေး ခေါ်တယ်၊ တွေ့တယ်။ အဲဒီလောက်ပဲ ရှိပါသေးတယ်”
 
ပါတီသစ်မှာကလည်း လွှတ်တော် ကိုယ်စားလှယ်တွေ များတယ်ဆိုတော့ သူတို့ဆီကကော နိုင်ငံရေး အတွေ့အကြုံတွေ လေ့လာမှု မရှိဘူးလား။

“သူတို့က အခုလက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်နေတော့ သူတို့ ဘာတွေ လုပ်နေတယ် ဆိုတာလည်း
 လေ့လာပါတယ်။ သူတို့အနားမှာ နေပြီးတော့ ကျနော်သိသလောက်ပေါ့။ လူငယ်တယောက်အနေနဲ့ အစည်းအဝေးတွေမှာ ဝင်ပြီးတော့ ဆွေးနွေးတာတွေ လုပ်ပါတယ်။ သူတို့ကလည်း ဘယ်စာအုပ် ဖတ်သင့်တယ်၊ ဘယ်စာအုပ် ဖတ်ပါ၊ အဲဒီလိုမျိုးတွေ ပြောတာရှိပါတယ်”
 
အဆိုတော်တယောက်အနေနဲ့ ဘယ်လိုကြောင့် နိုင်ငံရေးကို စိတ်ဝင်စားလာတာလဲ။
 
“ဘာ့ကြောင့် စိတ်ဝင်စားတာလဲဆိုတော့ သမိုင်း၊ ခုနှစ် သက္ကရာဇ်တခုအနေနဲ့ တွက်ကြည့်မယ်ဆိုရင် ဒီကနေ့ ဒီခေတ်မှာ ကျနော်တို့အနေနဲ့ ဒီအလုပ် လုပ်သင့်တယ် ထင်လို့ပါ။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံရေးမှာ အခုအခြေအနေဟာ ခါးဆက်ပြတ်နေတယ်။ အကုန်လုံးက လန့်နေကြတယ်၊ ကြောက်နေကြတယ်။ ရှေ့ကနေပြီးတော့ ဘယ်သူမှ မလုပ်ဘူးဆိုရင် သူတို့ ပိုပြီးတော့ ကြောက်နေလန့်နေကြမယ်။ အဓိကကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ချင်လို့ပါ”
 
လွှတ်တော်ထဲရောက်ရင် ကိုရသ ဖြစ်စေချင်တဲ့ ဒီမိုကရေစီစနစ်မျိုးကို အကောင်အထည်
 ဖော်နိုင်မယ်လို့ မျှော်လင့်လို့ ရနိုင်လား။

 
“ကျနော်တို့နိုင်ငံမှာ ပြည့်စုံတဲ့ ဒီမိုကရေစီပေါ့။ ဥပမာ - အမေရိကား ဒီမိုကရေစီ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့ နောက်အနှစ် ၂ဝ မှာ ကျနော်တို့ မြန်မာနိုင်ငံဟာ ကိုယ်ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ဖြေရှင်းနိုင်တဲ့၊ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ဒီမိုကရေစီ ဖြစ်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်”
 
နောက်အနှစ် ၂ဝ အတွက် ကိုရသရဲ့ နိုင်ငံရေးမျှော်လင့်ချက် ဘယ်လိုရှိပါသလဲ။
 
“မျှော်မှန်းချက်ကတော့ နောက် အနှစ် ၂ဝ ပေါ့နော်။ နှစ် ၂ဝ၊ နှစ် ၂ဝ ပြောင်းတိုင်း ပြောင်းတိုင်းမှာ ကမ္ဘာကြီးက
 ပြောင်းသွားသလိုမျိုး ကျနော်တို့ မြန်မာနိုင်ငံကလည်း ကမ္ဘာကြီးပြောင်းသလိုမျိုး လိုက်ပြောင်းဖို့လိုပါတယ်။ ကျနော်တို့နိုင်ငံဟာ နိုင်ငံရေး ပြဿနာတွေ အများကြီးရှိခဲ့တယ်၊ လူမှုရေးပြဿနာတွေ အများကြီးရှိတယ်။ အဲဒါတွေဟာ နှစ် ၂ဝ မှာ ကျနော့်ရဲ့ တွက်နည်းပေါ့နော်။ နောက်အနှစ် ၂ဝ မှာ တခုခု ပြောင်းလဲကို
 ပြောင်းလဲရမယ် ခင်ဗျာ့။ အဲဒီ အနှစ် ၂ဝ မှာ ကျနော်တို့ အလုပ်တခုခု လုပ်နေတာဖြစ်ရမယ်။ အဲဒါကြောင့် ကျနော် ဒီလွှတ်တော်ရွေးကောက်ပွဲကို လိုက်သင့်တယ်ထင်လို့ ကိုယ့်ဟာကိုယ် ကျနော် ဆုံးဖြတ်လိုက်တာပါ”
 
လွှတ်တော်ထဲဝင်ဖို့ တချို့ကလည်း ပါတီထောင်ကြတယ်။ အဲဒီပုဂ္ဂိုလ်တွေထဲက တချို့ကလည်း လွှတ်တော်ထဲမှာ လုပ်ပိုင်ခွင့် မရှိဘူးလို့ ညည်းကြပါတယ်။ ဒီအခြေအနေမှာ ဘာ့ကြောင့် လွှတ်တော်
 နိုင်ငံရေးကို စိတ်ဝင်စားရတာလဲ။

 
“လွှတ်တော် နိုင်ငံရေးကို ဝင်သင့်၊ မဝင်သင့် ကျနော် စဉ်းစားကြည့်တာတော့ လွှတ်တော်ထဲဝင်တဲ့ လမ်းကြောင်းဟာ မှန်တယ်လို့ ကျနော်ထင်လို့ ကျနော် ဝင်လိုက်တာပါ။ ကျနော်တို့ တဖြည်းဖြည်း လုပ်သွားရမှာပါ”
 
မတ်လ လွှတ်တော်မှာ လွှတ်တော်ထဲဝင်ကြတဲ့ အမတ်တွေ တင်ပြတောင်းဆိုတဲ့ အဆိုပြုချက်တွေ၊
 မေးခွန်းတွေဟာလည်း အရာမရောက်ဘူးလို့ ကြားရတယ်။ ကိုရသတို့ လွှတ်တော်ထဲ ရောက်သွားရင် ဒီအခြေအနေ ကြုံရရင် ဘယ်လိုလုပ်မလဲ။

 
“ဒါကတော့ ဒီမိုကရေစီရဲ့ ကကြီးရေ က၊ စ ရေစ ရတဲ့အချိန်မှာ ဒီပြဿနာတွေကတော့ ရှိဦးမှာပဲ။ ဒီမိုကရေစီ ဆိုပေမယ့်လည်း အဲဒီလိုမျိုး အထိန်းအချုပ်တွေပေါ့နော်။ ဒါတွေက ကနဦး အစပျိုးတဲ့ အချိန်မို့လို့ ရှိနေသေးတာလို့ ကျနော် ထင်တာပဲ။ နောက်ဆိုရင်တော့ မရှိတော့ဘူးလို့ ထင်ပါတယ်”
 
၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲမသာမှုတွေ ရှိခဲ့တယ်လို့ ကြားရပါတယ်။ အခုလက်ရှိအစိုးရကလည်း စစ်တပ်ကနေ အသွင်ပြောင်းထားတဲ့ အစိုးရလို့ ဝေဖန်ကြပါတယ်။ ဒီအခြေအနေအပေါ်မှာ လက်ရှိအစိုးရကို ယုံကြည်လို့နိုင်မလား။
 
“အစိုးရကို ယုံကြည်လို့ ရမလားဆိုတော့ ကျနော် သူတို့နဲ့ မဆက်ဆံဖူးတော့ မသိပါဘူး။ ကျနော်ကတော့ သူ့ကိုလည်း ယုံကြည်ချင်တယ်၊ ကိုယ့်ကိုလည်း သူယုံစေချင်တယ်။ တနိုင်ငံလုံး တယောက်နဲ့တယောက် ယုံကြည်မှုရှိမှ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒီလိုမဟုတ်ရင်တော့ ဘယ်လိုမှ ရှေ့ဆက်သွားလို့ရမှာ မဟုတ်ဘူး။ လွှတ်တော်
 ရွေးကောက်ပွဲလမ်းက သွားရင် ပိုပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြောင်းလဲနိုင်မယ် ထင်ပါတယ်”
 
တကယ်လို့ လွှတ်တော်ထဲ ရောက်သွားရင်ကော ဘာတွေကို ဦးစားပေးလုပ်နိုင်မလဲ။
 
“ကျနော့် အဓိကရည်မှန်းချက်က ပညာရေးပါပဲ။ ကျနော်တို့ရဲ့ ပညာရေးဟာ ခေတ်မီတယ်လို့ ပြောပေမယ့် တယောက်နဲ့တယောက် ညာနေရတဲ့ကိစ္စကို ကျနော် ထင်သာမြင်သာဖြစ်အောင် ပိုပြီးပွင့်လင်းတဲ့ ပညာရေးမျိုး
 ဖြစ်အောင် ကျနော် လုပ်ချင်ပါတယ်”
 
အခုလက်ရှိပညာရေးကို ကိုရသက ဘယ်လိုမြင်လို့ ပြုပြင်ပြောင်းလဲချင်တာလဲ။
 
“ဘယ်လိုမျိုး ဖြစ်နေလဲဆိုတော့ ကျနော်တို့ လက်ရှိ ပညာရေးစနစ်ဟာ တရားခံတယောက်ကို စစ်သလိုမျိုး ကျနော် ခံစားရတယ်။ တရားခံစစ်သလိုမျိုးဆိုတာ လက်ပိုက်ပြီး စာဆိုခိုင်းတာမျိုး၊ ကြိမ်လုံးနဲ့ ရိုက်တာမျိုး။ ကျောင်းသားတွေကို တကယ်တော့ ဦးဆောင်စေရမယ်။ ပုံနှိပ်စာအုပ်ကြီး တခုထဲနဲ့ ချုပ်ကိုင်မထားဘဲနဲ့ ကျောင်းသား သင်ယူလိုတဲ့
 ပြဋ္ဌာန်းချက်မျိုး ဖြစ်ရမယ်။ ကျနော်တို့ဟာ အင်္ဂလိပ်စာ အခြေခံကို ကောင်းကောင်းမွန်မွန် မသင်နိုင်ဘူး။ အဲဒီတော့ ဇီဝဗေဒတို့၊ ဓာတုဗေဒတို့ကို အင်္ဂလိပ်လို သင်ရတဲ့အခါကျတော့ ကလေးတွေက စာကို အလိုလိုကြောက်သွားတယ်။ စာကိုကြောက်သွားတဲ့အတွက် စာမေးပွဲမှာ စာကိုကျက်ပြီးတော့ ကျော်လိုက်တယ်။ အဲဒီတော့ သူ့ရင်ထဲမှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ စာမေးပွဲပြီးသွားတော့လည်း စာအုပ်ကို ယောင်လို့တောင် ကောက်ကိုင်တော့မှာ မဟုတ်ဘူး။ စာမဖတ်တော့တဲ့ လူငယ်တယောက် ဖြစ်သွားပြီ။ အဲဒါဟာ အခု ပညာရေးစနစ်ကြောင့်ပဲ”
 
ခုန ကိုရသပြောတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ လက်ရှိအစိုးကလည်း ကြိုးပမ်းနေတယ်လို့ ကြွေးကြော်နေတာပဲ။ ကိုရသ ဖြစ်စေချင်တဲ့ ဒီမိုကရေစီစနစ်ကို အစိုးရသစ်အနေနဲ့ အကောင်အထည် မဖော်တာကြောင့် ပါတီနိုင်ငံရေးမှာ ဝင်ပါတာလား။
 
“အကောင်အထည် ဖော်နေလား၊ မဖော်လားဆိုတာတော့ ကျနော် မပြောတတ်ဘူး။ ကျနော်တို့ အကုန်လုံးကတော့
 မျှော်လင့်နေကြတာပဲ။ အကောင်အထည်တော့ ဖော်စေချင်တာပေါ့။ တစတစတော့ ဥပမာ - စာပေစိစစ်ရေးမှာ ဥပဒေ နှစ်ပိုင်းခွဲပြီး လုပ်ပေးတာတို့ အဲဒါမျိုးလေးတွေ လုပ်နေတာတော့ တွေ့ရတယ်။ အခုဟာကတော့ ရက်နည်းနည်းနဲ့တော့ လုပ်နိုင်ဦးမယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်မှာက အခြေခံ အဆင့်ကအစ အပေါက်တွေ အများကြီးပဲ ဖာစရာက”
 
ဟုတ်ကဲ့ အဲဒီအပေါက်တွေက ဘာတွေပါလိမ့်ဗျာ။
 
“ကျနော်ကတော့ အသေးဆုံးပေါ့နော်၊ ရပ်ကွက်စကားနဲ့ပဲ ပြောရမယ်ဆိုရင်တော့ ရေမြောင်းလေးကို ဒီအတိုင်း ထားမယ့်အစား ကွန်ကရစ် ရေမြောင်းလေး လုပ်လိုက်မယ်ဆိုရင် တခါကုန်ပဲလေ။ ဘိလပ်မြေကလည်း ကျနော်တို့ တိုင်းပြည်က ထွက်တာပဲ။ လမ်းတွေကိုလည်း အဲဒီလို လုပ်ပေးလိုက်ရင်တော့ ဒုက္ခတွေ နည်းနည်း သက်သာသွားမယ်လို့ ထင်တယ်”
 
ဒီလိုကိစ္စတွေကို အစိုးရသစ်အနေနဲ့ လုပ်ဆောင်နေတာတွေ မြင်နေရပြီလား။
 
“တချို့ကိစ္စတွေကိုတော့ သူတို့ အကောင်အထည် ဖော်တာရှိပါတယ်။ သူတို့ အကောင်အထည် မဖော်ရသေးတဲ့ ဟာတွေကိုလည်း ကျနော်တို့ပါတီကနေ ပြောပါ့မယ်”
 
ကိုရသတို့လို လူငယ်အနုပညာရှင်တွေပေါ့၊ နိုင်ငံရေးမှာ ပါဝင်မှုနည်းတာ တွေ့ရပါတယ်။ ဘာ့ကြောင့်လို့ထင်လဲ။
 
“နိုင်ငံရေးလုပ်တာဟာ သေချာတာကတော့ ဘာမှ အာမခံချက်မရှိဘူး။ လူငယ်တယောက်အနေနဲ့ကော လူငယ်တယောက်ရဲ့ မိဘအမြင်နဲ့ကောပေါ့။ မိဘတွေကလည်း ဒီစနစ်ကို မျက်ဝါးထင်ထင် ကျော်လွန်ဖြတ်သန်းလာတဲ့ အခါကျတော့ မိဘတွေကလည်း သူ့သားသမီးတွေကို တခုခုဖြစ်မှာ စိုးရိမ်မှာပဲ။ ဒါမျိုးဆိုတာ စိတ်မဝင်စားတဲ့ ကိစ္စမျိုး ဖြစ်သွားတယ်၊ အဲဒါကြောင့်ပါ”
 
မြန်မာလူငယ်တွေရဲ့ လက်ရှိအခြေအနေကို ကိုရသ ဘယ်လိုမြင်လဲ လူငယ်တွေရဲ့ အခန်းကဏ္ဍကကော ဘယ်လိုရှိလဲ။
 
“လူငယ်တွေရဲ့ အခန်းကဏ္ဍကို စဉ်းစားပြီးတော့ စာရွက်ထဲမှာ ရေးချမယ်ဆိုရင်တောင် တော်တော်လေးကို နည်းပါးတဲ့ ကာလဆိုတာကို ကျနော် မြင်ရပါတယ်။ နောက်တခုက အလုပ်အကိုင် အခွင့်အလမ်းပါ။ လူငယ်တော်တော်များများက ဘွဲ့ရပြီးရင် ဘာလုပ်မလဲဆိုတာလည်း မသေချာဘူး၊ အာမခံချက်မရှိဘူး။ အဲဒီလိုမျိုး လူငယ်တွေရဲ့ အခန်းကဏ္ဍ ပိုပြီးတော့ ပွင့်လန်းလာအောင် ကျနော် လုပ်ပေးချင်လို့ပါ”
 
လောလောဆယ်မှာကော အနုပညာအလုပ် ဘာတွေလုပ်နေလဲဗျ။
 
“ကိုယ့်ဟာကိုယ် လူငယ်တွေနဲ့ ပတ်သက်တဲ့ Documentary လေးတခု လုပ်ဖို့ ကြိုးစားနေပါတယ်။ နာမည်ကတော့ ဥပမာ ခေတ်လူငယ်နဲ့ Something ပေါ့၊ အဲဒါတွေကို စီးရီးအလိုက် တခုပြီးတခု လုပ်သွားဖို့ ကျနော် စဉ်းစားနေပါတယ်။ ခေါင်းစဉ်လေးတွေ ရွေးနေပါတယ်”
 
ကိုရသတို့လို နိုင်ငံရေးကို စိတ်ဝင်စားတဲ့လူငယ်တွေကိုကော နောက်ဆုံးအနေနဲ့ ဘာပြောချင်ပါလဲ။
 
“အဓိကကတော့ ကိုယ်တာဝန်ကျတဲ့ အခန်းကဏ္ဍကနေ အကောင်းဆုံး လုပ်သွားနိုင်ရင်တော့ လူဖြစ်ရကျိုးနပ်မယ်လို့ ကျနော် ထင်ပါတယ်။ လူငယ်တွေကလည်း ကိုယ့်တိုင်းပြည်အပေါ်ကို စိတ်ဝင်စားရမယ်ပေါ့နော်။ ကိုယ့်တိုင်းပြည် အပေါ်ကို မျှော်လင့်ချက် ထားကြပါလို့ ပြောချင်ပါတယ်”