အင်တာဗျူး ရိုးသားတဲ့ နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင်(အင်တာဗျူး)
ရိုးသားတဲ့ နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင်(အင်တာဗျူး) Print E-mail
မောင်ဒီး   
တနင်္လာနေ့၊ မတ်လ 10 2008 22:19 - မြန်မာစံတော်ချိန်

မြန်မာပြည်သူများ၏ ရင်ထဲတွင် နှစ်ပေါင်းများစွာ စွဲလမ်းနေရာယူစေခဲ့သည့် နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင် သည် ယနေ့နံနက်ပိုင်းက အစာအိမ် သွေးကြောပေါက်ရောဂါကြောင့် အသက် ၅၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သူ့ကျန်းမာရေး၊ သူ့ဂီတဘဝနှင့် ရိုးသားမှုအကြောင်းကို သိရှိနိုင်ရန်အတွက် ဇနီးဖြစ်သူ ဒေါ်ခင်သန်းစိုးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားပါသည်။

sai-htee-saing-

မေး။ ဦးထီးဆိုင် ဘယ်လိုဆုံးသွားတာလဲခင်ဗျ။

ဖြေ။ အစာအိမ်ကနေ သွေးကြောပေါက်သွားတာပါ။ လွန်ခဲ့တဲ့ ၂ဝဝ၇ သြဂုတ်လလောက်တုန်းကလည်း အခုလို အစာအိမ် သွေးကြော ပေါက်သေးတယ်။ အဲဒါနဲ့ အင်ဒိုစကိုပီ (endoscope)တွေနဲ့ သားရေကွင်းနဲ့ သွေးကြောလေးတွေကို ထုံးထားတာပေါ့နော်။ အဲဒီကနေ အသည်းကလည်း နည်းနည်းမကောင်းလို့ အဲလို ဖြစ်တာပေါ့နော်။ ဒါပေမဲ့ ဆရာဝန်ကြီးတွေနဲ့ ကုပြီးတဲ့နောက်ပိုင်းမှာတော့ ကျန်းတော့ ကျန်းမာတာပေါ့နော်။ သီချင်းတွေ ဆိုနေတာပါပဲ။ ခရီးတွေ ဘာတွေလည်း သွားပါတယ်။ အခု နောက်ဆုံး တာချီလိတ်ခရီးသွားပြီးနောက်မှာ အဲလိုဖြစ်တာပဲ။ ဗိုက်ဖောင်းလာတယ်။ ရေဖျင်းပေါ့။ ရေဖျင်းဖြစ်လာတာပေါ့နော်။ အဲဒီကနေ သူက နာလာတော့ ဆေးရုံတက်လိုက်တယ်။ သူပြနေကျ ဆရာဝန်ကြီးနဲ့ ပြတော့ ဆရာဝန်ကြီးက လုပ်ပေးပါတယ်။ ဒါပေမဲ့ ရောဂါက နည်းနည်းရင့်နေတော့လေ မရတော့ဘူးပေါ့နော်။ ဒီကနေ့ မနက် ၅ နာရီ ၄၅ မှာ ဆုံးသွားတာပါ။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ Ward မှာပါ။

မေး။ ဦးထီးက သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ ဆရာဝန်ကို တော်တော် အားကိုးခဲ့ပုံပဲနော်။

ဖြေ။ ကိုထီးကတော့လေ ဆေးပညာကိုလည်း နားမလည်ဘူး ဆိုတော့ သူက ဆရာဝန်ဆိုရင် အရမ်းအားကိုးတာ။ သူက ဆီးချို၊ သွေးချိုလည်း ရှိတယ်။ ဆီးချို၊ သွေးချိုက ဖြစ်တာ ၈ နှစ်လောက်ရှိပြီ။ အဲဒီရောဂါအတွက်တော့ ဆရာကြီး ဦးတင့်ဆွေလတ်နဲ့ ပြတာပေါ့။ ဆရာကြီးက အရမ်း ဂရုစိုက်ပေးခဲ့တာပေါ့နော်။ အခုအစာအိမ် သွေးကြောပေါက်တာတော့ ဆရာကြီး Professor ဦးသိန်းစောပေါ့။ သူကလည်း ဆရာကြီးကို အရမ်းလည်း အားကိုးတယ်လေ။ ဆရာကြီးက သူ့ကို အရမ်းကြီး ဂရုစိုက်ပါတယ်။ သူများနဲ့ကို မတူပါဘူး။

