ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ဝဝ၈ ခု နာဂစ်မုန်တိုင်းကြောင့် နိုင်ငံခြား ခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်မှု ကျဆင်းခဲ့သော်လည်း၊ ယခုနှစ်တွင် မေးမြန်းစုံစမ်းမှု ပိုများလာကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။
သို့သော် ယခုတလော ကမ္ဘာတလွှား ဖြစ်ပွားနေသော A (H1N1) တုပ်ကွေးရောဂါကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုနှင့် ခရီးသွားလုပ်ငန်း၏ အခြားသော အခြေအနေများကို ပိုမိုသိရှိနိုင်ရန်အတွက် ခရီးသွား လုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူးကို မဇ္ဈိမ သတင်းထောက် မေကျော်က ဆက်သွယ်မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။
အရင်နှစ်ကနဲ့ အခုနှစ် ခရီးသည် အဝင်အထွက် အခြေအနေကို သုံးသပ်ပေးစေချင်ပါတယ် ဆရာ။
အဝင်အထွက်ကတော့ ကျနော်တို့ ယမန်နှစ်ကထက် စာရင်ကတော့ Enquiry (စုံစမ်းမှု) ပိုများလာတယ်။ Enquiry ပိုများလာတဲ့ သဘောအရ - ဆိုပါတော့ ကျနော့်ကုမ္ပဏီမှာ အရောင်းအဝယ် ငြိတာမငြိတာထက် တခြားကုမ္ပဏီ တခုကတော့ ရမှာပဲ။ Enquiry သိသိသာသာ များလာတယ်။ ကျနော်တို့ မိတ်ဆွေဟောင်းတွေလည်း ပြန်လာတယ်။ ပြောရမှာတော့ ခက်တာပေါ့နော်။ H1N1 နဲ့ ဘာနဲ့မို့လို့ လျော့သွားစရာတွေ ရှိတယ်။ တချို့နိုင်ငံတွေလည်း လျော့သွားပါတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ အမြင်တော့ သိပ်ပြီးတော့ အများကြီး ဆိုးတယ်လို့ မမြင်ပါဘူး။ H1N1 လည်း ရှိနေတာပဲ။ ဒါပေမဲ့ Enquiry တွေ ရှိနေတယ်။ Enquiry တွေကနေ Confirm (အတည်) ဖြစ်သွားတာလည်း အများကြီးပါပဲ။
အရင်နှစ်နဲ့ အခုနှစ်နဲ့ ဧည့်သည် အဝင်ကို နှိုင်းယှဉ်ပေးပါဆရာ။
အရင်နှစ်နဲ့ ဒီနှစ်နဲ့ ဆိုရင်တော့ ပြန်တက်လာတယ်။ ၂ဝဝ၆ ခုနှစ်ကတော့ ကျနော်တို့ အမြင့်ဆုံး ထားတာပေါ့နော်။
ဆိုလိုတာက နာဂစ်ဖြစ်တဲ့ နှစ်ကထက်စာရင်တော့ ဒီနှစ်က H1N1 ဖြစ်တာထက်စာရင် တက်လာတယ်ပေါ့နော်။ အဲလိုများလားရှင်။
ဟုတ်ပါတယ်ခင်ဗျာ။
အခုကျတော့ ဘယ်နိုင်ငံတွေက အဝင်များပါသလဲဆရာ။
အခုကတော့ ထိုင်း Group (အုပ်စု) တွေ အဝင်များတယ်။ ထိုင်းက လူတွေတော့ ပိုများလာတယ်။ ဘုရားဖူးလာကြတဲ့ သဘောမျိုး short trip (ခရီးတို) လေးတွေပေါ့။ ထိုင်းက ပိုများတယ်။ ထိုင်းခရီးသည် တော်တော် တက်တယ်။
ထိုင်းကတော့ အိမ်နီးနားချင်းကို ဟိုဘက်ဒီဘက်ပဲ။ လာကြတယ်ဆိုတာကတော့ စိတ်ဝင်စားမှု တက်လာတာပေါ့။ ရုရှားကတော့ Testing (စမ်းသပ်) အဆင့်ပဲ ရှိပါသေးတယ်။ ရုရှားက ဘန်ကောက်ကို၊ ဖူးခက်ကို လာနေတဲ့ အရေအတွက်နဲ့ စာလို့ရှိရင် ကျနော်တို့ဆီကိုလာတဲ့ အရေအတွက်က အတော်ကို နည်းသေးတယ်။ မနှစ်က စပြီး တောက်လျှောက်ပေါ့။ အခုမှ စပြီး သွားကြတဲ့ ကုမ္ပဏီတွေ ရှိတယ်။ မော်စကိုက Travel Trip Show တွေပေါ့။ ကျနော်တို့ ၂ ခေါက်ရှိပြီ သွားကြတယ်။ မြန်မာကုမ္ပဏီတွေ သွားတယ်။ အခုမှ ကျနော်တို့ ဆွဲဆောင်နေတုန်းပဲ ရှိပါသေးတယ်။
ကျနော်တို့အနေနဲ့ Infrastructure (အခြေခံ အဆောက်အအုံ) လို့ ပြောရမှာပေါ့။ ဘာတွေလဲဆိုတော့ Language Speaking Guide (ဘာသာစကားပြော လမ်းညွှန်) တွေ ဘာတွေပေါ့။ ကျနော်တို့မှာ အားနည်းသေးတယ်။ အားနည်းနေတဲ့ အပိုင်းတွေလည်း ကျနော်တို့ ဖြည့်ဆည်းနေတုန်းပါ။ ဖြည့်ဆည်းနေတုန်းဆိုတာ သင်တန်းတွေဆိုရင်လည်း UFL ကနေ ရုရှားဘာသာစကားကို ဒီပလိုမာတွေ ရထားပြီးပြီ။ သူတို့သည် တိုးဂိုက်အနေနဲ့ လုပ်ဖို့အတွက် ဧည့်သည်ကို ရှင်းပြဖို့အတွက်က အဆင်သင့် မဖြစ်သေးဘူး။ နှစ်ခု ဆက်စပ်လို့ မရသေးဘူးပေါ့။
မာစတာလို့တော့ ပြောလို့ ခက်တာပေါ့နော်။ ဒါပေမဲ့ သူတို့ စာတွေ သင်ထားပြီ။ ပြီးတော့ Tourism Sector မှာ သုံးလို့ရအောင် ဆိုတဲ့ အခါမှာ လုပ်တုန်းဘဲရှိသေးတယ်။ Russian Market က ကျနော်တို့ မျှော်လင့်နေတာပေါ့။ ထိုင်းမှာတော့ တော်တော်ကိုများတယ်။ သူတို့ အရေအတွက်က ။ အဲလိုသဘောပါ။
ဒီနှစ်အတွင်း အစိုးရက ခရီးသွား မူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့ပေးမှုတွေ ရှိပါသလား။
မူဝါဒပိုင်းကတော့ ကျနော်တို့ကို ဆက်ပြီး အားပေးနေတာပဲပေါ့။ လုပ်ပါ။ မြှင့်တင်မှုတွေကိုလည်း ပိုပြီး ထိရောက်အောင်လုပ်ဖို့ အားပေးပါတယ်။ တောက်လျှောက် အားပေးပါတယ်။ ဆက်ပြီးတော့လည်း အားပေးပါလိမ့်မယ်။ မူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့မှု ဆိုတာကတော့ ဆိုပါစို့ Visa on Arrival (ဆိုက်ရောက်ဗီဇာ) လို ကိစ္စတွေပေါ့။ Visa on Arrival လို ကိစ္စတွေ ပီပီပြင်ပြင် ဖော်ဆောင်နိုင်မယ်ဆိုရင်၊ ပီပီသသ ဖော်ဆောင်နိုင်မယ်ဆိုရင် သိသိသာသာ တက်လာမယ်။
အခုတော့ သိသိသာသာ ပြောင်းလဲလာတာ မဟုတ်ပေမယ့် အရင်သွားနေတဲ့ Visa on Arrival ကျနော်တို့ တကယ်ခေါ်တာက Visa on Arrival မဟုတ်ဘူး။ On Arrival Visa လို့ ခေါ်ပါတယ်။ ဒီ On Arrival Visa ကို ဆက်ပြီးတော့ ခွင့်ပြုပါတယ်။
On Arrival Visa ဗီဇာကို ဆက်ပြီး သုံးခွင့်ရတယ် ဆိုတော့ ဘယ်တုန်းက စပြီး သုံးလို့ရတာလဲ။ အခုမှ ဘာကြောင့် ဆက်အသုံးချခွင့်ပေးတာလဲ။
ဗီဇာပေးတာက Record (မှတ်တမ်း) ကြည့်မှ သေချာသိမှာလေ။ ကျနော် သိတာက ၃ နှစ်လောက် ရှိပြီ။ ဆက်တိုက် သုံးခွင့်ရှိလာတယ်။ Prepare (ပြင်ဆင်မှု) တော့ လုပ်ရတာပေါ့။ Preparation တွေ အကုန်လုပ်ပြီးပြီ ဆိုရင် Travel Agent Operator တွေနဲ့ တောက်လျှောက်လုပ်လာပြီးတော့ အထူးသဖြင့် ရည်ရွယ်တာက ဥပမာ Spanish Market (စပိန်ဈေးကွက်) ကို ရည်ရွယ်တာ။ စပိန်မှာက မြန်မာသံရုံး မရှိဘူးဆိုတော့ သူတို့လို နိုင်ငံတွေကို လုပ်ပေးတယ်။ ဘာလို့လဲဆိုတော့ သူတို့အတွက် convenience မဖြစ်ဘူး။ တနိုင်ငံ တမြို့ကို သွားပြီး ဗီဇာသွားယူရမယ်ဆိုရင် ကျနော်တို့ ကုမ္ပဏီတွေကတဆင့် သွားယူလို့ ရတယ်။
အဲဒီဟာက တော်တော်လေး အဆင်ပြေတယ်။ ဒါကို အခု Modified (မွမ်းမံပြင်ဆင်မှု) တွေ ထပ်လုပ်တယ်။ အွန်လိုင်းကနေ ယူလို့ရတဲ့ ကုမ္ပဏီ ၂ ခုကို ခွင့်ပြုလာတယ်။ သူတို့က ဆက်စပ်မှုတွေ လုပ်ပေးလာတယ်ပေါ့။ ဝန်ကြီးဌာနတွေရော။ ဝန်ကြီးဌာနတွေက ဟိုတယ်/ ခရီးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗီဇာထုတ်ပေးမှာကိုး။ နိုင်ငံခြားမှာဆိုရင်၊ လူဝင်မှုကြီးကြပ်ရေးက On Arrival Visa ကို ဒီမှာ ထုတ်ပေးရမယ်လေ။
ဧည့်သည်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို Travel Agency တွေက ဟိုတယ်/ခရီး ဝန်ကြီးဌာနကို တင်ပြရတယ်။ ဒီလို ဝန်ကြီးဌာနတွေ ဆက်စပ်ပြီးတော့ သူက အွန်လိုင်းကနေပြီးတော့ လုပ်ပေးမှာပေါ့။ အမှန်က အွန်လိုင်း ဗီဇာဆိုတာ On Arrival Visa ကို အွန်လိုင်းကနေပြီးတော့ လုပ်ဆောင်တာပေါ့။ အဲဒါက တိုးတက်လာတာ။ မနှစ်ကထက်စာရင် တိုးတက်လာတာပေါ့။
မြန်မာ့ ဧည့်လမ်းညွှန်တွေ အနေအထားက ဘယ်လိုများရှိပါသလဲ။ မြန်မာ့ခရီးသွား ကဏ္ဍအတွက် ဧည့်လမ်းညွှန် လုံလောက်ပါသလား။
လုံလောက်ပြီလား၊ မလုံလောက်ဘူးလားဆိုတဲ့ ကိစ္စက အခု လက်ရှိ အနေအထားနဲ့ ပြောရမယ်ဆိုရင်တော့ ဧည့်သည်ပိုများရင်တော့ ပိုကောင်းတာပေါ့။ သူတို့အတွက် ဧည့်သည် နည်းနေသေးတယ်ဆိုတဲ့ သဘောတော့ ရှိသေးတယ်။
Quality (အရည်အသွေး) ပိုင်း အနေနဲ့ကတော့ သူတို့ မွမ်းမံသင်တန်းတွေ တက်ကြဖို့တော့ လိုတယ်။ တကယ်တန်း Active ဖြစ်နေတဲ့ Tour Guide တွေကတော့ ကုမ္ပဏီတွေကလည်း သူတို့ကိုပဲ စိတ်ချတယ်။ သူတို့ကိုပဲ ခေါ်တယ်။
ဆိုတော့ အားလုံးက လိုက်လျောညီထွေ မဖြစ်ဘူး။ ရှိသလောက် Tour Guide ကို အပြည့်အဝ အသုံးမချနိုင်သေးဘူး။
ကုမ္ပဏီတွေ အနေနဲ့လည်း ဒီ Tour Guide အသစ်နဲ့ မလွှဲလိုက်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မှားသွားလို့ရှိရင် ဧည့်သည်မှာ အရမ်း စိတ်အနှောင့်အယှက် ဖြစ်တယ်။ ကုမ္ပဏီမှာ Engage အရမ်းပျက်တယ်။ ဆိုတော့ ရှိလက်စ Tour Guide တွေကိုဘဲ ဖိဖိပြီးတော့ ခေါ်နေကြရတဲ့ အပိုင်းမျိုး ဖြစ်နေတယ်။ အဲဒီမှာ Tour Guide တွေဟာ ဝင်လာနိုင်ရမယ်။ ဝင်လာနိုင်ရမယ်ဆိုတဲ့ အခါမှာ သူတို့ဟာ Qualification တွေ ပြနိုင်ရမယ်။ သူတို့ကို ပြခွင့်ရအောင်ကလဲ…။ ဒါကတော့ ကြက်ဥနဲ့ ကြက်မနဲ့ ဘယ်သူစသလဲ ဆိုတာမျိုးပေါ့။
မခေါ်ဘဲ၊ မသုံးဘဲနဲ့ သူတို့ အစွမ်းအစကို ပြခွင့်မရဘူး။ တိုးတက်ခွင့် မရဘူးပေါ့။ ခုနက ကျနော် ပြောသလိုပါပဲ။
အဲဒါဆိုရင် Tour Guide အသစ်တွေ အနေနဲ့တော့ အခုလောလောဆယ် ခရီးသွားကဏ္ဍကို ဝင်တိုးလို့ မရဘူးပေါ့။ အဲလိုများ သုံးသပ်လို့ ရပါသလားရှင်။
မှန်ပါတယ်။ အခက်အခဲရှိတယ်။ သူတို့မှာ ဝင်တိုးဖို့ကတော့။ ဘာလို့လဲဆိုတော့ သူတို့မှာ သင်တန်းပေးနေဆဲ သဘောမျိုးနေရတဲ့ အပိုင်းလေးတွေ၊ ဘာလေးတွေ ရှိတယ်။ တွင်တွင်ကျယ်ကျယ် လုပ်ဖို့တော့ လိုသေးတယ်။ Under Training ဆိုတာကတော့ ဘယ် Industry မှာ မဆို ရှိရမှာပဲလေ။
လောလောဆယ်တော့ မြန်မာနိုင်ငံမှာ Tour Guide တယောက်အနေနဲ့ ရပ်တည်လို့ ရပါသလား။ သူတို့ရဲ့ ဝင်ငွေ အနေအထားက ဘယ်လိုများ ရှိပါသလဲ။
စောစောက ကျနော် ကောက်နုတ်ပြတဲ့ Active ဖြစ်နေတဲ့ သူတွေကတော့ ရပ်တည်လို့ ရပါတယ်။ ကျနော့် အမြင်ပေါ့နော်၊ Seasonally တခါ တလေ အလုပ်ပါးတဲ့ အခါ ရှိတယ်။ အလုပ်များတဲ့အခါ ရှိတယ်။
နောက်တခုက မြန်မာနိုင်ငံကို လာတဲ့ဧည့်သည်က ပုဂံသွားတယ် ဆိုတာကတော့ ဖော်မြူလာပေါ့နော်ဆရာ။ အဲဒါတွေအပြင် တခြား ဘယ်ဒေသတွေကို စိတ်ဝင်စားပါသလဲရှင့်။
ကျနော်တို့ကလည်း Traditional ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ပြီး Market ဈေးကွက် လုပ်ရတယ်။ ပုဂံ၊ မန္တလေး၊ ရန်ကုန်၊ အင်းလေး ဆိုတာကတော့ Classic Group ပေါ့နော်။ ကျနော်တို့ Tourism မှာတော့ အဲလို သုံးတယ်။ ဒီ Classic Group မှာတောင်မှ ကျနော် ထုတ်နုတ်ပြချင်တယ်။ အရေအတွက်အားဖြင့် မလေးရှားမှာ နှစ်စဉ် လာနေတဲ့ အရေအတွက်၊ ထိုင်းမှာ နှစ်စဉ် လာနေတဲ့ အရေအတွက်နဲ့ စာလို့ရှိရင် တနိုင်ငံလုံးကို လာတဲ့ အရေအတွက် အတော်နည်းသေးတယ်။
အဲဒါတွေ အပြင်ကတော့ သူတို့က မြောက်ဦးလိုဟာမျိုးကို အရမ်းသဘောကျတယ်။ ဥပမာ - ကန်ပက်လက်။ နောက်တခု ပူတာအိုဆိုရင် တော်တော်လေး ဖွံ့ဖြိုးမှု လုပ်နေပြီ။ နောက်ဧရာဝတီ မြစ်ထဲ Boat ကလေးတွေ စီးတာပေါ့။ Boat ကလေးတွေ ဆိုတာတောင် ကျနော်တို့ ဗမာစရိုက်၊ နိုင်ငံခြားသား စီးတဲ့ စရိုက်မျိုး မပါဘူး။ စီးဖြစ်တယ်ဆိုရုံ အမိုးလေးတွေ လုပ်ပေးထားတဲ့ ဟာလေးတွေကို ပိုသဘောကျတယ်။ ၂ ည၊ ၃ ည အဲလို ခရီးမျိုးတွေ ကြိုက်တယ်။
ဆက်ပြီး ကျနော်တို့ ဖော်ချင်တာက မြိတ်ကျွန်းစုလိုဟာမျိုး ကျနော်တို့ ဖော်ချင်သေးတယ်။
မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးက တခြား ခရီးသွားနိုင်ငံတွေနဲ့ စာရင် ပြုပြင်ဖို့ လိုအပ်နေသေးတာကရော Tourism Sector မှာ သက်ရောက်မှု ရှိပါသလား။
အဓိကက ကျနော်တို့ Operator တွေအနေနဲ့ စပြီးတော့ စီစဉ်ပြီဆိုကတည်းက ဒါတွေကို ထည့်ပြီး ပြောထားမယ်ဆိုရင် ကျနော်တို့ ဒါ ရပ်တည်လို့ ရပါတယ်။ ကြိုတော့ ပြောရမယ်။ ကျနော်တို့ ငွေဆောင်ကို သွားမယ်။ ပါဂျရို၊ လင့်ခရူစာနဲ့ သွားမယ်ဆိုရင် ၄ နာရီ ကြာမယ်။ အဲလိုပေါ့။ အဲဒါကို ကျနော်တို့က နည်းနည်းလောက် အပိုလေးဆောင်းပြီးတော့ ပြောထားရင်တော့ အဆင်ပြေပါတယ်။
သူတို့ကို ကြိုပြောထားဖို့ပဲ လိုတာပါ။ စိတ်ပျက်သွားတယ်ဆိုတာက သူတို့ကို ကြိုပြောမထားဘဲနဲ့ ကောင်းသလို ပြောထားရင်တော့ မကောင်းဘူး။ မကောင်းဘူးလို့ ပြောရမယ်ဆိုရင်လည်း ကျနော်တို့ ဒီအလုပ်လုပ်လို့ မရဘူး။ ကျနော်တို့က အနေအထား အမှန်လေးတွေကို ပြောထားရမယ်။ လိုအပ်ရင် ဓာတ်ပုံလေးတွေ ပို့ပေးရမယ်။ ဒါက ကျနော်တို့ ဘက်က ဖြောင့်မတ်မှု တခုကိုတော့ လုပ်ရမယ်။ ပရော်ဖက်ရှင်နယ် Ethic (ကျင့်ဝတ်) ပေါ့။ အဲဒါ ရှိဖို့ လိုတယ်။
Well Plan၊ Well Arrange ပေါ့။ ဒါက ထိခိုက်သလားဆိုတော့ မထိခိုက်ဘူး။ အဖြစ်မှန်ကို ပြောပြရမယ်။
နောက်တခုက လျပ်စစ်မီး အခက်အခဲ၊ Night Life ၊ နောက် အင်တာနက်ပေါ့နော်၊ အဲဒီ အခက်အခဲတွေက ဧည့်သည်တွေ နောက်တခေါက်လာဖို့ စိတ်ပျက်သွားနိုင်မလား။
အဲဒါကတော့ အသက်အရွယ်အုပ်စုနဲ့ ဆိုင်သွားတယ်။ လူငယ်ပိုင်းဆိုရင် ကျနော့် အတွေ့အကြုံကိုပဲ ပြောလို့ရမယ်နော်။ Industry တခုလုံးဆိုရင်တော့ သိပ်ပြီး ကျယ်ပြန့်သွားမယ် ထင်တယ်။
တခါက ဗြိတိန်က ဧည့်သည် တယောက်ပေါ့။ အသက် ၂၅ နှစ်လောက် ရှိမယ်။ သူကတော့ Night Life ကို မမေးဘူး။ သူက တရားထိုင်ဖို့ လာရှာတာ။ သူကိုယ်တိုင်က သက်သက်လွတ်သမား။
နောက်တယောက်ကတော့ အသက်ကြီးပိုင်းပေါ့။ အသက် ၇ဝ ကျော်။ အခုတခေါက်လာတာ ၅ ကြိမ်မြောက် ဖြစ်တယ်။ မှန်တယ်လေ မီးမမှန်လို့ Night Life မရှိလို့ဆိုတာကတော့ သူတို့ပေါ်မှာပဲ မူတည်တာပေါ့။







