အင်တာဗျူး လူသားချင်းစာနာသည့် ဝင်ရောက် စွက်ဖက်မှု လိုအပ်နေပြီလား
|
လူသားချင်းစာနာသည့် ဝင်ရောက် စွက်ဖက်မှု လိုအပ်နေပြီလား |
|
|
မဇ္ဈိမသတင်းဌာန
|
|
သောကြာနေ့၊ မေလ 09 2008 20:12 - မြန်မာစံတော်ချိန် |
|
Page 1 of 2
လွန်ခဲ့သော ရက်သတ္တပတ်က ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက် တိုက်ခတ်၍ လူပေါင်း တသိန်းကျော် သေဆုံးကာ၊ တသန်းခွဲခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော်လည်း အစိုးရ၏ ပြည်ဝင်ခွင့် အတားအဆီးများကြောင့် ကုလသမဂ္ဂမှ ပေးပို့သော အကူအညီများသည် ဒုက္ခသည်များထံသို့ ယခုထိ ထိရောက်စွာ ရောက်ရှိခြင်း မရှိသေးကြောင်း ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက ပြောကြားပါသည်။
ကမ္ဘာ့ကုလအနေနှင့် စစ်အစိုးရက ခွင့်ပြုသည်အထိ စောင့်မနေဘဲ အိုးမဲ့အိမ်မဲ့ ဖြစ်နေသော လူ တသန်းခန့်နှင့် ပျောက်ဆုံးနေသူ ၆ သောင်းကျော်အတွက် လူသားချင်း စာနာသည့် အကူအညီများ ပေးပို့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ အကြီးအကျယ် ဆောင်ရွက်ရန် ကုလ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်ဖြစ်သော ပြင်သစ်နိုင်ငံ က ပြောဆိုပါသည်။
ဤ ‘လူသားချင်းစာနာသည့် ကြားဝင်ဆောင်ရွက်မှု’ ဆိုသည်နှင့် ပတ်သက်၍ မဇ္ဈိမက အမြင်သဘောထား အချို့ကို စုစည်း တင်ပြလိုက်ပါသည်။
ဦးမြင့်အေး
(လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်)
“နိုင်ငံ၏ ရပ်တည်မှု၊ နိုင်ငံရေး အယူအဆ၊ နိုင်ငံ၏ နယ်နိမိတ်ကို ကျော်လွန်ခြင်းကို ငဲ့ကွက်ရန် မလိုဘဲ ကူညီပိုင်ခွင့်၊ ထိုအကူအညီကို လက်ခံရယူပိုင်ခွင့်ရှိတယ်လို့ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ အတိအလင်း ဖော်ပြထားတယ်။
ဒါ အကူအညီ ပေးတာနော်။ နိုင်ငံရေးနဲ့ ဘယ်လိုမှ မပတ်သက်တဲ့ ကိစ္စတွေ။ လောလောဆယ် လက်ငင်း ဒုက္ခရောက်နေတဲ့ ကျနော်တို့ ပြည်သူ သန်းပေါင်းများစွာဟာ သေဖို့အချိန်ကို ထိုင်စောင့်နေရတဲ့ အချိန်မှာ ကျနော်တို့က ဘာကို ငဲ့ကွက် နေရအုံးမှာလဲ။ ကျနော့် အနေနဲ့ ဒီအဆိုတွေ အားလုံးကို လက်ခံတယ်။ အားလုံးကို ကြိုဆိုတယ်ဗျာ။
ဘာမှလည်း အဓိပ္ပာယ် မရှိဘူးဗျ။ ဒီ အကန့်အသတ်တွေ၊ ပိတ်ပင် တားဆီးမှုတွေကို ကျနော် နားမလည်ဘူးဗျ။ နိုင်ငံတခုရဲ့ အာဏာဆိုတာ ပြည်သူလူထုရဲ့ အသက်ရှင် ရပ်တည်မှုပေါ်မှာ တည်ဆောက်လို့ ရတယ်။ ပြည်သူလူထု ဒုက္ခရောက်နေတဲ့၊ အသက်အန္တရာယ် ကျရောက်နေတဲ့အချိန်မှာ အဲဒီ အာဏာဆိုတာ ဘာအဓိပ္ပာယ်မှ မရှိဘူး”
---------------------------
မနန်းယဉ်သွယ်
(အထွေထွေ အတွင်းရေးမှူး၊ ပအို့ဝ် အမျိုးသမီးသမဂ္ဂ - PWU)
“မြန်မာပြည်မှာ တကယ်ကို ဒုက္ခရောက်နေတဲ့အချိန်မှာ နိုင်ငံတကာကနေ အမြန်ဆုံး ကူညီသင့်ပါတယ်။ လက်ခံသင့်ပါတယ်။ အဓိက အသက်ရှင်နေတဲ့ လူတွေအတွက် အခြေခံ လိုအပ်ချက်တွေကို ကူညီသင့်ပြီ။ နအဖ အနေနဲ့ရော ပြည်သူလူထု ခံစားနေရတာကို တကယ်ပဲ လူသားချင်း စာနာမှုအနေနဲ့ နိုင်ငံတကာက ကူညီ ထောက်ပံ့မှုတွေကို အမြန်ဆုံး လက်ခံသင့်နေပါပြီ”
---------------------------
ဒေါ်မေဂီလဘန်
(ဥက္ကဋ္ဌ၊ ကချင်အမျိုးသမီးအဖွဲ့ - KWAT)
“နအဖ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာ ကူညီထောက်ပံ့မှုကို လက်ခံသင့်တယ်။ နောက်ပြီး လုပ်အားပေး ကူညီမှုတွေကိုလည်း အမြန်ဆုံး ဗီဇာပေးပြီးတော့ ကူညီလက်ခံသင့်တယ်။ အခု မုန်တိုင်းဒဏ်ကို ခံနေရတယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေ တော်တော်များများ စိုးရိမ်နေရတယ်။ ဘာပဲဖြစ်ဖြစ် အကူအညီကို ပွင့်ပွင့်လင်းလင်းနဲ့ တံခါးဖွင့်ထားသင့်တယ်။ နိုင်ငံတကာကလည်း မြန်မာပြည် စစ်အစိုးရအနေနဲ့ အကူအညီတွေကို လက်ခံရေး ဖိအားပေးသင့်တယ်လို့ ကျမ မြင်ပါတယ်”
---------------------------
အထွေထွေ အတွင်းရေးမှူး
အမျိုးသမီးသမဂ္ဂ ဗဟိုအဖွဲ့ချုပ်
“မြန်မာပြည်ထဲမှာ အခုအချိန်က လုံးဝကို တကယ်ပဲ ဘေးဆိုး ကျနေတာပေါ့နော်။ ရက် တော်တော် ကြာနေပြီပေါ့နော်။ အခုချိန်မှာ ကယ်ဆယ်ရေး အကူအညီတွေကို နိုင်ငံတကာဆီကနေ တကယ်ပဲ လိုအပ်နေပြီ။ အမြန်ဆုံး သွားဖို့ အရေးကြီးနေပြီ။ ကျမတို့အနေနဲ့ စိတ်ပူတာက ဒီ ကူးစက်ရောဂါတွေလည်း ဖြစ်နေပြီ ဆိုတာတွေ ကြားရတယ်။ မြန်မာပြည်ဟာ တကယ့်ကို အရေးကြီးတဲ့ အခြေအနေ ဖြစ်နေတယ်။ သိန်းနဲ့ချီပြီး သေနေပြီ။ ဒီ့ထက် ပိုလာမယ်ဆိုရင် မဖြစ်သင့်တော့ဘူး။ နိုင်ငံတကာက အမြန်ဆုံး ကယ်ဆယ်ရေး အမြန်ဆုံးပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။
အထူးသဖြင့် ဧရာဝတီတိုင်းမှာဆိုရင် လူတွေ ငတ်ပြတ်နေတာတွေ၊ ကူးစက်နေတာတွေဟာ နိုင်ငံတကာရဲ့ အကူအညီတွေ မရဘူးဆိုလို့ ရှိရင် ဒိထက် သေဆုံးမှု ပိုများလာလိမ့်မယ်။ အဆိုးဝါးဆုံး အခြေအနေ ဖြစ်မယ်။ အခု အသက်ရှင်နေတဲ့ လူတွေ ဒီလို ဆက်ဖြစ်နေမှာကြောင့် နိုင်ငံတကာက အကူအညီတွေကို အမြန်ဆုံး ပေးဖို့ လိုနေပြီ။ နောက်ပြီး ပြည်တွင်းမှ လူမှုအဖွဲ့အစည်း အသီးသီးကလည်း ဒီ ရေဘေးအန္တရာယ် ရောက်နေတဲ့ နေရာတွေမှာ အားလုံး စုပေါင်းပြီး ကူညီသင့်ပြီလို့ ပြောချင်ပါတယ်”
---------------------------
ကိုအောင်နိုင်ဦး
(မြန်မာ့အရေး လေ့လာသုံးသပ်သူ)
“အဲဒီကလာတဲ့ သတင်းတွေက (သေတဲ့လူ) ၂ သိန်းလောက်အထိ ဖြစ်နိုင်တယ်။ အဲဒါတင် မကဘူး၊ အသက်အိုးအိမ်စည်းစိမ် ကိစ္စတွေ အများကြီး ဖြစ်နိုင်တယ်။ ကုလသမဂ္ဂက မဝင်သေးဘူးဆိုရင် နိုင်ငံတကာက သိပ်ပြီး စိတ်မရှည်တာ ဖြစ်နိုင်တယ်။ တချို့နိုင်ငံတွေဆို တဖက်သတ် ဝင်တာတွေတောင် ရှိတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားပြီးတော့ အကူအညီပေးတာတို့၊ (ပစ္စည်းတွေ) ချတာတို့ မလုပ်ဘူးလို့ မပြောနိုင်ဘူး။ Humanitarian Intervention လုပ်လို့ရတယ်။ ဒါကြောင့်မို့ ပြင်သစ်တို့၊ အမေရိကန်တို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်နေတာ”
---------------------------
ကိုဘိုဘိုကျော်ငြိမ်း
(မြန်မာ့အရေး လေ့လာသုံးသပ်သူ)
“ဒါဟာ ဗမာ့ရာဇဝင်မှာ တခါမှ မóကံဖူးတဲ့ သဘာဝဒဏ် ခံရတာပဲ။ ဒီလိုအချိန်မှာ တခုပဲရှိတယ်၊ ဗမာပြည်သားတွေနဲ့ ဗမာပြည်အတွက်ပဲ ကြည့်ရမယ်။ အစိုးရက လာပြီး နိုင့်ထက်စီးနင်းနဲ့ ဟိုလူမဝင်ရ၊ ဒီလူမဝင်ရ။ သူတို့လည်း မလုပ်နိုင်ဘူး။ ဒီလောက် ကြီးကျယ်တဲ့ ကိစ္စမှာ သူတို့လည်း မလုပ်နိုင်ဘူး။ ကုလသမဂ္ဂက ဒီကိစ္စကို စောင့်နေစရာ မလိုဘူး။ အပေါ်ကနေ လေယာဉ်ပေါ်က ပစ်ချတာဖြစ်စေ၊ အရေးကြီးတာ ဒီလူတွေ မသေဖို့ အရေးကြီးတယ်။ အသက်ရှင်နေတဲ့ လူတွေကို အသက်ရှင်နိုင်ဖို့ အခွင့်အရေးရဖို့ အရေးကြီးတယ်။ နယ်နမိတ် မရှိတော့ဘူး။ သူတို့ကို စောင့်နေစရာ မလိုဘူးလို့ ကျနော်က မြင်တယ်။ နိုင်ငံရေးတွေဘာတွေ တခုမှ မရှိတော့ဘူး။ ရှင်သန်နေတဲ့ တသန်းသော လူတွေကိုပဲ ကြည့်ရမယ်။ နိုင်ငံရေးတို့၊ မကျေနပ်တာတို့ နောက်မှရှင်း။ Confrontation တွေ ဘာတွေ၊ သို့လော သို့လော စိုးရိမ်နေရင် ဒီလူတွေ အကုန်သေသွားမယ်”
---------------------------
ကိုညိုအုန်းမြင့်
(နိုင်ငံခြားရေးရာ တာဝန်ခံ၊ NLD - LA)
“စစ်ကောင်စီက ဆုံးဖြတ်ချက် နှေးနေမယ်ဆိုရင် ထောင်နဲ့ချီတဲ့ လူတွေက နာရီနဲ့အမျှ ရိက္ခာပြတ်လပ်မှု အပါအဝင် အစစအရာရာပေါ့၊ အားလုံးသိတဲ့အတိုင်း။ အဲလို အခြေအနေမှာ Humanitarian Intervention လုပ်သင့်တယ်လို့ ထင်တယ်။ တခုရှိတာက အဓိက ကြီး ၅ ကြီးရဲ့ သဘောတူညီချက် လိုတယ်လို့ ထင်ပါတယ်။ အဆင့်တိုင်းမှာ သံတမန်နည်းအရ တယောက်နဲ့တယောက် ဆက်သွယ်နေတုန်းမှာ၊ တဖက်မှာ ခံစားနေရတဲ့လူတွေ၊ အထဲမှာ လူတွေ အတုံးအရုံး ဖြစ်နေတဲ့အချိန်မှာ ဒီဟာက တခုထဲလမ်းလို့ မြင်တယ်။ စစ်အာဏာရှင် ပြဿနာက အာဏာ ပြဿနာ။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ စကားအတိုင်း အင်မတန် အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ မျက်နှာလွှဲ ခဲပစ်လုပ်တဲ့လူတွေ ဖြစ်တဲ့အတွက် ဒီအချိန်က Humanitarian Intervention ဆိုတာက နည်းနည်းတောင် နောက်ကျနေတယ်လို့ မြင်ပါတယ်။ ယူအန်-ကုလမှာလည်း တာဝန်ရှိပါတယ်။ ပါးစပ်နဲ့ အကြံပေးနေလို့ မရပါဘူး။ ဒါကို ယူအန် လုံခြုံရေးကောင်စီမှာ ဒါကို မလုပ်နိုင်ရင်တောင် အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် တက်တက်ကြွကြွ လုပ်မယ်ဆိုရင် သိန်းနဲ့ချီတဲ့ လူတွေ အသက်ကို မသေအောင် ကယ်တင်နိုင်မှာ ဖြစ်ပါတယ်”
---------------------------
|
|
သူတို့စကား
"နာဂစ်မုန်တိုင်း၏ ပျက်စီးဆုံးရှုံးမှု သေဆုံးခဲ့ရမှုများကို သင်ခန်းစာရယူပြီး ယခင်က ဖြစ်သလိုနေ၊ ဖြစ်သလိုစားသည့် စိတ်ဓာတ်ကို ပယ်ဖျက်ကာ လုံ့လဝီရိယထား၍ အလုပ်ကို ကြိုးစားလုပ်ကြစေလိုကြောင်း"
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်
ဖျာပုံမြို့နယ် ခရီးစဉ်အတွင်း ပြောကြားချက်
ARCHIVE
-
မေလ, 2008
-
ဧပြီလ, 2008
-
မတ်လ, 2008
-
ဖေဖေါ်ဝါရီလ, 2008
-
ဇန်နဝါရီလ, 2008
-
ဒီဇင်ဘာလ, 2007
-
နိုဝင်ဘာလ, 2007
-
အောက်တိုဘာလ, 2007
-
စက်တင်ဘာလ, 2007
-
သြဂုတ်လ, 2007
|