မေး။ နောက်ဆုံးသွားတဲ့ တာချီလိတ်စတိတ်ရှိုးက ဘယ်တုန်းကလဲခင်ဗျ။

ဖြေ။ တာချီလိတ်ခရီးက ဖေဖော်ဝါရီ ၉ ရက်နေ့မှာပါ။ မသွားခင်ကတည်းက သူက ဗိုက်က နည်းနည်း ဖြစ်တယ်။ နည်းနည်းဖြစ်တာက ဗိုက်က အရမ်းလည်း မဖောင်းသေးဘူး။ နာလည်း သိပ်မနာသေးဘူး။ အစာမကြေ ဖြစ်တာလောက် ရှိခဲ့တယ်။ အဲလိုဖြစ်ပေမယ့်လည်း ပွဲတွေက လက်ခံထားပြီးသား ဆိုတော့လေ ပြန်လာမှပဲ ဆရာကြီးနဲ့ ပြမယ်ဆိုပြီး ဆိုဖြစ်အောင် ဆိုလိုက်တာပေါ့နော်။ LAZY CLUB နဲ့ပါ။ ရဲလေးတို့၊ ချစ်သုဝေတို့၊ L Seng Zi တို့နဲ့ဆိုတာ။

မေး။ သူမဆုံးပါးခင် နောက်ဆုံးဆိုသွားတဲ့ သီချင်းအခွေက ဘယ်ဟာလဲခင်ဗျ။

ဖြေ။ ဆုန်သင်းပါရ်၊ ရတနာဦးတို့နဲ့ ၃ ယောက်ပေါင်းဆိုထားတဲ့ သီချင်းခွေလေးပါ။ ‘ဝတ်မှုံခရီး’ စီးရီးပါ။ ကိုထီးကတော့ နှစ်ပုဒ်ထဲ ဆိုတာပါ။ ဆရာလိတ်ရဲ့ သီချင်းတပုဒ်နဲ့ တေးရေးဆရာ ခန့်မော်ရဲ့ သီချင်းတပုဒ်၊ နှစ်ပုဒ်ထဲ ဆိုထားတာပါ။

မေး။ သူ ထုတ်ခဲ့တဲ့ စီးရီးခွေတွေ ဘယ်လောက်ရှိမလဲဗျ။

ဖြေ။ မှတ်တမ်းအတိအကျတော့ မရှိပါဘူးရှင့်။ သူကလည်း လူပျိုဘဝ အိမ်ထောင်မကျခင် ကျောင်းသားဘဝကထဲက လုပ်ခဲ့တာလေးတွေကလည်း ဟိုတုန်းကတော့ အခွေရယ်လို့လည်း မဟုတ်ဘူးလေ။ အခုခေတ်လိုလည်း စီးပွားရေးပုံစံလည်း မဟုတ်ဘူးလေ။ စီးရီးပေါင်းကတော့ ၅ဝ ကျော်လောက်ရှိပါတယ်။

မေး။ ကလေးဘယ်နှစ်ယောက် ရခဲ့လဲ။

ဖြေ။ သားတယောက်နဲ့ သမီး ၂ ယောက်ပါ။ သားအကြီးဆုံးက စိုင်းခိုက်ခမ်းပါ။ အသက်က ၂၂ နှစ်ရှိပြီ။ သမီးအကြီးဆုံး နန်းဆမ်ဟုန်ပါ။ အသက်က ၁၈ နှစ်။ အငယ်ဆုံးကလေးက နန်းယုခေါင်ပါ။ ၁၅ နှစ်ပါ။ သူတို့လေးတွေလည်း အရမ်းခံစားရပါတယ်။ ကျမတို့ သားအမိတွေက ကိုထီးကိုပဲ အားထားရတာပေါ့နော်။ စားဝတ်နေရေး၊ အစစ အရာရာပေါ့နော်။

မေး။ အိမ်ထောင်သက်တမ်းကရော အမ။

ဖြေ။ ၈၄ ခုနှစ် အိမ်ထောင်ပြုခဲ့တာပါ။ အခုအိမ်ထောင်သက်တမ်းက ၂၄ နှစ် ရှိပါပြီ။

မေး။ ခင်ပွန်းသည်ဖြစ်တဲ့ ဦးထီးကို ဇနီးသည်တယောက်အနေနဲ့ ဘယ်လိုမြင်လဲ၊ ဦးထီးက ဘယ်လို လူစားမျိုးလဲဗျ။

ဖြေ။ ကိုထီးက ရိုးတာပေါ့နော်။ ရိုးရိုးကြီးနဲ့ ခေတ်မီတာလည်း မဟုတ်ဘူး။ ရိုးရိုးသားသားနဲ့ မိသားစုဘဝကိုလည်း သူက ကြိုက်တယ်။ အေးအေးချမ်းချမ်း ဘဝကိုလည်း ကြိုက်တယ်။ သိပ်ဆန်းဆန်းပြားပြားတွေကိုလည်း လက်မခံတတ်ဘူး။ အနုပညာနဲ့ ပတ်သက်ရင်တော့ ငွေကြေးတွေကို သိပ်အာရုံမထားတတ်တဲ့လူ။ သူများကိုလည်း သိပ်အားနာတတ်တဲ့လူ။ အများစိတ်ချမ်းသာဖို့ဆိုရင် လုပ်ပေးချင်တဲ့ လူတယောက်လို့ ရိုးရိုးပဲ မြင်ပါတယ်။

မေး။ ဦးထီးဆိုင်ကို ဘယ်လိုစိတ်မျိုးနဲ့ အိမ်ထောင်ရှင်အဖြစ် ရွေးခဲ့တာလဲ။

ဖြေ။ ရိုးရိုးသားသားလေးဆိုတော့။ သူ့မိဘတွေကလည်း အရမ်းရိုးသားတယ်လေ။ ကိုထီးရဲ့ မိဘတွေကို တွေ့တာနဲ့ပဲ သနားမိတာပေါ့နော်။ ဒီလိုနဲ့ပဲ သူ့ကို ရွေးမိတာပါ။

မေး။ သူ ဆုံးပါးသွားပြီဆိုတော့ စားဝတ်နေရေးအတွက် သားအမိတွေ ဘယ်လိုရပ်တည်ကြမလဲ။

ဖြေ။ နဂိုကတည်းကတော့ ကိုထီးက သီချင်းဆိုတာတခုထဲနဲ့ ရပ်တည်တာလေ။ အခုဘာလုပ်ကြမလဲဆိုတာအတွက် ဘာမှတော့ မစဉ်းစားရသေးပါဘူး။ ကလေး ၂ ယောက်ကလည်း ပညာရေးက ပြီးသလောက် ဖြစ်သွားပြီဆိုတော့။ ဒီလိုပါပဲ။

မေး။ ဦးထီးနဲ့ပတ်သက်ပြီး အမှတ်တရတေးတွေ ထုတ်ဖို့ စဉ်းစားထားပါသလား။

ဖြေ။ မစဉ်းစားရသေးပါဘူးရှင်။

မေး။ ဦးထီးရဲ့ ဂီတလက်တွဲဖော် တေးရေးဆရာကြီး စိုင်းခမ်းလိတ်ကိုရော အကြောင်းကြားထားပါသလား။

ဖြေ။ ဆရာလိတ် မနက်ဖြန်ရောက်မယ်လို့ ပြောပါတယ်ရှင်။ အဆိုတော်အသိုင်းအဝိုင်းတွေကတော့ သတင်းကြားတာနဲ့ ဆေးရုံကိုလာတဲ့လူလာ၊ အခုလည်း အိမ်မှာ ဝိုင်းပြီး ကူညီနေကြပါတယ်။ အိမ်ရှေ့မှာ လိုအပ်တာတွေ လုပ်ပေးနေပါတယ်။ ကိုထီးက လူချစ်လည်း များတယ် ဆိုတော့လေ။

မေး။ နှစ်ပေါင်း ၂ဝ ကျော် လက်တွဲလာတဲ့ ခင်ပွန်းသည်ရဲ့ သီချင်းတွေထဲက အကြိုက်ဆုံးသီချင်း ဘယ်ဟာရှိမလဲ။

ဖြေ။ ကိုထီးသီချင်းတွေက အကုန်ကြိုက်ပါတယ်။ အကောင်းတွေက များတော့ သိပ်တောင် ရွေးလို့ မရပါဘူးရှင်။ ဆရာလိတ်ကလည်း အရေးက ကောင်းတယ်ဆိုတော့လေ။

မေး။ ဦးထီးက အမျိုးသားရေးလုပ်ငန်းတွေလည်း လုပ်တယ် ကြားပါတယ်။

ဖြေ။ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီမှာ ဒုဥက္ကဋ္ဌပါ။

မေး။ ဦးထီးရဲ့ ရုပ်ကလပ်ကို ဘယ်မှာ သင်္ဂြိုလ်မှာလဲ။

ဖြေ။ ကျမတို့ အခု ရေဝေးသုသာန်မှာ ထားပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ဂူသွင်းမှာပါ။

မေး။ အိမ်လိပ်စာလေး ပြောပြပါအုံး။

ဖြေ။ ၃၃၊ ဓမ္မဝိဟာရ၊လမ်း၊ ကျောက်မြောင်း၊ ရန်ကုန်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved