အင်တာဗျူး နအဖဖွဲ့စည်းပုံ အတည်ပြုမှု ဥပဒကြောင်းအရ လက်ခံနိုင်ဖွယ်မရှိ (BLC ဦးအောင်ထူးနှင့် အင်တာဗျူး)
နအဖဖွဲ့စည်းပုံ အတည်ပြုမှု ဥပဒကြောင်းအရ လက်ခံနိုင်ဖွယ်မရှိ (BLC ဦးအောင်ထူးနှင့် အင်တာဗျူး) Print E-mail
နေသွင်   
တနင်္လာနေ့၊ မေလ 26 2008 18:08 - မြန်မာစံတော်ချိန်

ယခုလ ၁ဝ ရက်နှင့် ၂၄ ရက်နေ့များတွင် နှစ်သုတ်ခွဲကျင်းပခဲ့သော နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများမှ စုစုပေါင်း ဆန္ဒမဲပေးသူအားလုံး၏ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းက ထောက်ခံကြသဖြင့် ဖွဲ့စည်းပုံကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း စစ်အစိုးရ မီဒီယာများတွင် ယနေ့ကြေညာလိုက်ပြီ ဖြစ်သည်။
 
နှစ်ကြိမ်စလုံးတွင် မဲလိမ်မှုများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများရှိကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ကိုယ်၌က ဒီမိုကရေစီနှင့်တိုင်းရင်းသား လူမျိုးများ တန်းတူရေးကို ရှေ့ရှုဦးတည်ခြင်းမရှိဘဲ နိုင်ငံရေး၊ အုပ်ချုပ်ရေးနယ်ပယ် အဆင့်ဆင့်တွင် စစ်တပ်မှချုပ်ကိုင်လွှမ်းမိုးနိုင်ရန် ပြင်ဆင် ရေးဆွဲထားသည်ဟု ဥပဒေပညာရှင်များနှင့် မြန်မာအတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များက ထောက်ပြဝေဖန်ထားကြသည်။

ယနေ့ ထွက်ပေါ်လာသည့် နအဖ ၏ အဆိုပါ ဥပဒေအတည်ပြုကြောင်း ကြေညာသည့်အပေါ် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံရှေ့နေများ ကောင်စီ (BLC) မှ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ဥပဒေကြောင်းအရ လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောဆိုထားချက်များကို တင်ပြ လိုက်ပါသည်။

မေး။ ဆန္ဒခံယူပွဲရလဒ်က ဥပဒေကြောင်းအရ ဘယ်လောက် တရားဝင်သလဲခင်ဗျ။


ဖြေ။ ပြည်သူ့ဆန္ဒခံယူပွဲဟာ ဘယ်အခါမှ အထမြောက်တယ်ဆိုတာ ပါရမယ်။ ဆန္ဒမဲပေးသူရဲ့ ဘယ်နှစ်ရာနှုန်းက အတည်ပြုမှ အတည်ဖြစ်တယ်ဆိုတာ ပါရမယ်။ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးသွားတယ်ပြောတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တပြည်လုံးမှာ ဘယ်လောက်ရှိတယ်ဆိုတာ (ကြိုတင်) မကြေညာထားဘူး။ အဲဒါ မရှိခဲ့ဘူး။ နောက်တခုက ဆန္ဒခံယူပွဲမှာ သဘောထားပေးမယ့်လူတွေက သဘောတရားကို ကောင်းမွန်စွာ သိဖို့လိုပါတယ်။ ၁၉၇၃ တုန်းကတောင် မှ ဥပဒေနဲ့ပတ်သက်လို့ ရှင်းပြတာရှိတယ်။ အခုက မရှိဘူး။ ပိုဆိုးတာက အတည်ပြုမယ့် ဖွဲ့စည်းပုံကို စာပေဗိမာန်မှာ စာအုပ်ရောင်းတာကလွဲလို့ တပြည်လုံးမှာ လူဦးရေ သန်း ၅ဝ အနက်က သောင်းဂဏန်းတောင် စာအုပ်ကို မမြင်ဖူးခဲ့ဘူး။ ဘာတခုမှ လူထုက မတွေ့ရဘဲနဲ့ အတည်ပြုလိုက်တယ် ဆိုတာကတော့ ဥပဒေကြောင်းအရ လက်ခံနိုင်စရာမရှိဘူး။
 

မေး။ နိုင်ငံတကာမှာရော ဘယ်လိုဖြစ်လာနိုင်မလဲ။


ဖြေ။ နိုင်ငံတကာအခြေအနေမှာ လူထုသဘောထားနဲ့ ဆိုင်တယ်။ ဥပမာအားဖြင့် ထင်ရှားတဲ့အချက် - မဲရုံတွေက ဒါကို ကြေညာလို့မရဘူး။ ဘယ်လောက်ရတယ်ဆိုတာ မသိဘူး။ ရတဲ့ရလဒ်တွေကို ကော်မရှင်တွေကို ပို့လိုက်ရတယ်။ ကော်မရှင်တွေကလည်း မကြေညာဘူး။ နောက်ဆုံးမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်က တပြည်လုံးကို ကြေညာတယ်။   ဘယ်အဆင့်မှာ ဘာတွေဖြစ်မှန်း ဘယ်သူမှ မသိဘူး။ တချိန်ထဲမှာ ခြိမ်းခြောက်လို့ပဲဖြစ်ဖြစ်၊ မဲပုံးနားမှ မတ်တပ်ရပ်လို့ပဲဖြစ်ဖြစ်၊ ကြိုတင်ဆန္ဒမဲနဲ့ဖြစ်ဖြစ် ထောက်ခံမဲရအောင် လုပ်တယ်။ ဒီအပေါ်မှာ ပြည်သူတရပ်လုံးကရော၊ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းရော၊ အထဲမှာ အဓိကကျတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကရော လက်ခံတယ်၊ မခံဘူးဆိုတာ အခြေခံအားဖြင့် သဘောထားထုတ်ပြန်ပြဖို့ လိုတယ်။ အဲဒီအပေါ်မှာ နိုင်ငံတကာကို တင်ပြဖို့လိုတယ်။ ထုတ်ဖော်ပြတဲ့ ကျိုးကြောင်းဆီလျော်မှုနဲ့ ကျိုးကြောင်းခိုင်လုံ အားကောင်းမှုအပေါ်မှာ မူတည်ပြီး  နိုင်ငံတကာက စဉ်းစားသွားမယ်လို့ ထင်တယ်။
 

မေး။ တတိုင်းပြည်လုံး ဒီလို ကမောက်ကမအချိန်မှာ လုပ်ပြီး ထွက်လာတဲ့ရလဒ်ကို နိုင်ငံတကာမှ ဘယ်သူတွေက ထောက်ခံကြမယ်ထင်လဲခင်ဗျ။


ဖြေ။ ကျနော်တို့ လောလောဆယ် စိတ်ဝင်စားတာ ဆန္ဒခံယူပွဲမဟုတ်ဘူးဗျ။ မုန်တိုင်းဘေးအန္တရာယ်။ ဒါတချက်။ ဒုတိယတချက်က ဆန္ဒခံယူပွဲဟာ ဘယ်လိုပဲ ရလဒ်တွေ ထွက်လာပါစေ။ ထောက်ခံမဲ ထွက်လာမယ်။ ဒါကို ထောက်ခံဖို့ ပြင်ဆင်ထားတာ အာဆီယံပဲ။ အာဆီယံက ဘယ်လောက်ပဲ ရှင်းပြပြ သူတို့က သဘောထား ချမှတ်ပြီးသားဖြစ်တယ်။ ဖိလစ်ပိုင်တို့လို တိုင်းပြည်တွေက လွဲလို့ပေါ့။ အာဆီယံ တော်တော်များများက နအဖ ပြောတဲ့အတိုင်း ခပ်လွယ်လွယ် လက်ခံသွားမယ်လို့ ထင်တယ်။ သို့သော် အာရှတိုက်က တိုင်းပြည် တော်တော်များများနဲ့ အနောက် ဒီမိုကရေစီ နိုင်ငံတွေက နအဖ က ဒီလောက်ပြောရုံနဲ့ အလွယ်တကူ လက်ခံသွားမယ်လို့ ကျနော်တော့ မယူဆဘူး။
 

မေး။ တချို့လည်း ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်ကို တရားစွဲမယ်ဆိုတာမျိုး လုပ်နေတာကြားရတယ်။ ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိတယ်လို့ မြင်လဲ။

ဖြေ။ ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်ကို အရေးယူတာမျိုး ပြည်တွင်းမှာ ရှိချင်မှ ရှိမယ်။ သို့သော်လည်းပဲ အဲလို တရားစွဲနိုင်တယ်ဆိုကတည်းက ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ လူထုအဖွဲ့အစည်းတွေက ဆန္ဒခံယူပွဲကို လက်မခံနိုင်ဘူးလို့ နိုင်ငံတကာမှာ ကမ်ပိန်းလုပ်ဖို့ ရည်ရွယ်ချက်ရှိရင် တရားစွဲတာ အင်မတန်ကောင်းတဲ့ အကြောင်းပြချက်ဖြစ်တယ်။
 

မေး။ နိုင်ငံတကာ ခုံရုံးတွေမှာရော တရားစွဲလို့ မဖြစ်နိုင်ဘူးလားခင်ဗျ။


ဖြေ။ ဒီဥစ္စာက နိုင်ငံတကာ ခုံရုံးနဲ့တော့ မဆိုင်ဘူးဗျ။ ပြည်တွင်းရေးသက်သက်ပဲ။ နိုင်ငံတကာနဲ့ဆိုင်တာက ပြည်တွင်းမှာ လုပ်တဲ့အပေါ်မှာ တရားဝင်လား၊ မဝင်လား ဆိုတာကို နိုင်ငံတကာက သဘောထား ပေးရတာဖြစ်တယ်။ ဥပမာ - ကမ္ဘောဒီယားမှာ ၁၉၉၁ က ရွေးကောက်ပွဲ ဖြစ် တယ်။ ရွေးကောက်ပွဲရလဒ်ကို ပြည်တွင်းက ပါတီတွေက အငြင်းပွားတယ်။ ရွေးကောက်ပွဲရလဒ်ကို ကမကထပြု ကြီးကြပ်ပေးသွားတာက နိုင်ငံ တကာဖြစ်တယ်။
 

သူတို့စကား

"မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရှိသေးတယ်လို့ ကျမတို့ ယုံကြည်တယ်"

နာဗီ ပီးလေး
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး