အင်တာဗျူး ပဒိုမန်းရှာ - လူမျိုးပေါင်းစုံအတွက် တိုက်ပွဲဝင်သူ
ပဒိုမန်းရှာ - လူမျိုးပေါင်းစုံအတွက် တိုက်ပွဲဝင်သူ Print E-mail
သန်းထိုက်ဦး၊ ဖနိဒါ   
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 15 2008 22:25 - မြန်မာစံတော်ချိန်

ဦးတင်အောင် (ဥက္ကဋ္ဌ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ)

“ပဒိုမန်းရှာဟာ အဘတို့ ၁၉၉၂ ခုနှစ်က စပြီးတော့ တပ်ရင်း ၁ဝ၁ မှာ လုပ်ခဲ့တဲ့ ရဲဘော် ခေါင်းဆောင် တယောက် ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်၊ သူ့ရဲ့ အနေအထားကို သိရတယ်။ ဘာကိုလဲ ဆိုတဲ့အခါကျတော့ ပဒိုမန်းရှာဟာ တော်လှန်ရေးသမားကောင်း တယောက်ဖြစ်တယ်။ အဲဒီလို ဖြစ်သလို၊ လူလူချင်း စာနာ ထောက်ထားတတ်တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်ဆိုတာ ကျနော် တွေ့ရတယ်။ ဘယ်လိုပင် အခက်အခဲတွေ ရှိရှိ၊ ဘယ်လိုပင် အကျပ်အတည်းတွေ ရှိရှိ၊ အခက်အခဲကို ခေါင်းအေးအေးနဲ့ ကျော်လွှားပြီးတော့မှ လုပ်လေ့လုပ်ထရှိတဲ့ ခေါင်းဆောင် တယောက်ပါ။ ပဒိုမန်းရှာဟာ သူ့နိုင်ငံရေးနဲ့ သဘောထား၊ ရပ်တည်ချက်ဟာ အင်မတန် မှန်ကန်ပါတယ်။ လူမျိုးရေးကို အခြေခံတဲ့ နိုင်ငံရေး ရပ်တည်ချက် မဟုတ်ပါဘူး။ တမျိုးသားလုံးနဲ့ ယှဉ်တွဲတဲ့ နိုင်ငံရေး ရပ်တည်ချက် ဖြစ်တဲ့အတွက် သူ့နိုင်ငံရေး ရပ်တည်ချက်ဟာ အင်မတန်မှ မွန်မြတ်ပါတယ်”

စောသမိန်ထွန်း (ကျောင်းနေဘက် သူငယ်ချင်း) (ဒု –တာဝန်ခံ၊ ဗဟို စည်းရုံးရေးဌာန၊ ကေအန်ယူ) 

“ကျနော်တို့က ရန်ကုန်မှာပဲ ဆုံကြတာကိုး။ ရန်ကုန်မှာ ကျောင်းနေရင်း ဆုံကြပြီးမှ၊ အဲဒီမှာ ကျနော်တို့ ဝိဇ္ဇာနဲ့ သိပ္ပံ၊ စနစ်ဟောင်းနော်။ ၆၂ ခုနှစ်က စနစ်ဟောင်း။ အဲဒီမှာ ကျနော်တို့ နေကြတော့ သူက တခြားဘာသာရပ်၊ ကျနော်လည်း တခြားဘာသာရပ်ပေါ့လေ၊ ယူကြတာပေါ့။ အဲဒီတော့  သူနဲ့ ကျနော် အနီးကပ် သိရတာတွေကတော့ သူကတော့ နိုင်ငံရေး စာအုပ်တွေ ဖတ်တယ်။ နောက်ပြီးမှ သူက ကဗျာတွေ၊ စာပေတွေ တော်တော် ဝါသနာ ရှိတယ်ဗျ။ ဒါတွေ အားသန်တယ်။ သူက နိုင်ငံရေးစကား ပြောရင်လည်း ဆွေးနွေးတယ်။ စာပေတခု လေ့လာပြီရင် စာပေတွေကို ဆွေးနွေးတာတွေ လုပ်တာတွေ၊ ဒါတွေ သူ လုပ်တတ်တယ်။

