(ကျောင်းသား ခေါင်းဆောင်ဟောင်း တဦးနှင့် ဆက်သွယ် မေးမြန်းချက်)
ချင်းမိုင် (မဇ္ဈိမ)။ ။ လွတ်လပ်သော ကျောင်းသားသမဂ္ဂများ မရှိသဖြင့် ပညာရေး အာမခံချက် မရှိနိုင်သလို၊ ဘဝပေါင်းများစွာ ပေးဆပ်ရကာ ဆုံးရှုံးနစ်နာမှု မြောက်မြားစွာ ဖြစ်ပေါ်ခဲ့ရသည်ဟု 7 July ကျောင်းသားခေါင်းဆောင် တဦးက ယနေ့ ပြောဆိုသည်။၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကျောင်းသားထု အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရန်ကုန်တက္ကသိုလ် ကျောင်းသားဆန္ဒပြပွဲကို ပြန်ပြောင်း အောက်မေ့ကာ ထို 7 July ကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်ဦးဆောင်ခဲ့သည့် သူက ယခုလို ပြောဆိုခြင်း ဖြစ်သည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ၏ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြင့် ဆန့်ကျင်ခဲ့သည်ကို သေနတ်နှင့် ပစ်သဖြင့် ကျောင်းသားများ သွေးမြေကျခဲ့ရသည့် ရန်ကုန် တက္ကသိုလ် ကျောင်းသား အရေးတော်ပုံကို ဂုဏ်ပြုကာ 7 July ပေါ်ပေါက်ခဲ့သည်။
ထို့နေ့ရက်တွင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျောင်းသား ရာပေါင်းများစွာ သေဆုံးခဲ့ရပြီး၊ နောက်တရက် ဇူလိုင်လ ၈ ရက်နေ့တွင်မူ စစ်ကောင်စီက ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း တည်ရှိသည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲခဲ့ပြန်သည်။
ယင်းဖြစ်ရပ်သည် ၄၇ နှစ်ရှိလာပြီ ဖြစ်သော်လည်း ကျောင်းသားများ၏ တောင်းဆိုချက်များကို မြန်မာစစ်အစိုးရ အဆက်ဆက်က လျစ်လျူရှုနေသည်သာမက ကျောင်းသားများကို ယနေ့ထိတိုင် ပြင်းထန်စွာ နှိပ်ကွပ်လာခဲ့သည်။
7 July အရေးတော်ပုံ ပေါ်ပေါက်လာခြင်းနှင့် ကျောင်းသားအခွင့်အရေး၊ မြန်မာ့နိုင်ငံရေး အခြေအနေများကို သိရှိနိုင်ရန်အတွက် ထိုစဉ်က ကျောင်းသားခေါင်းဆောင် (လုံခြုံရေး အခြေအနေအရ အမည်မဖော်လိုသူ) ကို မဇ္ဈိမသတင်းထောက် ဖနိဒါက မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။
ကျောင်းသားတွေဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ကိုယ်ကျိုးစွန့် ကြိုးစားနေတယ်။ ဘာကြောင့် မအောင်မြင်ရသေးတာလို့ ယူဆပါသလဲရှင်။
အဲဒါကတော့ ၆၂ ရှေ့ပိုင်း တမျိုး၊ ၆၂ နောက်ပိုင်း တမျိုးပေါ့နော်။ ဒို့ ဒီမိုကရက်တစ် Democratic structure က သိပ်ကြာတယ်။ လွတ်လပ်ရေး တခေတ်လုံးကြာတယ်။ အဲဒါ အရေးတကြီး ဝေဖန် စမ်းစစ်မှု လုပ်ရမယ်။ စွန့်လွတ်မှုတွေ အနစ်နာခံမှုတွေက သဘာဝအတိုင်းဘဲ ရှောင်လို့တော့ မရဘူးပေါ့နော်။ သို့သော် အန်ကယ်တို့ ထူးခြားချက်က မြန်မာပြည် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆ဝ လောက်မှာ သမိုင်းခေတ် ၂ ခေတ်လောက်ကို မြန်မာပြည်က ဖြတ်သွားတယ်။ နောက်အချက်ကတော့ အယူအဆ အရမ်းရှုပ်တယ်။ left လက်ဝဲမှာရော၊ Right လက်ယာမှာရော၊ အလယ်ခေါင်မှာရော အရမ်းများတယ်။ နောက်တချက်က Separation အရမ်းကြီးတယ်။
ကျောင်းသားအရေးတော်ပုံ ပေါ်ပေါက်လာတဲ့ အဓိက ရည်ရွယ်ချက်အကျဉ်းကို ပြောပြပေးပါလားရှင်။
ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်) ကျောင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်တာ၊ ဒီမိုကရေစီ အခွင့်အရေး၊ ပထမဆုံး ကျောင်းသား အသတ်ခံရတဲ့ အရေးတော်ပုံဆိုတာ ၅၆ ခုနှစ်မှာ။ အဲဒီအရေးအခင်းပြီးတဲ့ နောက်ပိုင်းမှာ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး) က ကျောင်းသားသမဂ္ဂတွေကို မလုပ်ရဘူးဆိုပြီးတော့ လုပ်လာတယ်။ ဒုတိယအချက်ကတော့ ပညာရေးပေါ့၊ ၆၂ နောက်ပိုင်း ရှင်းရှင်းပြောရရင် နိုင်ငံရေး သိပ်လွမ်းနေတဲ့အခါကျတော့ ပညာရေး ပြောတာ ဆိုတာတောင် မရှိဘူးလေ။
ကျောင်းသားဆိုတာ နိုင်ငံရေး လုပ်သင့်ပါသလားရှင်။
နိုင်ငံရေး လုပ်သင့်လားဆိုတော့ ကျောင်းသားဆိုတာ တကယ်တမ်းပြောရရင် နိုင်ငံရေး လုပ်ငန်းစဉ်တခုပဲ။ ကျောင်းသားတိုက်ပွဲမှာက not for power - အာဏာအတွက် မဟုတ်ဘူးပေါ့နော်။ အန်ကယ်တို့ လုပ်ခဲ့တာဟာ အာဏာရဖို့မှ မဟုတ်တာ။ အချိန်တချိန်မှာ ကျောင်းသားနဲ့ဆိုင်တဲ့ အဝန်းအဝိုင်း ရှိတယ်။ တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ နိုင်ငံရေး အခြေအနေကို ဖြည့်ဆည်းဖို့အတွက် လုပ်တာ။ အမှန်တကယ် ပြောရရင် ကျောင်းသားက အာဏာရဖို့ လုပ်နေတာ မဟုတ်ဘူး။ ဒီမိုကရေစီ ရဖို့ပဲ။ ကျောင်းသားတွေ လုပ်ခဲ့တာ Peace ပဲ လုပ်ခဲ့တာ။ ပညာရေးစနစ်ပြောင်းဖို့ ပေါ့နော်။ ဒါပြီးရင် ဒီမိုကရက်တစ် ပညာရေး ဖြစ်ဖို့ပေါ့နော်။
ဒီနေ့ မြန်မာနိုင်ငံမှာ အသင်းအဖွဲ့ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရတာ ဘာကြောင့်လို့ ထင်ပါသလဲ။ ဘာကြောင့် အရေးကြီးတယ်လို့ ယူဆသလဲရှင်။
ရှိသင့်တာပေါ့။ ဒါဟာ ဒီမိုကရေစီရဲ့ အဂါင်္တခုပဲလေ။ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လွတ် လပ်လပ် ဖော်ထုတ်ခွင့်၊ ဆန္ဒပြ ကြွေးကြော်ဖော်ထုတ်ဖို့ လိုတယ်။ ဘာကြောင့် အရေးကြီးသလဲဆိုတော့ တရားဝင် ဥပဒေ ဘောင်အတွင်းက လုပ်မယ်ဆိုရင် အဖွဲ့အစည်း မရှိဘဲ လုပ်လို့ မရဘူး။ အခု ကျောင်းသားတွေ လုပ်နေတာက They have no Organization ဖြစ်နေတယ်။ တကယ်တမ်းကျတော့ လက်တွေ့အရဆိုရင် ကိုပေါ် (ကိုမင်းကိုနိုင်) တို့ ဆိုရင်လည်း ကျောင်းသားတယောက်မှ မရှိဘူး။ ၈၈ အရိပ်တခုနဲ့ ရပ်တည်နေရတာ။ တချို့ပြောမယ်ဆိုရင် No labor Right ၊ အဲဒါကြောင့် လွတ်လွတ်လပ်လပ် ပြောခွင့်ဆိုခွင့် မရှိတဲ့အခါကျတော့ ပိုပြီး တင်းမာကျပ်တည်းမှု ဖြစ်လာတယ်။ ဒါက ဘာပြောမလဲဆိုတော့ ကျောင်းသားတွေ လိုအပ်တာက ဒီမိုကရက်တစ် အခွင့်အရေး - right ရှိရမယ်။ လွတ်လပ်စွာ တင်ပြခွင့် ရှိရမယ်။
ကျောင်းသားသမဂ္ဂ (ဗကသ) ကို တရားဝင် ဖွဲ့စည်းခွင့်မရတဲ့အတွက် ကျောင်းသားများ ပညာရေးမှာ ဘယ်လောက် အတိုင်းအတာအထိ နစ်နာမှု ရှိတယ်လို့ ယူဆပါသလဲရှင်။
နစ်နာတာပေါ့၊ အခုမှ နစ်နာတာ မဟုတ်ဘူး။ အန်ကယ်တို့ ကျောင်းသားဘဝကတည်းကနေ နစ်နာတာပါ။ ဒီသံသရာကတော့ ပြောလို့ကို မဆုံးနိုင်တော့ဘူး။ ဘယ်လောက် နစ်နာလဲ ဆိုတော့ ဘဝတွေကို ပေးနေရတယ်။ အခုပညာရေးက ဘာမှ အာမခံချက် မရှိဘူး။
မြန်မာနိုင်ငံအရေးမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဟာ ဘယ်လလောက်အထိ အရေးကြီးပါသလဲ။ တစုံတရာ အားကိုးလို့ရနိုင်မယ်လို့ ယူဆပါသလား။
ကျနော့်အမြင် ပြောမယ်။ အခုတလော ပြောနေကြတာပဲ။ ဒီနေ့အခါမှ နိုင်ငံကြီးတွေရဲ့ International Platform Strategy ကြားထဲမှာ ကျနော်တို့ ညှပ်ခံနေတယ်။ အဲဒါ တခု ပြောချင်တယ်။ အဲဒါရှိနေသရွေ့ အပြင်မှာ ဘယ်လောက်ပဲ ပြောနေနေ မြန်မာပြည်မှာ ဖြစ်နေတဲ့ အတိမ်အနက်ကို မသိဘဲနဲ့ မြန်မာပြည် လက်တွေ့နဲ့ကျတော့ အဝေးကြီးပဲ။
ဆဲဗင်း ဂျူလိုင် (7 July) ပေါ်ပေါက်လာပုံ အဖြစ်အပျက်တွေကို အခုခေတ် ကျောင်းသားလူငယ်များ သိရအောင် ပြန်ပြောပြပေးပါလား ရှင်။
၆၂ ကျောင်းသားလှုပ်ရှားမှုက အဆောင်စည်းကမ်းတွေ တင်းကျပ်တဲ့အပေါ်မှာ စတာပဲ။ ၇ ရက်နေ့မှာ အဲဒီတင်းကျပ်တဲ့ စည်းကမ်းတွေကို ဖျက်သိမ်းပေးဖို့၊ လွတ်လပ်ခွင့်ပေးဖို့။ ပုဒ်မ ၁၄၄ Curfew ထုတ်တာကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တယ်။ ညမှာ အစည်းအဝေးလုပ်နေ၊ မနက်ပိုင်းမှာ ၃ နာရီလောက်တော့ အဆောက်အအုံကို ဖြိုခွဲတယ်။ ညနေ ၄ နာရီလောက်တော့ တပ်က နေရာယူလိုက်တယ်။
နောက်ပိုင်းမှာ မြန်မာပြည်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေက တော်လှန်ရေး ကော်မရှင်ကို အကုန်လုံး ထောက်ခံလိုက်တာ။ အန်ကယ်တို့ကျောင်းသားတွေဘဲ အထီးကျန်နေခဲ့တယ်။ အဲဒီမှာ ကျောင်းသားညီညွတ်ရေးတပ်ဦး၊ ဗကသ၊ တက္ကသိုလ် သမဂ္ဂ၊ ရန်ကုန် တက္ကသိုလ် လူမျိုးစု ကျောင်းသားများ အဖွဲ့ချုပ် စတာတွေ ရှိခဲ့တယ်။
ဆဲဗင်း ဂျူလိုင် (7 July) ကျောင်းသားအရေးတော်ပုံနေ့ အမှတ်တရ စကား ဘယ်လိုပြောချင်ပါသလဲ။
အမှန်တကယ် ပြောရမယ်ဆိုရင် လူ့အဖွဲ့အစည်းတခုမှာ ငြိမ်းချမ်းရေးမရှိဘူး။ ဒီမိုကရေစီလည်း မရှိဘူး၊ ပညာရေးကလည်း အာမခံချက် ပေးနိုင်လောက်တဲ့ ပေါ်လစီ မရှိဘူးဆိုရင်တော့ ရှေ့လျှောက်ဖို့က မလွယ်တော့ဘူး ဖြစ်နေပြီ။ ကျောင်းသားဆိုတဲ့အတွက် ပညာရေးနဲ့ တဖက်မှာ နိုင်ငံရေးစနစ် ရှိတာပေါ့လေ။







