အင်တာဗျူး မြစ်ကြီးနား တက္ကသိုလ်ကို စစ်တိုင်းမှူးက ပိတ်ပစ်
မြစ်ကြီးနား တက္ကသိုလ်ကို စစ်တိုင်းမှူးက ပိတ်ပစ် Print E-mail
မဇ္ဈိမသတင်းဌာန   
ကြာသပတေးနေ့၊ အောက်တိုဘာလ 04 2007 23:36 - မြန်မာစံတော်ချိန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်အား အာဏာပိုင်များက စက်တင်ဘာ ၂၇ ရက်နေ့တွင် ရက်အကန့်အသတ်မရှိ ပိတ်ပစ်လိုက်ပြီး နယ်ကျောင်းသားများကို ယခုလ ၁ ရက်နေ့တွင် အတင်းအကျပ် နေအိမ်များသို့ ပြန်ခိုင်းနေသည်။

သံဃာတော်များ၏ ဦးဆောင်မှုအောက်တွင် ကျောင်းသားများ ပါဝင် ဆန္ဒပြလာမည်ကို စိုးရိမ်သဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အုန်းမြင့်၏ အမိန့်ဖြင့် မြစ်ကြီးနား တက္ကသိုလ်ကို ပြီးခဲ့သည့်လ ၂၇ ရက်နေ့မှ စတင်ကာ ရက်အကန့်အသတ် မရှိ ပိတ်လိုက်ခြင်း ဖြစ်ပြီး နယ်ကျောင်းသားတွေကို ယခုလ ၁ ရက်နေ့မှ စတင်ကာ နေရပ်သို့ ပြန်ခိုင်းလိုက်ခြင်း ဖြစ်သည်။

“ချက်ချင်းကြီး ပိတ်လိုက်တာပါ။ ပထမနှစ်တွေရဲ့ စာမေးပွဲ နောက်ဆုံးရက်မှာပေါ့။ ဘာကြောင့်လည်း ဆိုတော့ ကျောင်းသားတွေ ဆန္ဒပြလာမှာ စိုးလို့တဲ့။ အဝေးသင်နဲ့ ဒေး (နေ့ပိုင်း) တက်တဲ့လူတွေ အားလုံးကို ပိတ်လိုက်တာပါ။ တိုင်းမှူး ကိုယ်တိုင် ဆရာ၊ ဆရာမတွေကို ပြောထားတယ်တဲ့။ မနက်ဖြန်ကနေ ကျောင်းပိတ်လိုက်ပြီလို့ ဆရာမတွေ လာပြောတယ်။ ဒါပဲပြောတယ်။ တလလောက် ပိတ်မယ်လို့တော့ ပြောတယ်” ဟု ကျောင်းသားတဦးက မဇ္ဈိမကို ပြောသည်။

နယ်ကျောင်းသားများ နေရပ်ရင်းသို့ အမြန်ဆုံး ပြန်သွားနိုင်ရန်အတွက် တိုင်းမှူးက လေယာဉ်၊ မီးရထားနှင့် ကားလက်မှတ် အရောင်းဌာနများကို ကျောင်းသားများအတွက် ဦးစားပေး ရောင်းချရန် အမိန့် ထုတ်ထားသည်ဟုလည်း သိရသည်။

တက္ကသိုလ်ကျောင်းကို ပိတ်လိုက်ပြီ ဖြစ်သော်လည်း အထက်တန်း ကျောင်းများမှာမူ ဆက်လက်၍ ပုံမှန် ဖွင့်နေသည်။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့စွန် စီတာပူ ရပ်ကွက်တွင် တည်ရှိသည့် မြစ်ကြီးနား တက္ကသိုလ်တွင် မိုးကောင်း၊ မိုးညင်း၊ ဟိုပင်၊ ဗန်းမော် အစရှိသည့် နယ်မြို့များမှ ကျောင်းသူ ကျောင်းသားများမှာ ကျောင်းနှင့် မနီးမဝေးတွင် ဆောက်လုပ်ထားသည့် အဆောင်အခန်းများကို ငှားကာ စုပေါင်း နေထိုင်ကြရသဖြင့် ယခုလို ရုတ်တရက် ကျောင်းပိတ်ကာ နေရပ်သို့ ပြန်ခိုင်းနေသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟုလည်း သိရသည်။

“အဝေးကလာတဲ့ လူတွေဆို ပိုခက်တာပေါ့။ တချို့ဆို ပြန်ဖို့ လမ်းစရိတ် မရှိဘူးလေ။ နယ်က လာတဲ့လူက ပိုများတယ်။ ကျောင်းကတော့ ဖွင့်မယ်၊ မဖွင့်ဘူးဆိုတာ နိုဝင်ဘာ လကုန်လောက်မှ သိရမှာ ဆိုတော့ တချို့ နယ်ကျောင်းသားတွေက သူငယ်ချင်းအိမ်တွေမှာ ခိုကပ်နေရတယ်” ဟု အခြား ကျောင်းသား တဦးက ပြောပြသည်။

နိုင်ငံနှင့်အဝှမ်း သံဃာတော်များ၏ ဦးဆောင်မှုဖြင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေချိန်တွင် မြစ်ကြီးနားမြို့ရှိ ကျောင်းသားများကလည်း သံဃာတော်များ စီတန်း လှည့်လည်မှုတွင် လိုက်ပါခဲ့ကြရာ အာဏာပိုင်များက ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် ကျောင်းသားအချို့ ထွက်ပြေး တိမ်းရှောင် နေရသည်ဟုလည်း သိရသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved