အင်တာဗျူး မလိမ်ညာသဖြင့် တရားစွဲခံရ (ဦးသက်ဝေနှင့် အင်တာဗျူး)
မလိမ်ညာသဖြင့် တရားစွဲခံရ (ဦးသက်ဝေနှင့် အင်တာဗျူး) Print E-mail
နန်းဒေဝီ   
ဗုဒ္ဓဟူးနေ့၊ မတ်လ 05 2008 18:34 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ တိုင်ကြားမည့်စာများ ကွန်ပြူတာသုံး ဖိုင်သိမ်းတံ Memory Stick တခုထဲတွင် လက်ဝယ် တွေ့ရှိမှုဖြင့် ဇန်နဝါရီလက အဖမ်းခံခဲ့ရသူ စမ်းချောင်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ဝေ သည် ယမန်နေ့က ဒုတိယအကြိမ်မြောက် အာမခံနှင့် လွတ်မြောက်လာသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့က မိတ်ဆွေဖြစ်သူ ဦးအုန်းသန်း နိုင်ငံရေးမှုဖြင့် ထိန်းသိမ်း ခံနေရသည်ကို တရားရုံးတွင် သွားရောက် တွေ့ဆုံစဉ် အဖမ်းခံခဲ့ရပြီး ပြည်သူ့ဝန်ထမ်းများကို ဝတ္တရား နှောင့်ယှက်မှုနှင့် ခြိမ်းခြောက်မှု ပုဒ်မ ၃၅၃ နှင့် ၁၈၉ များဖြင့် စွဲဆိုခဲ့သည်။ ထို့နောက် နေ့ချင်းပင် အာမခံဖြင့် လွှတ်ပေးခဲ့ရသည်။  သို့သော် နောက်ပိုင်းတွင် အီလက်ထရောနစ် ဆက်သွယ်ရေးဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၃၃ (က၊ ခ) ပါ ထပ်မံတပ်ပြီး အာမခံ ရုပ်သိမ်းခဲ့ကာ သူ့ကို အင်းစိန် အကျဉ်းထောင်သို့  ပို့ခဲ့သည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်တော့ အီလက်ထရောနစ် အက်ဥပဒေကို အာဏာပိုင်များက ပြန်လည် ရုပ်သိမ်းသွားခဲ့ရာမှ အာမခံ ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားပေး ခိုင်းစေမှုများကို ILO သို့ တိုင်မည့် စာများသည် အတုပါဟု ထွက်ဆိုလျှင် လွှတ်ပေးမည်ဟု ရဲက အပေးအယူ လုပ်ခဲ့ခြင်းကို လက်မခံဘဲ ငြင်းလိုက်သည်တွင် ပုဒ်မများတပ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

မေး။ ဘယ်လို လွတ်မြောက်လာတယ် ဆိုတာ ပြောပြပါအုံး ဦးသက်ဝေ။

ဖြေ။ ကျနော့်ကို ပန်းဘဲတန်း တရားရုံးကနေပြီးတော့ ပုဒ်မ ၃၅၃ နဲ့ ၁၈၉ အရ တရားစွဲထားတဲ့ အမှုက အာမခံ ပေးလို့ရတဲ့အမှု ဖြစ်တယ်လေ။ အဲဒါကြောင့် ထုတ်လွှတ်၊ ထုချေခွင့် ကျနော့်ကို အာမခံ ၂ ယောက် သိန်း ၅ဝ တန်နဲ့ အာမခံတဲ့အတွက် ကျနော့်ကို ထုတ်လွှတ်၊ ထုချေခွင့် ပေးလိုက်တာ။ သိန်း ၅ဝ ပိုင်ဆိုင်ကြောင်း ပိုင်ဆိုင်တဲ့ လူ ၂ ယောက်က အာမခံ ပေးရတယ်။

မေး။ အလုပ်သမား အဖွဲ့ချုပ် (ILO) ကို တိုင်ကြားမယ့် စာတွေ တွေ့တဲ့ Memory Stick ကြောင့် ၃၃ (က၊ ခ) ပုဒ်မတပ် တရားစွဲခံထားတာရော ဘယ်လို အခြေအနေရှိလဲ။

ဖြေ။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပန်းဘဲတန်းတရားရုံးက အဲဒီအမှုကို ပြန် ရုပ်သိမ်းသွားပါတယ်။ ကျနော့်ကို အဲဒီနေ့က အင်းစိန်ထောင်မှာ လာပြီးတော့  ပန်းဘဲတန်းမြို့နယ် တရားသူကြီး ဒေါ်ချယ်ရီ အမိန့်နဲ့ပေါ့ဗျာ။ ထောင်ဝန်ထမ်းတဦးက လာဖတ်ပြသွားပြီးတော့ ဒီအမှုကို ရုပ်သိမ်းတယ် ဆိုတဲ့အကြောင်း လာဖတ်ပြသွားပါတယ်။ အဲဒီအမှုကို ပြန်ရုပ်သိမ်းသွားပါပြီ။

မေး။ အခု အာမခံနဲ့ လွတ်လာတယ်ဆိုတာ ဘာပုဒ်မနဲ့ စွဲထားတဲ့အမှုလဲ။

ဖြေ။ ပုဒ်မ ၃၅၃ နဲ့ ပုဒ်မ ၁၈၉ နဲ့ တရားစွဲတဲ့ အမှုပါ။ ၃၅၃ က ကျနော် ဦးအုန်းသန်းကို တရားရုံးမှာ သွားတွေ့တော့ ဦးအုန်းသန်းက စာတစောင် ထုတ်ပေးတဲ့ ကိစ္စရယ်၊ ကျနော့်ဆီက Memory Stick ရယ်ကို ရဲအရာရှိက သိမ်းတဲ့အခါမှာ ဥပဒေ နည်းတကျ မသိမ်းတဲ့အတွက် ကျနော် ငြင်းဆန်ခဲ့တယ်။ အဲဒီ ငြင်းဆန်မှုအပေါ်မှာ ဝတ္တရား နှောင့်ယှက်ပါတယ်လို့ ယူဆပြီးတော့ ပုဒ်မ ၃၅၃ နဲ့ တရားစွဲသလို၊ Memory Stick က ILO နဲ့ သက်ဆိုင်တဲ့အတွက် မသိမ်းဖို့ ကျနော် ပြောတယ်။ သိမ်းသွားတဲ့ အတွက်လည်း ဥပဒေ နည်းလမ်းတကျ မသိမ်းတဲ့အတွက် ILO ကို သွားအကြောင်းကြားပေးပါလို့ ဦးအုန်းသန်း သမီးကို ပြောလိုက်တာဟာ သူတို့ကို ILO နဲ့ ခြိမ်းခြောက်ပါတယ် ဆိုပြီးတော့ ပုဒ်မ ၁၈၉ အရ တပ်ပြီး တရားစွဲခဲ့တယ်။

မေး။ ဦးသက်ဝေ ကို စစခြင်း ပုဒ်မတပ် တရားစွဲတာက ၃၅၃ နဲ့ ၁၈၉ နဲ့ စွဲထားတာ မဟုတ်လားရှင့်။


ဖြေ။ ဟုတ်ပါတယ်။ စစခြင်းတုန်းကတော့ အဲဒီပုဒ်မ ၂ ခု (ဝတ္တရား နှောင့်ယှက်မှုနှင့် ခြိမ်းခြောက်မှု) နဲ့ စွဲထားတာပါ။ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ၂ဝဝ၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ရေးဆိုင်ရာ အက်ဥပဒေ ၃၃ (က)၊ ၃၃ (ခ) နဲ့ နောက်ထပ်အမှု ထပ်ကပ်ပြီးတော့ တရားစွဲတာပေါ့ဗျာ။

မေး။ အင်းစိန်ထောင်မှာ ဘယ်လောက်ကြာကြာ နေခဲ့ရသလဲရှင့်။ တခြား ဘယ်သူတွေနဲ့ အတူနေရသလဲ။

ဖြေ။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစပြီးတော့ ဒီနေ့အထိပါပဲ။ စုစုပေါင်း ၆ ရက်လောက် နေခဲ့ရတယ်။ ၃ တိုက်မှာပါ။ အတူနေခဲ့ရတာက ၈၈ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုကိုကြီး၊  ကိုမြအေး၊ ကိုဝင်းမော်၊ မဂ္ဂ္ဂင် ဆရာတော်ကြီး ၂ ပါး၊ မြန်မာနေးရှင်း အယ်ဒီတာချုပ် ကိုသက်ဇင်၊ ဦးစိန်ဝင်းမောင်၊ ကဗျာဆရာ ကိုစောဝေ၊ ဗိုလ်ကလေးက ကိုပြည့်ဖြိုးလှိုင်၊ ဦးဂမ္ဘီရရဲ့အကို ကိုအောင်ကျော်ကျော်။ ၂ ယောက်တခန်း၊ ၃ ယောက်တခန်း နေရတယ်။ အခု နောက်ဆုံး နေခဲ့ရတဲ့ တိုက်မှာဆိုရင် လောလောဆယ် လုံခြုံရေးအရ ဆိုပြီးတော့ လမ်းလျှောက်ခွင့် ပိတ်ထားတယ်။ လမ်းလျှောက်ခွင့် မရတော့ ကျန်းမာရေးအတွက် လှုပ်ရှားမရတော့ ကျန်းမာရေး ထိခိုက်လာတာပေါ့ဗျာ။ တတိုက်ထဲမှာပါပဲ။ ကိုဝင်းမောင်ကတော့ အဆုတ်ပွပြီးတော့ လေပြွန် ယောင်နေတယ်။ အင်းစိန်ထောင် ဆေးရုံ ဆင်းလာတာ မကြာသေးဘူး။ ကိုကျော်စိုးက အပြင်မှာကတည်းက ခေါင်းမှာ ဒဏ်ရာရလာတော့ ခေါင်း ခဏခဏကိုက်တဲ့ ရောဂါရလာတယ်။

မေး။ Memory Stick ထဲမှာ ဘာတွေပါလဲရှင့်။

ဖြေ။ တကယ်တမ်း ILO ကို မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှုနဲ့ အဓမ္မ အလုပ်ခိုင်းစေမှု ကိစ္စတွေကို နယ်အသီးသီးက နစ်နာတဲ့ သူတွေက ကျနော့်ဆီကနေတဆင့် တိုင်ကြားလာတဲ့ စာတွေကြောင့် ကျနော့်ကို အရေးယူတာပါ။ ကျနော့်ကို အငြိုးနဲ့ လုပ်တယ်ဆိုတာ ထင်ရှားပါတယ် ဆိုတာ ကျနော် လုံလောက်တဲ့ အထောက်ထားနဲ့ ထောက်ပြနိုင်ပါတယ်။ ကျနော့်ကို ဖမ်းဆီးသွားစဉ် ကာလမှာပဲ၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ ကျောက်တံတားမြို့နယ် ရဲစခန်းမှာ ခရိုင်ရဲမှူးကြီးက ကျနော့်ကို စခန်းထဲမှာ လာညှိပါတယ်။ ILO တိုင်ကြားမယ့် တိုင်ကြားစာတွေဟာ မမှန်ကန်ပါဘူးလို့ ဝန်ခံ ကတိထိုးရင် အရေးမယူပါဘူးလို့ လာညှိနှိုင်းတယ်။ ကျနော် လက်မခံခဲ့ပါဘူး။ ဒါတွေဟာ တရားဝင်တိုင်ကြားနိုင်တဲ့ အခွင့်လမ်း ရှိနေတဲ့အတွက် အရေးယူလို့ မရပါဘူး။ 

မေး။ အခုလို လွတ်မြောက်လာတဲ့အတွက် ဘယ်လို ခံစားရပါသလဲ။

ဖြေ။ ကျနော်ကတော့ အခုလို ထုချေခွင့်ပေးတယ် ဆိုတာက ဥပဒေ အခွင့်အလမ်းအရ ကျနော် ခံစားခွင့် ရှိတာပဲဗျာ။  ဒီလိုပဲ ကျနော် မြင်ပါတယ် ခင်ဗျာ။ ပြန်လွတ်လာတဲ့ နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံတွင်းမှာ ကလေးစစ်သား အသုံးချမှုနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်သွားအောင် ကျနော် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

မေး။ နောက်တခေါက် ရုံးချိန်းက ဘယ်တော့လဲရှင့်။

ဖြေ။ အခုလာမယ့် ၁၂ ရက်နေ့မှာ ပြန်ချိန်းထားပါတယ်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved