Home > အင်တာဗျူး > မစ္စတာဘန် ခရီးစဉ်နဲ့ ပတ်သက်လို့ သူတို့အတွေး သူတို့အမြင်
မစ္စတာဘန် ခရီးစဉ်နဲ့ ပတ်သက်လို့ သူတို့အတွေး သူတို့အမြင်
မြင့်မောင်
|
စနေနေ့၊ ဂျူလိုင်လ ၀၄ ရက် ၂၀၀၉ ခုနှစ် ၀၀ နာရီ ၁၂ မိနစ်
အင်တာဗျူး
နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယနေ့မှ စတင်၍ ၂ ရက်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိနေပါသည်။
မစ္စတာဘန်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အတိုက်အခံ အင်အားစုများနှင့် မြန်မာစစ်အစိုးရအကြား တွေ့ဆုံဆွေးနွေးကာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတရေး ဟူသော ရည်ရွယ်ချက် ၃ ချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။
ယနေ့ ရောက်ရှိလာသည့် သူ၏ ခရီးစဉ်နှင့် ကုလသမဂ္ဂ၏ မြန်မာ့အရေးဆိုင်ရာ အခန်းကဏ္ဍအပေါ် ပြည်တွင်းရှိ နိုင်ငံရေး ခေါင်းဆောင်များ၏ အမြင်သဘောထားများ သိရှိနိုင်ရန်အတွက် မဇ္ဈိမသတင်းထောက်က ဆက်သွယ်မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
ဦးအေးသာအောင်
(အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားပြု ကော်မတီ)
မစ္စတာဘန်ကီမွန်း ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဘန်ကီမွန်းက ဒီကို မလာခင် ပြောခဲ့တယ်။ သူ ပြောထားတဲ့ တောင်းဆိုချက်တွေကို ရလဒ်ကောင်းတွေရမှ လာမယ်လို့ ပြောခဲ့တယ်။ အဓိက သူ တောင်းဆိုတာက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ရမယ်။ အားလုံး ပါဝင်နိုင်ဖို့ နိုင်ငံရေးအမြင်ကို သဘောပေါက်ပြီးတော့ ရလဒ်ကောင်းတွေ ရရင်တော့ သူ လာမယ်လို့ ပြောခဲ့တာ ရှိတယ်။
မစ္စတာဘန်ကီမွန်း မလာခင်မှာ မစ္စတာဂမ်ဘာရီ လာတယ်။ ဂမ်ဘာရီနဲ့ အစိုးရ ဘာတွေ ညှိနှိုင်းလို့ ဘာတွေ သဘောတူညီချက်ရတယ် ဆိုတာတော့ အန်ကယ်တို့ မသိဘူး။ အခုလာပြီ ဘန်ကီမွန်းက။ ဘာရလဒ်ကောင်းတွေ ရလို့ လာတယ်ဆိုတာကိုတော့ အန်ကယ်တို့ မသိဘူး။ ဒီကို ရောက်မှပဲ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မလား။ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်မလား။ ဒီလို ရလဒ်ကောင်းတွေ ရလာမယ်ဆိုရင်တော့ ကြိုဆိုရမှာပေါ့။
ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချဖို့ လုပ်နေတဲ့ အချိန်အခါမျိုးကျမှ နိုင်ငံတကာတွေ၊ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေကပါ နအဖကို ပြစ်တင်ဝေဖန်လာတဲ့ အချိန်အခါမျိုးမှ ဘန်ကီမွန်းကို နအဖက ခေါ်ပြီးတော့ ဘာတွေ လုပ်တော့မယ် ဆိုတာကိုတော့ ပြောလို့ မရသေး။
ဒါပေမဲ့ ကျနော့်အမြင် ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့၊ မင်းကိုနိုင်တို့လို ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ မလွှတ်ဘဲနဲ့ ခါတိုင်းလို လွှတ်တဲ့နည်းနဲ့ နိုင်ငံရေးအကျဉ်းသား တချို့နဲ့ ရာဇဝတ်သားတွေကို ရောပြီး လွှတ်ပြတာမျိုး နောက်တော့ ဖြစ်မလား မပြောတတ်ဘူး။ အဲဒီလောက်တော့ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့တော့ ထင်တယ်။
ကုလသမဂ္ဂ တာဝန်က ကုသမဂ္ဂ အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်က ဆုံးဖြတ်ခဲ့ပြီးပြီ။ အဲဒါက အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားတွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်တယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ် ဂမ်ဘာရီ လာတဲ့အခါ ဘာဖြစ်လာလဲဆိုတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို အမြန်ဆုံး လုပ်ရေးဆိုတာတွေ လုပ်လာတယ်။ ဒါတွေက ကုလသမဂ္ဂ တာဝန် မဟုတ်ဘူး။ ကုလသမဂ္ဂ တာဝန်က နအဖနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဖြစ်အောင်လုပ်ဖို့။ အဲဒါမျိုး မလုပ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ဖို့ ပြောတာမျိုး၊ ဒါတွေက ကုလသမဂ္ဂရဲ့ အလုပ် မဟုတ်ဘူး။ ကုလသမဂ္ဂဟာ တကယ် ကိုယ်လုပ်ရမယ့် အလုပ်ကို မလုပ်ဘဲနဲ့ မဆိုင်တဲ့ ဟာတွေကို လုပ်နေတာမျိုးတွေကိုလည်း တွေ့နေရတယ်။
ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာခဲ့ပေမယ့် မြန်မာ ပြည်သူလူထုတွေအတွက် အကျိုးရလဒ် တစုံတခု ဘာမှ မရဘူး။ အခုတခေါက် ဘန်ကီမွန်း ကိုယ်တိုင်လာရင်ရော အကျိုးရှိနိုင်မလား။ သူရော ကုလသမဂ္ဂရဲ့ ပါဝါကို ဘယ်လောက်ထိ အာရုံစူးစိုက်ပြီးတော့ လုပ်မလဲ၊ အကယ်၍ သူပြောတာတွေကို နအဖ က လက်မခံဘူးဆိုရင် သူ ဘယ်လို လုပ်မလဲဆိုတာကို စောင့်ကြည့်ရအုံးမယ်။
ဘန်ကီမွန်း လာတဲ့ အစီအစဉ်ကို ကြည့်ရတာ တိုးတက်မယ့် လက္ခဏာ အခုချိန်ထိ မမြင်ရသေးဘူး။ အဓိကကတော့ နအဖရဲ့ သဘောထားပေါ့။ အန်ကယ်ရဲ့ သဘောထားက တိုင်းပြည်မှာ တကယ် အကျပ်အတည်း ဖြစ်နေတဲ့ အချိန်မျိုး၊ အဲဒီလိုကာလမျိုးမှာ တကယ်တမ်းကျတော့ ရွေးကောက်ပွဲ အနိုင်ရပါတီ ရှိတယ်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ ရှိတယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရှိတယ်၊ ဒီအဖွဲ့အစည်းတွေနဲ့ စေတနာကောင်းနဲ့ ဆွေးနွေးပြီးတော့ ဒီအချိန်မှာ ဒီလောက်တော့ လုပ်နိုင်တယ်။
ဒါတွေ ဒါတွေတော့ မလုပ်နိုင်သေးဘူးဆိုတဲ့ သဘောမျိုးနဲ့ အပေးအယူလုပ်၊ ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ တကယ့်ရလဒ်ကောင်းတွေ ရနိုင်တယ်။ ဒါပေမဲ့ နအဖမှာ အခုချိန်ထိ ဒီလိုသဘောထားမျိုးတွေ၊ ဒီလို စိတ်နေစိတ်ထားတွေ အပြူအမူမျိုးတွေ မတွေ့ရဘူး။ အဲလို နအဖရဲ့ သဘောထားတွေကို သိနေပါလျက်နဲ့ ကုလသမဂ္ဂက မှေးပြီးတော့ နအဖ ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် ဒါက ဘာမှ အကောင်အထည်ပေါ်မှာ မဟုတ်ဘူး။
သူပြောထားတဲ့ အချက် ၃ ချက်မှာ သူ ဘာတွေ ဖြစ်မြောက်အောင် လုပ်ပေးနိုင်မလဲဆိုတဲ့ အပေါ်မှာ အန်ကယ်တို့ ကြိုဆိုပါတယ်။ ဘန်ကီမွန်း ၂ ရက်အတွင်းမှာ ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတဲ့ အပေါ်မှာပဲ ကျနော်တို့က သူ့ကို အကဲဖြတ်နိုင်မှာပါ။
ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း
သူလာတဲ့ ကိစ္စကတော့ အလွန်ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတယ်လို့ပဲ ယူဆပါတယ်။ ဒါကို ကြိုဆိုပါတယ်။ သူနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရပါစေလို့လည်း ဆုတောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အချက်တွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကုန်လုံး လက်ခံလာနိုင်အောင် ပြောနိုင်ပါစေ၊ ဆွေးနွေးနိုင်ပါစေ၊ တင်ပြနိုင်ပါစေလို့ ဆုတောင်းပါတယ်။
သူက ကမ္ဘာ့ကုလသမဂ္ဂ အတွင်းဝန်ချုပ်အနေနဲ့ အရှိန်အဝါအရ၊ ပုဂ္ဂိုလ်ရေးအရ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ချဉ်းကပ်ပြီးတော့ ဆွေးနွေးသွားလို့ ရှိရင်တော့ ထိုက်သင့်သလောက် အကျိုးအမြတ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။
ကုလ အထွေထွေညီလာခံက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ခဲ့တာ ရှိတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီးတော့ အမျိုးသားညီညွတ်ရေး တောင်းပါဆိုပြီးတော့ လုပ်တယ်။ အတွင်းဝန်ချုပ်အနေနဲ့က မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ တိုက်တွန်းပြောဆိုတာတွေ ရှိတယ်။ အတွင်းဝန်ချုပ်အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့ တစိုက်မတ်မတ်နဲ့ ဆောင်ရွက်သွားဖို့ သူ့မှာ တာဝန်ရှိတော့ လုပ်ငန်းတာဝန်အနေနဲ့ရော၊ ပုဂ္ဂိုလ်ရေးအရအနေနဲ့ရော မြန်မာပြည်အရေးကို စိတ်ဝင်စားပြီးတော့ လာရောက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တင်ပြပြောဆိုနိုင်အောင်၊ ဆွေးနွေးနိုင်အောင်၊ ဆောင်ရွက်နိုင်အောင် စီစဉ်တယ်လို့ ယူဆပါတယ်။
အခုလို ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတယ်ဆိုတော့ ကြိုဆိုပါတယ်။ သူလုပ်ချင်တဲ့ လုပ်ငန်းနဲ့ ဆောင်ရွက်ချက် အားလုံး အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။ ကုလသမဂ္ဂက မြန်မာအစိုးရကို အမိန့်ပေးနိုင်တာမှ မဟုတ်တာ။ သိပ်ပြီးတော့ လွန်ကဲလာလို့ရှိရင် လုံခြုံရေးကောင်စီနဲ့ ဆုံးဖြတ်တာတို့၊ အရေးယူတာတို့ ရှိနိုင်တယ်။
မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ လက်ရှိ အခြေအနေ အကျပ်အတည်းတွေ၊ ကျော်လွန်နိုင်ဖို့ ဆိုတာကိုတော့ ကုလသမဂ္ဂ လာပြီးတော့ တတ်နိုင်သလောက် တိုက်တွန်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ လုပ်သင့်၊ လုပ်ထိုက်၊ လုပ်ရမယ့်၊ တာဝန်အရ လုပ်သွားရမယ်လို့ ဒီလိုပဲ ယူဆပါတယ်။ တချိန်တုန်းကတော့ တရုတ်၊ ရုရှားတို့က အမြဲတမ်း အစိုးရဘက်က တဖက်သတ်လိုက်တဲ့ သဘောဖြစ်ခဲ့တာ တွေ့ရပေမယ့် အခုတော့ လေသံတွေက အရင်လောက် မဟုတ်တော့ဘူး။ တရုပ်၊ ရုရှားတို့က ထိုက်သလောက် ကုလသမဂ္ဂမှာ အများဆန္ဒ လေးစားတဲ့ သဘောအနေနဲ့ တော်တော်လေး ပျော့ပြောင်းလာတာကို တွေ့လာရတယ်။ ဗမာအစိုးရအနေနဲ့ လက်ရှိ ကမ္ဘာ့နိုင်ငံတွေရဲ့ ဆန္ဒရော၊ ဗမာပြည်သူလူထုရဲ့ ဆန္ဒရော တွေ့ဆုံဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပြီးတော့၊ တွေ့ဆုံဆွေးနွေးပြီးတော့ ဗမာပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း ကိစ္စတွေကို ဆောင်ရွက်သွားဖို့ပဲ လိုတယ်လို့ တိုက်တွန်းချင်ပါတယ်။
ကိုရဲထွန်း
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်
မစ္စတာဘန်ကီမွန်း ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ အဓိက ရည်ရွယ်ချက်က နာဂစ် အကူအညီပေးရေးအတွက် သုံးပွင့်ဆိုင် ဆွေးနွေးဖို့ ဖြစ်တယ်။ နောက်တခုက နိုင်ငံရေးတိုးတက်မှု အခြေအနေ၊ အလားအလာတွေကို ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲဖြစ်ရင် UN က ဘာတွေ ကူညီရမလဲဆိုတဲ့ မေးခွန်း ရှိထားတယ်။ သူတို့ အဲဒီကိစ္စတွေ ဆွေးနွေးကောင်း ဆွေးနွေးမယ် ထင်ပါတယ်။
UN ဆိုတာက လုံခြုံရေး ကောင်စီလို မဟုတ်ဘူး။ လုံခြုံရေးကောင်စီက ကိုယ်စားလှယ် ဖွဲ့တာမျိုးဆိုရင်တော့ တမျိုးပေါ့။ ကိုဆိုဗိုတို့လို ထူးခြားတဲ့ ကိစ္စမျိုးဆိုရင် ၃ ယောက်လောက်နဲ့ ဖွဲ့ပေးတာမျိုးတို့ ရှိတယ်။ မြန်မာနိုင်ငံက အဲဒီလောက်ကြီး ဆိုးဆိုးရွားရွား ဖြစ်တယ်ဆိုပြီးတော့ သူတို့ လွှတ်ပေးလောက်တဲ့ အခြေအနေ မရှိဘူးလို့ သုံးသပ်တယ်လို့ ထင်ပါတယ်။
UN အတွင်းမှူးချုပ်ရုံးကိုပဲ လွှဲအပ်ထားတာကို၊ အတွင်းရေးမှူး အက်ရှင်ပဲ ရှိတာကိုး။ သူကတော့ ပုံမှန်အတိုင်းပဲ သွားနေမှာပဲ။ သူတို့ လုပ်ပိုင်ခွင့် အားနည်းတာကတကြောင်း သူတို့ရဲ့ လုပ်ပိုင်ခွင့်ကလည်း ဒါပဲ ရှိတယ်။ သူတို့က ဒီကနေ မေးမြန်းသွားမယ်။ နီးစပ်ရာ လုံခြုံရေးကောင်စီမှာ တင်ပြမယ်။ ပြီးရင် သူတို့ လုပ်ငန်း ထပ်ဆွဲမယ်။ လာပြီး လေ့လာမယ့် အလုပ်ပဲရမယ်။
ဦးဝင်းတင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်
မစ္စတာဘန်ကီမွန်း ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ကြိုဆိုပါတယ်။ အတွင်းရေးမှူးချုပ်အနေနဲ့ ကြားဝင်ဖျန်ဖျေ ဆောင်ရွက်ပေးမှုကလည်း အရမ်းအရေးကြီးတယ်။ နိုင်ငံခြားရေးဝန်ကြီးတယောက်၊ ဝန်ကြီးတယောက်၊ ပါတီခေါင်းဆောင်တယောက် လာတာမျိုးမဟုတ်။ သူက ကြားဝင်ဖျန်ဖျေတယ်ဆိုတာက ဘက်နှစ်ဖက်ပေါ့ဗျာ။ စစ်အစိုးရဘက်နဲ့ ကျနော်တို့ ဒီမိုကရေစီဘက် ကြားထဲမှာ ဝင်ပြီးတော့ ကြားဝင် ဆောင်ရွက်ခြင်း၊ ကြားဝင်ညှိနှိုင်းခြင်း လုပ်တဲ့အတွက် ဒီခရီးက အရေးကြီးတယ်လို့ ကျနော် သဘောထားတယ်။
ဘန်ကီမွန်း ခရီးစဉ်မှာ ပါလာတာ၊ ဟိုအရင်တုန်းက ပါလာတာ မူ ၅ ချက်တို့ ဘာတို့ မဟုတ်ဘူး။ အခုဟာက မူ ၃ ချက် ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ရွေးကောက်ပွဲ ကျင်းပရေးပေါ့ဗျာ။ ဒါနဲ့ ပတ်သက်လို့ မနေ့က ဒေါ်စု ပြောခဲ့တဲ့ စကားရှိတယ်။ ဘာလဲဆိုလို့ရှိရင် ဒီအချက်တွေက ဆွေးနွေးသင့် ဆွေးနွေးထိုက်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်လို့ ဒေါ်စုက ထောက်ခံလိုက်တယ်။
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရင် ကျနော်တို့ သဘောတူတယ်။ ကျနော်တို့ တလျှောက်လုံး တောင်းနေတာ ဂမ်ဘာရီ လာတဲ့ အချိန်တုန်းက ပြောပြီးသား။ ဦးစားပေး တောင်းဆိုချက်က ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး တောင်းဆိုချက်က အဓိက ဦးစားပေး အချက် ဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးရေး ဆိုတာက NLD အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေက တောင်းနေတာပဲ။ ကျနော်တို့ ကိုင်စွဲပြီးတော့ တောင်းဆိုခဲ့ဟာ ဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ကတော့ ကျနော်တို့ ဘာမှ ပြောစရာ မရှိဘူး။ ကျနော်တို့ သဘောကျတယ်။ လိုလားတယ်။ ကျနော်တို့ ကြိုဆိုထောက်ခံတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နည်းနည်းလေး ပြဿနာ ရှိလာတယ်။ ရွေးကောက်ပွဲက တရားမျှတတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ၊ နိုင်ငံတကာ ကြီးကြပ်မှု ရွေးကောက်ပွဲ၊ ကုလသမဂ္ဂက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲ ဆိုတာမျိုးကို ပြောနေကြတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်လို့ ကျနော်တို့က ဘာမှ သဘောမထားဘူး။
ကျနော် သဘောထားတာ တခုပဲ ရှိတယ်။ နိုင်ငံရေးအဖွဲ့အစည်းများအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့တွေ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး၊ NLD ၊ နယ်စပ်ဒေသမှ တိုင်းရင်းသား အဖွဲ့အစည်းတွေကရော ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်အားစုများ တောင်းနေတာက အခြေခံဥပဒေဟာ ဒီမိုကရေစီလည်း မဆန်ပါဘူး။ ဒီမိုကရေ စံနှုန်းတွေနဲ့ မညီရုံတင် မဟုတ်ဘူး၊ ဒီမိုကရေစီ အင်္ဂါရပ်တွေနဲ့ မပြည့်စုံရုံတင်မဟုတ်ဘူး၊ ပြည်သူတွေက စစ်တပ်အုပ်ချုပ်မှုအောက်မှာ နောက်ထပ် နှစ်ပေါင်းများစွာ တရားဝင် ဆက်လက် သယ်ဆောင်သွားနိုင်တဲ့ အခြေခံဥပဒေမျိုး ဖြစ်တဲ့အတွက် ဒီအခြေခံ ဥပဒေကို ပြင်ပါလို့ တောင်းခဲ့တယ်။
မစ္စတာဘန်ကီမွန်းတို့ပြောတဲ့ အားလုံး ပါဝင်ပတ်သက်တဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် ယုံကြည်စိတ်ချရတဲ့ အနေအထားမျိုးနဲ့ ရွေးကောက်ပွဲ ကျင်းပရေးကို လက်မခံပါဘူး။ ပွဲက ဒီလောက်နဲ့ မပြီးပါဘူး။ ပြီးဖို့လို့တဲ့ ရွေးကောက်ပွဲအတွက် အလိုအပ်ဆုံး၊ ရွေးကောက်ပွဲ အခြေအနေကောင်း ပေါ်ရေးအတွက် အလိုအပ်ဆုံး အချက်က ဘာလဲဆိုတော့ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရေးသဘောနဲ့ နိုင်ငံရေး အဖွဲ့အစည်းအနေနဲ့ ကြည့်ပြီး ပြောမယ်ဆိုရင် အချက် ၃ ချက်နဲ့ ထောက်ခံတယ်။ သဘောတူတယ်။ သို့သော် တချက်မှာတော့ ရွေးကောက်ပွဲဆိုတဲ့ အချက်၊ တချက်မှာတော့ အခြေခံဥပဒေကို ပြင်ပါဆိုတဲ့ အချက်ပို ပြောချင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ ရွေးကောက်ပွဲကို ဆွေးနွေးချင်တယ်လို့ ပြောချင်တယ်။
ကျနော့် သဘောထား အနေအထားနဲ့ ပြောချင်တာက သိပ်ပြီးတော့ အကြောင်းထူးတော့မှာ မဟုတ်ပါဘူး။ မစ္စတာဘန်ကီမွန်း လာတာ၊ မလာတာ သိပ်တော့ အကြောင်းထူးမှာ မဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် မစ္စတာဘန်ကီမွန်း မလာခင်တုန်းက ဂမ်ဘာရီ လာတဲ့ ကိစ္စကို ပြောရမှာပေါ့။ ဂမ်ဘာရီကိုလည်း ခပ်ကြမ်းကြမ်းပြောရရင်၊ နိုင်ငံရေးမဆန်တဲ့ စကားနဲ့ပြောရရင် ဂမ်ဘာရီကို အယုံအကြည် မရှိဘူး။ လူထု ဦးစိန်ဝင်းပြောတဲ့ စကားကို ပြောရရင် ဂမ်ဘာရီက လိမ်နေတာပဲ၊ ကုလသမဂ္ဂကိုလည်း ပြန်လိမ်တယ်၊ ဒီဘက်ကျတော့လည်း စစ်အစိုးရနဲ့ ပေါင်းလုပ်နေတယ်ဆိုတဲ့ သဘောထားတွေ ရှိတယ်။
ကျနော့်အနေနဲ့ ဂမ်ဘာရီအပေါ် အယုံအကြည် မရှိဘူး။ ဂမ်ဘာရီရဲ့ နိုင်ငံရေး အမြော်အမြင်တွေကို သိပ် အယုံအကြည် မရှိဘူး။ သူ့ရဲ့ နိုင်ငံရေး ဆောင်ရွက်မှုတွေအပေါ် ပြောပုံဆိုပုံတွေကို ကြည့်ပြီး ရှေ့နဲ့၊ ကွယ်ရာနဲ့ ရှေ့တမျိုး နောက်တမျိုးဖြစ်နေတဲ့အတွက် အယုံအကြည် မရှိဘူးလို့ ပြောချင်တယ်။
ကျနော် ထောင်က ထွက်လာပြီး သိပ်မကြာဘူး၊ ဂမ်ဘာရီ ရောက်လာတယ်။ ဒေါ်စုနဲ့ တွေ့ဖို့ ကြိုးစားတယ်။ မတွေ့ရဘူး။ မတွေ့ဖြစ်တဲ့ အခါကျတော့ ဂမ်ဘာရီက ဘာလုပ်လဲဆိုတော့ ဒေါ်စုအိမ်ရှေ့ သွားပြီးတော့ စစ်အစိုးရ စီမံတဲ့အတိုင်း သွားပြီးတော့ သူ့ကို တွေ့ခွင့်တောင်းတဲ့ဟာမျိုး အော်ပြောတယ်။ အဓိပ္ပာယ်မရှိတဲ့ ဟာမျိုးတွေ လုပ်တယ်။ သော့က လုံခြုံရေး လက်ထဲမှာ ရှိတယ်။ သူတို့က ခြံတခါး ဖွင့်ပြီးတော့ အိမ်ထဲမှာ သွားပြီးတော့ စကားပြောလို့ ရတယ်။ ဂမ်ဘာရီက အဲဒီချိန်တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့လည်း မတွေ့ရဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အိမ်ရှေ့ကိုတော့ သွားမအော်ဘူး။ စစ်အစိုးရအနေနဲ့ ဒေါ်စု သိက္ခာချဖို့လုပ်တဲ့ အလုပ်မှာ ဝင်လုပ်တယ်။ ဂမ်ဘာရီက သူရဲ့ ဆုံးဖြတ်ချက်တွေက မှားတယ်လို့ ပြောချင်တယ်။
ဂမ်ဘာရီရဲ့ အစီအစဉ်တွေနဲ့ အစီရင်ခံချက်တွေအပေါ်မှာ မစ္စတာဘန်ကီမွန်း လာတယ်ဆိုတော့ သူ့ရဲ့ ခရီးစဉ် ဘာမှ မထူးဘူးလို့ ယူဆတယ်။ ကျနော် အစောကြီးက ပြောတယ်၊ မစ္စတာဘန်ကီမွန်း လာတဲ့အခါမှာ ဒေါ်စုနဲ့ တွေ့ဖို့ လိုတယ်။ ဒါကို တွေ့ပါ တွေ့ပါလို့ အကြိမ်ကြိမ် ပြောတယ်။ မစ္စတာဘန်ကီမွန်းဟာ ကျနော်ထင်တယ် ဒေါ်စုနဲ့ တွေ့ခွင့်ရဖို့ မပေါ်ဘူး။ မနေ့က ညနေ ၄ နာရီခွဲ အထိတော့ တွေ့ခွင့် မရဘူးလို့ သိရတယ်။
ကျနော်တို့ အကျဉ်းသား လွှတ်ပေးဖို့နဲ့ ပတ်သက်လို့ စစ်အစိုးရကို မစ္စတာဘန်ကီမွန်းက အကျဉ်းသားများ လွှတ်ပေးရမယ်လို့ ပြောတယ်။ စစ်အစိုးရက လွှတ်မှာ မဟုတ်ဘူး။ လွှတ်ရင်လည်း တစိတ်တဒေသပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးပါလို့ တောင်းဆိုတယ်။ လွှတ်ပေးမယ်ဆိုရင် ခြွင်းချက်မရှိ လွှတ်ပေးပါလို့ တောင်းဆိုတယ်။ ပြန်လွှတ်ပေးခဲ့ရင်လည်း နိုင်ငံရေးအကျဉ်းသားများကို ပြန်လည် ထူထောင်ရမယ်လို့ ကျနော် ပြောချင်တယ်။ ပညာရေးတွေ ပျက်တယ်၊ စီးပွားရေးတွေ ပျက်တယ်၊ မိသားစုရေးတွေ ပျက်တယ်၊ လူမှုရေးတွေ ပျက်တယ်ဆိုတာကို ပြန်လည်ပြင်ဆင်ပေးရမယ်လို့ တောင်းဆိုချင်တယ်။
ဒေါ်စုကို လွှတ်ရေးနဲ့ ပတ်သက်လို့ ထောင်ချပြီး လွှတ်တာကို လက်မခံနိုင်ဘူး။ ဒေါ်စုအမှုက လာမယ့် တပတ်နှစ်ပတ် အတွင်းမှာ ချက်ချင်း အမိန့်ချပြီး ထောင်ချပစ်လို့ ရတယ်။ ပြီးတော့မှ မစ္စတာဘန်ကီမွန်းတို့ရဲ့ တိုက်တွန်းချက်အရ ပြန်လွှတ်တယ်ဆိုတာကို လက်မခံနိုင်ဘူး။ ကျနော်တို့ လက်ခံနိုင်တဲ့ ပုံသဏ္ဍာန်က ဒေါ်စုအမှုကို ပိတ်ပေးရမယ်၊ ဖျက်သိမ်းပေးရမယ်၊ ရပ်ဆိုင်းပေးရမယ်။ ဒါက မတရားတဲ့ အမှု၊ လုပ်ကြံထားတဲ့ အမှု၊ ဒေါ်စုကို နိုင်ငံရေးကနေ ဆွဲထုတ်ချင်တဲ့ အမှု၊ ထိန်းထားတဲ့ အမှု ဖြစ်တယ်။
ဗိုလ်ချုပ်ခင်ရီ ကိုယ်တိုင်က ဒီအမှုဟာ တစ် တရားခံဟာ ယက်တောပဲ သို့သော် ဒေါ်စုကတော့ သူရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှု ပျက်ကွက်တာ ရှိတယ်လို့ ပြောတယ်။ ဒေါ်စုက တရားခံ မဟုတ်သလိုတောင် ပြောလာတယ်။ ဒီအမှုကို ပိတ်သိမ်းပေးပါ။
တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ၁၉၉ဝ ရွေးကောက်ပွဲဆိုတာ ပြည်သူကနေ ပေးထားတဲ့ Mandate (လုပ်ပိုင်ခွင့်) ဖြစ်တယ်။ ဒါတွေကို ရေစုံမျှော မပစ်နိုင်ဘူး၊ မြောင်းထဲ ပစ်မချနိုင်ဘူး။ အဲဒီတော့ ဒါတွေ ပြောလာရမယ်။ အလားတူ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စတွေ ပြောလာရမယ်။ ပြည်ပရောက်နေတဲ့ နိုင်ငံရေး အင်အားစုတွေ ပြန်ပြီးတော့ ပြည်တွင်းမှာ ပြန်ပြီး လက်တွဲလာနိုင်အောင် လုပ်ဆောင်နိုင်ဖို့ ကိစ္စတွေ ပြောနိုင်ပါတယ်။
အဲဒီလိုဟာတွေ ပြောနေတာက ဘယ်သူပြောမှလဲဆိုတော့ ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ပုဂ္ဂိုလ်မျိုးတွေပဲ ပြောရမှာပေါ့။ သို့မဟုတ် တိုင်းရင်းသားခေါင်းဆောင်တွေ ပါမယ်ဆိုရင် ဦးခွန်ထွန်းဦးလို ပုဂ္ဂိုလ်မျိုးတွေနဲ့ ပြောသင့်တာပေါ့။ အကျယ်ကျယ် ပါစေချင်တယ်ဆိုရင်လည်း ကိုမင်းကိုနိုင်တို့လို ကျောင်းသားလူငယ်တွေ၊ ဒီမိုကရေစီ အင်အားစုတွေ ပါရမယ်ပေါ့။
ဘာလို့ပဲပါပါ ဒီလို တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့ဆိုရင် တွေ့ဆုံဆွေးနွေးပွဲမှာ ပါမယ့် နှစ်ဖက်စလုံးက ပုဂ္ဂိုလ်များနဲ့ ဘန်ကီမွန်းနဲ့ အခု တခါထဲ တွေ့သွားဖို့ ကောင်းတယ်။ တွေ့ပြီးတော့ ဒီဘက်က အသံတွေလည်း ကြားတယ်။ ဟိုဘက်က အသံတွေလည်း ကြားမယ်ဆိုရင် ထိပ်တန်း ခေါင်းဆောင်တွေ အချင်းချင်း တွေ့ပြီးတော့ ဒေါ်စုရဲ့ အသံလည်း ကြားမယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အသံလည်း ကြားမယ်။ တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးနဲ့ တွေ့ပြီးတော့ သူ့ရဲ့ အသံတွေ ကြားတယ်။ အဲဒီလိုလုပ်ဖို့ဆိုရင် မစ္စတာဘန်ကီမွန်းဟာ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ပတ်သက်မယ့် ပုဂ္ဂိုလ်များနဲ့ ဒီခရီးမှာ တွေ့ဆုံသွားပါလို့ ကျနော်တို့က တောင်းဆိုချင်တယ်။
နောက်တခုကတော့ အခြေခံဥပဒေ ပြင်ပေး။ အခြေခံ ဥပဒေ မပြင်ဘဲနဲ့ မဝင်နိုင်ဘူးလို့ ပြောချင်တယ်။ တချို့ ခေါင်းဆောင်တွေက အပြတ်ပြောတာကို မကြိုက်ကြဘူး။ ကျနော်ကတော့ ပြတ်ပြတ်ပဲ ပြောချင်တယ်။ ကုလသမဂ္ဂကြီးကပဲ လုပ်လုပ်၊ တကမ္ဘာလုံးက လူတွေ ကြီးကြပ်လို့ပဲ ပေးပေး တရားသော မတရားသော၊ လွတ်လပ်သော မလွတ်လပ်သော၊ ဆိုတာတွေက အရေးမကြီးဘူး။ အရေးကြီးဆုံးကိစ္စက ဒီရွေးကောက်ပွဲ ကိစ္စက ဘာလဲ၊ ဒီရွေးကောက်ပွဲဆိုတာ ဘာလဲဆိုတော့ ဒီအခြေခံဥပဒေကို အတည်ပြုတဲ့ ရွေးကောက်ပွဲ၊ ရှေ့နှစ်ပေါင်းများစွာ အခြေခံဥပဒေကို သယ်ဆောင်သွားမယ့် ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး။
ကျနော်တို့ လက်ခံချင်တာက ဘာလဲဆိုတော့ အခြေခံဥပဒေကို ပြင်ပေးပါ။ ပြင်ပေးမှ လက်ခံနိုင်မယ်။ ဘာဖြစ်လို့ ပြင်ပေးပါလို့ ပြောလဲဆိုတော့ ပြည်သူတွေကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ NLD က Mandate (လုပ်ပိုင်ခွင့်) ရလာတယ်။ အာဏာ ၃ ရပ်ကို ကျနော်တို့ NLD ကို ကိုင်စွဲနိုင်တယ်။ ဒီမိုကရေစီ အခြေခံဥပဒေတခုကို ကျနော်တို့ ရေးဆွဲနိုင်တယ်။ အဲဒါတွေကို ၁၉၉ဝ ဆိုတဲ့ အမိန့်ပြန်တမ်းနဲ့ ပယ်ဖျက်ပြီးတော့ သူတို့ ဘာသာ အမျိုးသားညီလာခံကို လုပ်တယ်။ သူတို့ဘာသာ အမျိုးသားညီလာခံကနေ သယ်ဆောင်လာခဲ့တာ အခြေခံ ဥပဒေကို ၉၂ ရာခိုင်နှုန်းနဲ့ အတည်ပြုတဲ့ အဆင့်ထိ လုပ်ပစ်လိုက်တာ။
ဒီအခြေခံဥပဒေကို ကိုယ်တိုင် မဆွဲနိုင်ရင်လည်း ပြင်တာတော့ ကျနော်တို့ ပြင်ရမယ်။ ပြန်လည် ပြင်ဆင်လုပ်ခွင့်တော့ ရှိရမယ်။ လုပ်ပေးမှလည်း ကျနော်တို့ လက်ခံနိုင်မယ်။ ဒီအခြေခံဥပဒေနဲ့ သွားရင်တော့ ရှေ့လျှောက် စစ်ကျွန်လည်း ဖြစ်နေအုံးမယ်။ စစ်ကြီးစိုးမှုကလည်း ဗမာပြည်မှာ ဆက်ပြီး သက်ဆိုးရှည် နေအုံးမယ်။ အဲဒါကြောင့် ဒီအခြေခံဥပဒေကိုတော့ လက်မခံနိုင်ဘူး၊ ပြင်ပေးပါ။ ပြင်မှပဲ ဖြစ်မယ်။ မပြင်ရင်တော့ မဝင်ဘူးဆိုတဲ့ စကားမျိုးပဲ ပြောချင်တယ်။ မပြင်ဘူးဆိုရင်တော့ ဒီရွေးကောက်ပွဲက ဖြစ်မှာ မဟုတ်ဘူးလို့ ကျနော် ထောက်ပြချင်တယ်။ အဲဒါ ကျနော့် ကိုယ်ပိုင် သဘောထား ဖြစ်တယ်။