အဲဒီတော့ သူက နိုင်ငံရေး အားသန်တယ်။ သူက နိုင်ငံရေးကလည်း လိုင်းပေါင်းစုံက လေ့လာတာပေါ့လေ။  ဒါပေမဲ့ ဘယ်လိုပဲ ပြောပြောပါ၊ ကျနော်တို့ အဲဒီ ခေတ်ကာလကတော့ ကျောင်းသားတွေကတော့ လက်ဝဲရဲ့ နိုင်ငံရေးကိုတော့ အားသန်ကြတာ များတယ်လေ။ ကျနော်လည်း ဘာမှမထူးဘူး၊ ဒီအတိုင်းပဲလေ။ အဲဒီတော့ လုပ်ကြတော့၊ အဲဒီ လှုပ်ရှားမှုတွေမှာ ကျနော်တို့က ပါဝင်ခဲ့ကြတာပေါ့လေ။ သူလည်း ပါ၊ ကျနော်လည်းပါ ပေါ့။ အဲဒီတော့ ကျနော် တိုတိုလေးပဲ ပြောပါရစေ။ ၁၉၆၆ ခုနှစ်မှာ သူက ဘွဲ့ရတယ်။

သူက တခုကောင်းတာက ဒီလူက စိတ်ရှည်တယ်ဗျ။ စိတ်တိုတာတွေ မလုပ်ဘူးဗျ။ စိတ်ရှည်တယ်။ ဒီလူက  ဆွေးနွေးပွဲတွေလည်း အားကြီး ထိုင်ချင်တယ်။ သူက နိုင်ငံရေး တက်ကြွတယ်။ ကျနော်တို့က အဲဒီတုန်းက လူငယ်တွေကိုးဗျ။ အသက် ၂ဝ ကျော်။ နိုင်ငံရေးမှာ တက်ကြွနေတဲ့လူတွေ။ သူက ပိုတက်ကြွတယ်ဗျ။ သူက စာရေး အားသန်တယ်၊ ကျနော်က စာရေး အားမသန်ဘူး။ အဲဒီတော့ သူက စာရေးအားသန်တဲ့ အခါကျတော့ သူ့ကိုပဲ ကျနော်တို့က အခမ်းအနားမှူးတွေ ဘာတွေ လုပ်ခိုင်းရတာပေါဗျ။ သူက ဒီလိုလူမျိုး အားကြီးတက်ကြွတဲ့ လူ”

စာရေးဆရာ မန်းငြိမ်းမောင် (အရင်းနှီးဆုံး တရွာထဲသား မိတ်ဆွေ)

“သူက ဘယ်လို ပုဂ္ဂိုလ်မျိုးလည်းဆိုတော့ အရာကိစ္စတိုင်းမှာ သဘောထား ပြည့်ပြည့်စုံစုံ၊ ပျော့ပျော့ပြောင်းပြောင်းနဲ့ အဲဒီလို ချဉ်းကပ်ပြီးတော့မှ အဲဒီလို လုပ်ကိုင် ဆောင်ရွက်တတ်တယ်။ သဘောထား တင်းမာတဲ့သူ မဟုတ်ဘူး။ ကျယ်ပြန့်တဲ့ နိုင်ငံရေး အမြင်ရှိတယ်။ အထူးသဖြင့် ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ ကြားထဲမှာ ဆက်စပ် လုပ်ကိုင်တဲ့ အပေါ်မှာ အင်မတန်မှကို သိမ်သိမ်မွေ့မွေ့နဲ့ အကုန်လုံး နားလည်လက်ခံနိုင်တဲ့ အဲဒီလိုဟာမျိုးကို သူ အမြဲတမ်း ဦးဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်ပေါ့နော်။ အမျှော်အမြင် ရှိတယ်။ အဲဒါမျိုးတွေပေါ့”

ကရင် အမျိုးသမီးခေါင်းဆောင် အချို့၏ အမြင်

ဒေါ်နန်းခင်ထွေးမြင့် (လွှတ်တော်အမတ်)

“သူ့ကို မတွေ့ဘူးပေမဲ့ သူဟာ ဘယ်လောက် အရည်အချင်း ရှိတယ်ဆိုတာ အန်တီတို့ သိနေတာပဲ။ သူ တာဝန်အသီးသီး ထမ်းဆောင်နေတာပဲ။ အန်တီတို့ ကြားလိုက်တော့ လုံးဝ စိတ်မကောင်းဘူး။ သူ့ကို လုပ်ကြံတဲ့ လူတွေကလည်း ကရင်တွေပဲလား မသိဘူး။ ကရင်လို့ ခံယူရတဲ့ လူကတော့ ဘယ်လိုမှ စိတ်မကောင်းဘူး။ ကရင်မှ မဟုတ်ဘူး၊ နားလည်တဲ့ လူတိုင်းက ဒီလို ရှားပါးတဲ့ လူတယောက်၊ ကရင်ထဲမှာဆိုရင် ပိုတောင် ရှားပါးသေးတယ်။ ဒီလို လူတယောက် ဆုံးရှုံးရတာ စိတ်မကောင်းဘူး။

အခုလို သူ့ကို လုပ်ကြံတဲ့ လူတွေကလည်း တော်တော်လေး မိုက်မိုက်မဲမဲ ဆင်ခြင်တုံတရား မရှိတဲ့ လူတွေပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ရှားရှားပါးပါး ကိုယ့်ကရင် ထဲမှာရှိတဲ့ လူတယောက်ဆိုတာကို ဘာမှ အသိတရားမရှိ၊ လူ့တန်ဖိုး နားမလည်တဲ့ လူတွေပဲ။ ဒီလူဟာ တနေ့နေ့ တချိန်ချိန်ကျရင် သူ့ကိုခိုင်းတဲ့ သူကလည်း သူ့ကို ပြန်ပြီး အကျိုးပေးလိမ့်မှာပဲ။ သူက သူ့ရဲ့ လုံခြုံရေးကို သူ စိတ်ချတယ်။ တန်ဖိုးရှိတဲ့၊ အရေးကြီးတဲ့ အလုပ်ကို သူ လုပ်နေတာပဲ။ အန်တီတို့က နားမည်ဘူး။ လုပ်ကြံတဲ့လူနဲ့ ခိုင်းတဲ့ လူတွေကိုလည်း အံ့သြတယ်။ တော်တော်လည်း စိတ်ဓာတ် ယုတ်ညံ့ပြီးတော့လေ၊ ဆင်ခြင်တုံတရား မရှိတဲ့ လူတွေပဲ။ အင်မတန်မှ နှမြောတယ်။ နောက် ဒီလိုနေရာမျိုးမှာ ကရင်ဆိုရင် ပိုပြီးမှ ခံစားရပါတယ်ကွယ်”

ခိုင်မာကျော်စော (အယ်ဒီတာ၊ ကရင်သတင်းစဉ်)

“ဖထီးနဲ့ ပတ်သက်ပြီး ကျမ ကြုံတွေ့ခဲ့ရတဲ့ အရာတွေ ပြောမယ်ဆိုရင် ဖထီးက တော်လှန်ရေးသမား ဘဝထဲမှာပဲ မြှုပ်နှံထားတဲ့ လူတယောက်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ မှတ်မိရသလောက်ဆိုရင် ၁၉၉၄ နှစ် မာနယ်ပလော ကျတဲ့ နောက်ပိုင်းမှာ ဒုက္ခသည်တွေ ပြေးကြလွှားကြတဲ့ အခါမှာ သူလည်းပဲ ကေအန်ယူ ခေါင်းဆောင်တယောက်က၊ အဲဒီ ဒုက္ခသည်တွေကို တွေ့တဲ့အချိန်မှာ သူက ဒုက္ခသည်တွေရဲ့ ပလိုင်းတွေ၊ အထုပ်အပိုးတွေ အများကြီး သယ်ပေးတယ်။ အဲဒီအခါမှာ အတွင်းရေးမှူး တာဝန် ယူထားတယ်။ အဲဒါတွေ တွေ့ရတယ်။

နောက်တခုက သာမန် ပြည်သူတယောက်၊ ကရင်လူတယောက်လိုလည်း ကျင့်ကြံပြီး နေထိုင်တယ်။ အထူးသဖြင့်တော့ ပလိုင်းယက်တာတို့၊ ဝါးကုလားထိုင်တွေ သူကိုယ်တိုင် လုပ်တယ်။ နှီးတွေဖျာတယ်။ အဲဒီလို သာမန်လူလို သူ နေထိုင်တတ်တယ်။ တခါတလေ ကျမတို့နဲ့အတူ တရုံးထဲ မနေရင်တောင် ကျမတို့ ရုံးထဲကို လာပြီးတော့ သူကိုယ်တိုင် ထမင်း ချက်ကျွေးတယ်။ တော်ရုံတန်ရုံ ခေါင်းဆောင်တွေ မလုပ်တဲ့အလုပ် တံမြက်စည်း လှဲတယ်၊ ထမင်းချက် ကျွေးတယ်။ ပန်းကန်ဆေး ပေးတယ်။ ကျမတို့ ကျောင်းသူကျောင်းသားတွေ မအားလို့ဆိုပြီး လုပ်ပေးတယ်။ အဲဒါလည်း ထူးခြားပါတယ်။

နောက်တခုက အထူးသဖြင့် လူငယ်တွေပေါ့။ အမျိုးသမီး၊ အမျိုးသား နိုင်ငံရေး စိတ်ဓာတ် နိုးကြားလာအောင် အားပေးအားမြောက်မှုတွေ ရှိတယ်။ လူငယ်တွေရဲ့ ဆွေးနွေးပွဲတိုင်းမှာ တက်တက်ကြွကြွ ပါဝင် ဆွေးနွေးတာမျိုးတွေ၊ အမျိုးသားရေး လုပ်ငန်း လုပ်တာတွေ သူ အားပေးတယ်၊ ဂုဏ်ယူတယ်ပေါ့နော်။ အမျိုးသားရေး ဆက်လုပ်ဖို့ ဆိုတဲ့ဟာမျိုးသူ အမြဲတမ်း ပြောတယ်။ နောက်တခုကတော့ အစားအသောက်တွေ ဆိုရင်လည်း ရုံးသားပဲဖြစ်ဖြစ်၊ မျက်နှာစိမ်းပဲဖြစ်ဖြစ် အတူတူပဲ၊ ခွဲခြားဆက်ဆံတာ မရှိဘူး။ လူကြီးဆိုပြီးတော့ ဟင်းကောင်းကောင်း စားလိမ့်မယ် မဟုတ်ဘူး။ ကျန်တဲ့လူက ငပိရည်စားရင်လည်း အတူတူပဲ။ ငါးဟင်းစားရင်လည်း အတူတူပဲ။ အဲဒီလို စိတ်သဘောထားလည်း ပြည့်ဝမှု ရှိပါတယ်။ အထူးသဖြင့် နအဖ ဘက်က လက်နက်ချ ဝင်လာတဲ့ ကလေးစစ်သားလေးတွေနဲ့တောင်မှ သူက ထမင်းတဝိုင်းထဲ အတူတူစားတယ်။ အတူဆက်ဆံတယ်။ စိတ်ဓာတ်ရေးရာမှာ သဘောထားပြည့်ဝတဲ့ လူတယောက်ဆိုတာ ကျမ ပြောချင်ပါတယ်”

ဒေါက်တာ စင်သီယာမောင် (မယ်တော်ဆေးခန်း)

“အကုန်လုံးခြုံပြီး ပြောရမယ်ဆိုရင် တိုင်းရင်းသား အရေးနဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုကြီး တခုပါ”

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved