ချင်းမိုင် (မဇ္ဈိမ)။ ။ လူငယ်များ တိုးတက်ကြီးပွားရေးနှင့် ပညာရည်ဖွံ့ဖြိုးရန်အတွက် ရည်ရွယ်သည့် “ဘဝတိုးတက်ဖို့အတွက် စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတရပ်ကို စာရေးဆရာ ဖေမြင့်က ရန်ကုန်၌ ယခုလ ၃၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။
ဆရာဖေမြင့်သည့် ဘဝတိုက်ပွဲကို လူငယ်များ အရှုံးမပေးရန် စိတ်ဓာတ်ရေးရာနှင့် အတွေးအမြင်ဆိုင်ရာ လှုံ့ဆော်ညွှန်ပြသည့် စာအုပ်စာပေများကို ရေးသားခဲ့သူဖြစ်သည်။
စာအုပ်များ၊ မူရင်းဝတ္ထုတိုများ၊ ဘာသာပြန်ဝတ္ထုတိုများ၊ အတ္ထုပ္ပတ္တိများကို ၁၉၇၄ ခုနှစ်မှစတင်၍ ယနေ့အထိ စာအုပ်ပေါင်း ၄ဝ ရေးသားခဲ့ပြီး ဖြစ်သည်။
လူငယ်များ စာဖတ်ခြင်း အကျိုးကျေးဇူး၊ လူငယ့်စာရိတ္တ ဖွံ့ဖြိုးရေးနှင့် ကြီးပွားတိုးတက်ရေး၊ လူငယ်နှင့် အနာဂတ်၊ မြန်မာနိုင်ငံ စာပေလွတ်လပ်ခွင့် အခြေအနေများကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကျော်ခက ဆရာဖေမြင့်ကို ဆက်သွယ်မေးမြန်းထားပါသည်။

စာပေဟောပြောပွဲလုပ်မယ်လို့ သိရပါတယ်။ ဘယ်သူတွေကို အဓိကထား ဟောပြောမှာလဲ။ ဘာတွေ ဟောပြောမှာလဲ ခင်ဗျာ။
“ဘဝတိုးတက်ဖို့အတွက် စာဖတ်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ စာရေးဆရာ ဆိုတော့လည်း စာဖတ်တဲ့အကြောင်းက ကျနော်တို့ ပြောဖို့လိုတဲ့အထဲက အဓိက အကြောင်းတခုပေါ့။ အထူးသဖြင့်တော့ လူငယ်တွေပေါ့ဗျာ။ သူတို့ဘဝ တိုးတက် အောင်မြင်ဖို့အတွက် စာဖတ်မယ်ဆိုလို့ရှိရင် ဘယ်လိုဘယ်ပုံ ဖတ်သင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့ဗျာ။ ဒီထဲကမှ စာအုပ်ကနေ ဘာတွေပေးတယ်၊ ဘာတွေရနိုင်တယ် စာအုပ်ကလူကို ဘယ်လောက် လွှမ်းမိုးမှုရှိတယ် ဆိုတာတွေ ပါတယ်။
လူငယ်တွေက စာမဖတ်ကြဖို့၊ လူငယ်တွေ တိုးတက်လာဖို့အတွက် ဘာတွေလိုအပ်မလဲ ခင်ဗျ။
လူငယ်တွေအတွက် တိုးတက်ဖို့ကတော့ဗျာ၊ ပညာပေါ့။ တကမ္ဘာလုံးကလည်း ပြောနေကြတာပဲ။ ပညာခေတ်မှာ သူများနဲ့ တန်းတူတတ်မှ၊ လေ့လာထားမှ၊ သင်ယူထားမှ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မှာ။ စာဖတ်ခြင်းကတော့ ကျောင်းပညာကို ပိုပြီးတော့ ဖြည့်စွက်တာပေါ့ဗျာ။ အခုအခါမှာတော့ ပညာကို တသက်လုံး လေ့လာသင်ယူ ဆည်းပူးနေရမယ်ဆိုတာ အဲဒါကိုပဲ ကျနော်က ထပ်ပြောမှာပါ။
လူငယ်တွေ စာရိတ္တအတွက်၊ တိုးတက်ရေး ကြိုးစားဖို့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေလား။ ဘာကြောင့်၊ ဘယ်လို ဆက်စပ်နေတာလဲ။
တဦးချင်းရဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆက်စပ်တာပေါ့ဗျာ။ လူငယ်တယောက်ချင်းရဲ့ ပတ်ဝန်းကျင်မှာတော့ အမျိုးမျိုးရှိမှာပေါ့ဗျာနော်။ အဲဒီလို အမျိုးမျိုးရှိတဲ့ထဲကမှ ဘယ်ဟာရဲ့ လွှမ်းမိုးမှုကို ခံယူသလဲဆိုတဲ့ ဟာတွေကလည်း တဦးချင်းရဲ့ ရွေးချယ်မှုပေါ့။ အဲဒါတွေသည်လည်းပဲ တဦးချင်းရဲ့ ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်ပြန်တာပေါ့ဗျာ။ သူကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်၊ သူနေခဲ့တဲ့ကျောင်း၊ သင်ခဲ့တဲ့ပညာ၊ သူဖတ်ခဲ့တဲ့ စာအုပ်၊ စာတမ်း၊ သူနီးစပ်တဲ့ လူကြီးမိဘပေါ့နော်။ အဲဒီလူတွေရဲ့ သြဝါဒ စသဖြင့် ဒါတွေနဲ့လည်း ဆိုင်တာပေါ့။
ဒီနေ့ မြန်မာနိုင်ငံက လူငယ်တွေရဲ့အခြေအနေတွေက ဘယ်လို ဖြစ်နေလို့လဲ။
အဲဒါကြီး တရပ်လုံးကို ခြုံငုံပြီးတော့ ပြောဖို့ကတော့ ခက်ပါတယ်ဗျာ။ လူငယ်တွေရဲ့ အခြေအနေနဲ့ လူကြီးတွေရဲ့ အခြေအနေ၊ နောက်ပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေ အဲဒီအပေါ်မှာပဲ ဆက်စပ်ပြီးတော့ ရှိနေတာပေါ့ဗျာ။
လူငယ်တွေဟာ အနာဂတ်မှာ ဘယ်လောက်အရေးပါနေလဲ။ လူငယ်တွေအပေါ်မှာထားတဲ့ ရည်ရွယ်ချက် ကလေးကို သိပါရစေ။
ပြောရိုးပြောစဉ် စကားတွေ ရှိပါတယ်ဗျာ။ လူငယ်ဆိုတာက နောက်တော့ ကြီးလာတဲ့အခါကျတော့ နေရာတိုင်းမှာ သူတို့ ဦးဆောင်ပြီး လုပ်ကြမယ်ဆိုတာလည်း ရှိတယ်။ ဦးဆောင်တဲ့ အခန်းကဏ္ဍမှာရှိတဲ့ လူက ဦးဆောင်ပေါ့။ နောက်လိုက်တဲ့လူက နောက်လိုက်ပေါ့။ အမှုမဲ့အမှတ်မဲ့ နေတဲ့လူကလည်း နေပေါ့ဗျာ။ ဒီအတိုင်းပဲ ရှိကြမှာပေါ့နော်။ ဘာပြောပြော ကျနော်တို့လို အသက်ကြီးတဲ့ လူကတော့ ပြောစရာရှိတာ ကိုယ့်ထက်ငယ်တဲ့လူကို ပြောပြကြရတာပေါ့ဗျာ။
ကြီးကြီးကျယ်ကျယ် ပြောမယ်ဆိုရင် ကိုယ့်သားသမီး၊ ကိုယ့်တူမ စသဖြင့် နီးစပ်တဲ့ လူတွေကို ဆုံးမစရာရှိရင် ဆိုဆုံးမ၊ ကောင်းရာမွန်ရာလေးတွေ ပြောကြဆိုကြတယ်ပေါ့ဗျာ။ အဲဒီနည်းတူပဲ ခြုံငုံပြီး ပြောရရင် လူငယ်တွေပေါ့ဗျာ။ သူတို့ကို တွေ့တဲ့အခါကျတော့ ကိုယ့်စိတ်ထဲမှာ ကောင်းမယ်မွန်မယ် ထင်တဲ့ဟာလေးတွေ၊ လုပ်သင့်ကိုင်သင့်တယ် ထင်တဲ့ဟာလေးတွေ ကျနော်တို့က ပြောတတ်တာပေါ့ဗျာ။
အန်ကယ်ရေးခဲ့တဲ့ စာအုပ်အရေအတွက် သိပါရစေ။ ဘယ်လိုစာအုပ်တွေက ပိုများလဲ။ ဘယ်စာအုပ်မှာ လူတွေပိုပြီး သိလာကြသလဲ။
အခုလောလောဆယ် နောက်ဆုံးထွက်တဲ့ စာအုပ်နဲ့ပေါင်းလို့ရှိရင် အုပ်ရေ ၄ဝ ရှိပါတယ်။ အခုနောက်ဆုံး ထွက်တဲ့ စာအုပ်ကတော့ “စာအုပ်ကမ္ဘာ” ပါ။ အဲဒီစာအုပ်က စာအုပ်တွေအကြောင်း ရေးတယ်။ စားရေးတဲ့ လူတွေအကြောင်း ရေးတယ်။ စာကြည့်တိုက်တွေအကြောင်း ရေးတယ်။ မူရင်းဝတ္ထုတို၊ ဘာသာပြန် ဝတ္ထုတိုလည်း ရေးဖူးတယ်။ အတ္ထုပ္ပတ္တိတွေလည်း ရေးဖူးတယ်။ ဘာသာပြန်တာရယ်၊ ပင်ကိုယ်ရေးရယ်၊ မှီငြမ်းပြီးပြုစုပြီး ရေးတဲ့ဟာတွေတော့ တော်တော်လေး စုံစုံရေးဖူးပါတယ်။ ပျမ်းမျှခြင်းအားဖြင့်တော့ ဘာသာပြန်တဝက်၊ ကိုယ်ပိုင်တဝက်လောက်တော့ ရှိပါတယ်။
အန်ကယ့်ကို ပထမဆုံး လူပိုသိပြီးတော့ ကျော်ကြားလာတဲ့ စာအုပ်က ဘယ်လိုစာအုပ်မျိုးလဲ။
အဲဒီလိုပြောဖို့ကတော့ နည်းနည်းခက်ပါတယ်ဗျာ။ ကျနော်တို့က စရေးတာတော့ တော်တော်ကြာပါပြီ။ ၁၉၇၄ လောက်ကပေါ့နော်။ အဲဒီတုန်းက ဘာသာပြန်တာပေါ့နော်။ အမေရိကန်စာရေးဆရာ Arthur Hailey ရဲ့ The Final Diagnosis ဆိုတာကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ဘာသာပြန်တယ်ဗျ။ အဲဒီစာအုပ်နဲ့ပဲ ပထမဆုံးအကြိမ် ပရိသတ်ရဲ့ အသိမှတ်ပြု ခံရတယ်ပေါ့ဗျာ။ အဲဒီနောက်မှာ ရုရှစားရေးဆရာ Anton Chekhov ရဲ့ Ward Six ဆိုတဲ့စာအုပ်ကို ဘာသာပြန်တယ်။ အဲဒီဘာသာပြန်လေးကလည်း သူ့ဟာနဲ့သူတော့ အသင့်အတင့် အသိအမှတ်ပြု ခံရတာရှိပါတယ်။ အခုနောက်ဆုံးထုတ်တဲ့ စာအုပ်တွေအကြောင်း စာအုပ်ကိုလည်း စိတ်ဝင်စားကြတာကို တွေ့တယ်။ ဆိုတော့ ဘယ်စာအုပ်မှာ ပိုပြီးတော့ ထူးထူးခြားခြား ဖြစ်သွားတယ်ဆိုတာ ပြောဖို့ခက်ပါတယ်။
အန်ကယ်ရေးတဲ့ စာအုပ်တွေထဲမှာ ဘယ်လိုစာအုပ်မျိုးတွေကို လူကြိုက်များတယ်လို့ ထင်ပါသလဲ။ ဘယ်လိုအသက်အရွယ်တွေက အကြိုက်များလဲဗျာ။
စိတ်ဓာတ်ကို လှုံ့ဆော်ပေးတဲ့၊ အားတက်အောင် လုပ်ပေးတဲ့ ဒီလိုစာအုပ်မျိုးတွေကတော့ လူတွေ တော်တော်အကြိုက်များကြပါတယ်။ သူတို့ဘဝအတွက် ကြိုးစားချင်စိတ် ရှိလာအောင်၊ ရည်မှန်းချက်တွေ ရှိလာအောင် စသဖြင့်ပေါ့။ ဘယ်ပုဂ္ဂိုလ်တွေကတော့ အရင်တုန်းက ဘာကြိုးစားရင်းနဲ့ နောက် ဘာတွေဖြစ်လာတယ်။ ဒီလိုအကြောင်းအရာတွေကတော့ ကျနော်တို့လည်း စိတ်ဝင်စားတယ်။ စိတ်ဝင်စားတော့ ဖတ်တယ်ပေါ့ဗျာ။ ကိုယ်ပြန်ရေးသင့်တယ်လို့ ထင်တဲ့အခါကျတော့ ရေးတယ်ပေါ့ဗျာ။ အထူးသဖြင့် လူငယ်လူလတ်ပေါ့ဗျာ။ ကိုယ့်ဘဝကို တည်ဆောက်ဖို့အတွက် စိတ်ကူးစိတ်သန်းရှိတဲ့ လူငယ်တွေပေါ့ဗျာ။
လူငယ်တွေအတွက် သီးသန့်ရည်ရွယ်ပြီး ထုတ်တာ ဘယ်နှအုပ်လောက်ရှိပါလဲ။
လူငယ်တွေအတွက်ဆိုပြီးတော့ သီးသန့်ပုံစံမျိုးနဲ့ ဆိုတဲ့သဘောမျိုးနဲ့ ဒီလိုတော့လည်း သိပ်ပြီးတော့ မရှိဘူးဗျ။ များသောအားဖြင့်တော့ လူစိတ်ဝင်စားတဲ့ဟာ၊ အများစိတ်ဝင်စားတဲ့ဟာပေါ့ဗျာ။ စာဖတ်တာကတော့ လူကြီးနဲ့ လူငယ်ဆိုရင် လူငယ်လူလတ်ပိုင်းတွေက ပိုဖတ်ကြတာပေါ့ဗျာ။ အဲဒီ သဘောပါပဲ။
အန်ကယ်စာရေးတဲ့အခါ စာဖတ်ပရိသတ်တွေအတွက် အန်ကယ်စိတ်ထဲမှာ ဘယ်လို ရည်ရွယ်ချက်မျိုး ထားလဲခင်ဗျ။
ရည်ရွယ်ချက်ဆိုတာကတော့ ကိုယ့်ခေါင်းထဲမှာရှိတဲ့ စိတ်ကူး၊ စိတ်သန်းပေါ့ဗျာ။ ဖြစ်ချင်တဲ့ဟာ၊ မြင်ချင်တဲ့ဟာပေါ့ဗျာ၊ ကိုယ့်ရင်ထဲမှာရှိတဲ့ ခံစားချက်ပေါ့ဗျာ၊ ယုံကြည်တဲ့ဟာ ဆိုပါတော့။ အဲဒါကတော့ စာရေးသူတွေရဲ့ သဘာဝပဲ။ အဲလိုဟာမျိုးတွေကို ကျန်တဲ့လူတွေ သိစေချင်တယ်ဗျာ။ ကိုယ်ခံစားသလို ကျန်တဲ့လူတွေလည်း ခံစားစေချင်တယ်။ ကိုယ်မြင်သလို ကျန်တဲ့လူတွေလည်း မြင်စေချင်တယ်ပေါ့ဗျာ။ အဲဒီလို ရည်ရွယ်ချက်တွေနဲ့ ရေးဖြစ်တာပါပဲ။ စာရေးဆရာ အများစုလည်း ဒီအတိုင်းပဲ ရေးဖြစ်ကြတာပါပဲ။
အန်ကယ်ရေးတဲ့ စာအုပ်တွေထဲမှာ ဆင်ဆာမိတဲ့ စာအုပ်တွေ ရှိခဲ့ဖူးလား။
စိစစ်ရေးမှာ အုပ်လိုက် ဆင်ဆာမိတယ်ဆိုတာမျိုးတော့ မရှိပါဘူး။ များသောအားဖြင့် မဂ္ဂဇင်းတို့၊ ဂျာနယ်တို့မှာ ရှိပါတယ်။ ၃-၄ ကြိမ်လောက် ထိပါတယ်။ အကြောင်းအရာတွေကတော့ အမျိုးမျိုးအဖြာဖြာပါပဲဗျာ။ သူ့အချိန်အခါနဲ့များ ဆိုင်သလား မသိပါဘူး။ စိစစ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အမြင်သဘောထားပေါ့ဗျာ။ အဲဒါတွေနဲ့လည်း ဆိုင်ပါတယ်။ ခင်ဗျားတို့လည်း သိမှာပေါ့။
ကျနော် အခုနောက်ဆုံးရေးတဲ့ “စာအုပ်ကမ္ဘာ” ဆိုတဲ့ စာအုပ်မှာဆိုရင် နိုင်ငံတကာမှာရှိတဲ့ အဲဒီလို ဆင်ဆာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အဲဒီလိုဖြတ်တောက်ခြင်း၊ ပိတ်ပင်ခြင်း စတဲ့ ပိတ်ပင်ခြင်းခံရတဲ့ စာအုပ်စာတမ်းတွေအကြောင်း ထည့်ရေးထားတာတွေ ပါတယ်ဗျ။
မြန်မာနိုင်ငံရဲ့ စာပေလွတ်လပ်မှုအပေါ် အန်ကယ့်အမြင်လေးကို ပြောပြပေးပါဦး အန်ကယ်။
အခုလုပ်နေတဲ့ အနေအထားမျိုးနဲ့ ကျနော်တို့ နေလာတာတော့ တော်တော်ကြာပြီပေါ့ဗျာ။ အခုအနေအထားမှာလည်း လုပ်ကိုင်နေတုန်းပဲ။ စာအုပ်ကို ကျနော်တို့က ရေးတယ်။ ရေးပြီးတော့ ပုံမနှိပ်ခင်မှာဘဲ စာပေစိစစ်ရေးရုံးကို တင်ရတာပေါ့ဗျာ။ အဲဒီက ခွင့်ပြုချက်ရလို့ရှိရင် အဲဒါကို ရိုတ်တယ်။ တချို့စာလုံး တလုံးတလေ၊ တပိုဒ်တလေ ခင်ဗျားပြောသလို တချို့လည်း အပုဒ်လိုက်ပေါ့ဗျာ။ ဒါမျိုး ဖြုတ်ခံရတာပေါ့ဗျာ။ ဒီပုံသဏ္ဍာန်နဲ့ သွားနေကြရတာပဲ။
အန်ကယ်အနေနဲ့ စာဖတ်ပရိသတ်တွေကို စကားလက်ဆောင်အနေနဲ့ ဘာပြောချင်သေးလဲ။
စာဖတ်တာ ကောင်းတာပေါ့ဗျာ။ စာထဲကနေပြီးတော့ အသိဥာဏ်ရတာပေါ့ဗျာ။ လူတွေဟာ တိရစ္ဆာန်တွေထက် ကွာခြားနေတာ အသိဥာဏ်ရှိလို့ပေါ့ဗျာ။ ဒီအသိဥာဏ်က မွေးရာပါလောက်နဲ့ နေလို့မရဘူး။ မလုံလောက်ဘူး။ သင်ရတယ်။ လူ့အဖွဲ့အစည်းက တိုးတက်လာတာနဲ့အမျှ သင်ရ၊ ကြားရတာပေါ့ဗျာ။ အဲဒီအခါကျမှ လူတန်းစေ့လာတယ်။ ပညာတတ်လာတယ်။ လူတန်းစေ့ ပညာတတ်မှ လူကြားထဲ ရပ်တည်လို့ရတယ်။ သူများထက် ပိုပြီးတော့သာအောင် ဆိုလို့ရှိရင်တော့ ကျနော်တို့က ပညာကို ပိုပြီးရှာဖို့ လိုတယ်။ ပညာကို ရှာတဲ့နေရာမှာ ကျောင်းမှာ ရှာတာရှိတယ်။ အပြင်ကနေပြီးတော့ ကိုယ်တိုင် လေ့လာတာရှိတယ်။ ကိုယ်တိုင် လေ့လာတယ်ဆိုတာမှာ စာအုပ်စာတမ်းတွေ ဖတ်တာက တနည်းပေါ့ဗျာ။ ဒါကြောင့်မို့ စာဖတ်တာ ကောင်းတယ်ဆိုပြီး ကျနော် ပြောလေ့ရှိတယ်။
ကိုယ်ရေး အတ္ထုပ္ပတ္တိ
|
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အဖ ဦးအောင်ငြိမ်း၊ အမိ ဒေါ်ခင်သိန်း တို့မှ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာ ၁၅-ရက်တွင် မွေးဖွားသည်။ သံတွဲမြို့ အစိုးရ အထက်တန်းကျောင်း အမှတ် (၁) မှ တက္ကသိုလ် ဝင်တန်း အောင်မြင်သည်။ ၁၉၇၅ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အမ်ဘီဘီအက်စ်ဘွဲ့ ရသည်။ ဆေးကျောင်းသား ဘဝမှ စတင်၍ စာပေရေးသားခဲ့သည်။ ၁၉၇၇-ခုနှစ်မှ ၁၉၇၈-ခုနှစ်အတွင်း အထွေထွေကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် အထိ ပြင်ပ အထွေထွေ ရောဂါကု ဆရာဝန် အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၎င်းနောက်တွင် စာပေ လုပ်ငန်း တစ်ခုတည်း ကိုသာ စူးစိုက် လုပ်ကိုင် ခဲ့သည်။ တက္ကသိုလ် ကျောင်းသား ဘဝက စ၍ စာများ စတင် ရေးသားသည်။ အစပိုင်းတွင် ဘာသာပြန် ဝတ္ထုများ၊ ထိုနောက် ၁၉၈၆ ခုနှစ်က စ၍ ပင်ကိုယ်ရေး ဝတ္ထုတိုများ ရေးသားသည်။ ၁၉၈၉ ခုနှစ် စ၍ အတ္ထုပ္ပတ္တိနှင့် အသုံးချ စိတ်ပညာ ဆိုင်ရာ စာပေများ ရေးသား ပြုစုခဲ့သည်။ "စာပေ ဂျာနယ်" ကို စတင် စီစဉ်သူ တစ်ဦး ဖြစ်၍ ဂျာနယ် အမှတ် - ၁၂ အထိ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ဇန်နဝါရီမှ ၁၉၉၁ အကုန်ပိုင်း အထိ "သင့်ဘဝ မဂ္ဂဇင်း" အယ်ဒီတာ အဖြစ် တာဝန် ယူခဲ့ပြီး၊ ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလက စတင်၍ "ဒီလှိုင်း မဂ္ဂဇင်း" ၏ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်လျက် ရှိသည်။ ဆရာကြီးနှင့် ဇနီးဒေါ်ခိုင်နွယ်ဦးတို့တွင် သားသမီး ၂ ယောက်ထွန်းကားခဲ့ပြီး သားဖြစ်သူမှာ ဒေါက်တာ မောင်ဖေဇော်ဦး ဖြစ်ပြီး သမီးဖြစ်သူ မချိုစုစုခိုင်တို့ဖြစ်ကာ ယခင်က အင်းစိန် မြို့နယ် နံ့သာကုန်း ရပ်ကွက် အဝေရာ လမ်းတွင် နေထိုင်ခဲ့ကြပြီး ယခုလက်ရှိတွင် ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်း ရွှေမာလာရိပ်မွန် တိုက်/N-အခန်းအမှတ် ၆ တွင်နေထိုင်လျက်ရှိသည်။ ဆေးရုံ၊ အချစ်ဦး၊ လူနာဆောင် အမှတ်ခြောက်၊ ကျွန်းနှင့် အခြား ဝတ္ထုတိုများ၊ အောင်မြင်မှု ချမ်းသာ သုခနှင့် ဓနဥစ္စာ၊ စိန်မြေဧကများစွာ၊ မဟာ ကရုဏာများနှင့် ဘာကြောင့် ခုထိ မချမ်းသာ သေးတာလဲ စသည့် စာအုပ်များသည် ဆရာ ဖေမြင့်၏ အောင်မြင် ကျော်ကြားသော စာအုပ်များ ဖြစ်ကြသည်။ ဆရာ ဖေမြင့်သည် လူသုံးပစ္စည်း ရောင်းသူများနှင့် အခြား ဝတ္ထုတိုများ စာအုပ်ဖြင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသား စာပေဆု (ဝတ္ထုတိုပေါင်းချုပ်ဆု) ရရှိခဲ့သည် |


