အင်တာဗျူး ရန်ကုန်တွင် လမ်းသွားလမ်းလာများကို ဓာတ်ပုံနှင့် တိုက်စစ်ကာ ဖမ်းနေ
ရန်ကုန်တွင် လမ်းသွားလမ်းလာများကို ဓာတ်ပုံနှင့် တိုက်စစ်ကာ ဖမ်းနေ Print E-mail
မဇ္ဈိမသတင်းဌာန   
ကြာသပတေးနေ့၊ အောက်တိုဘာလ 04 2007 06:18 - မြန်မာစံတော်ချိန်

ရန်ကုန်မြို့ အတွင်းတွင် လုံခြုံရေးများ တင်းကြပ်နေဆဲ ဖြစ်ပြီး လမ်းသွားလမ်းလာများကို လုံထိန်း၊ စစ်သားများက ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူများ၏ ဓါတ်ပုံများနှင့် တိုက်ကြည့်ကာ ဖမ်းဆီး နေသည်ဟု မြို့ခံများက ပြောဆိုသည်။

ယခင်ရက်ပိုင်းက ဆူးလေဘုရား အနီးတဝိုက် အစရှိသည့် လူစည်ကားရာ နေရာများတွင် လမ်းသွားလမ်းလာများကို အသေးစိတ် စစ်ဆေးကာ ကျောင်းသားများကို ဖမ်းဆီး စစ်ဆေးနေခဲ့ပြီး ယခုတဖန် ဓာတ်ပုံနှင့် တိုက်ကြည့်ကာ ဆန္ဒပြပွဲအတွင်း ပါဝင်သူများကို ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့သား တဦးက ပြောသည်။

“ဓာတ်ပုံတွေကို မြို့နယ်တွေ အထိ ပို့ပေးထားပြီး မြို့နယ်ကနေ ရပ်ကွက်ကို ပြန်ချ။ ရပ်ကွက်က အဲဒီ ဓာတ်ပုံမှာ ပါတဲ့လူတွေရဲ့ အိမ်တွေကို ဝင်ဖမ်း၊ လုပ်နေကြတယ်လို့ ကြားတယ်” ဟု သူက ပြောသည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပရှိ ရပ်ကွက်တခုတွင် နေသူတဦးက “ကျနော်တို့ ရပ်ကွက်ရုံးကိုလည်း ဓာတ်ပုံတွေ ရောက်နေတယ် ကြားတယ်။ လောလောဆယ်ထိ ဖမ်းသံတော့ မကြားသေးဘူး။ ဖမ်းမယ် ဆိုရင် တရပ်ကွက်လုံးကို ဖမ်းရမှာ။ တရပ်ကွက်လုံးက ဆန္ဒပြပွဲမှာ တက်တက်ကြွကြွ ပါဝင်တာဆိုတော့။ သူတို့ ဖမ်းနိုင်မယ် မထင်ပါဘူး” ဟု ပြောသည်။

ဆန္ဒပြပွဲအတွင်း အာဏာပိုင်များ ရရှိထားသည့် ဆန္ဒပြသူများ၏ ဓာတ်ပုံ အများစုမှာ တင်မောင်လတ် (အင်းစိန်) ဆိုသူ ရဲသတင်းပေး၏ လက်ချက်များဖြစ်ပြီး၊ သူက ဆန္ဒပြပွဲ ဖြစ်ပွားနေစဉ် အတွင်း လုံထိန်းများ၊ စစ်သားများ၏ နောက်ကွယ်မှ အကာအကွယ် ယူကာ ဓာတ်ပုံ ရိုက်လေ့ရှိသူ ဖြစ်သည်ဟု လုံခြုံရေး သတင်းရပ်ကွက် တခုက ပြောသည်။

ရန်ကုန်မြို့အတွင်း နေရာအနှံ့ တပ်စွဲခြင်းကို အရှင်သဘောထားကာ စစ်သားနဲ့ လုံထိန်းများ တင်ဆောင်ထားသည့် စစ်ကားများ ကင်းလှည့် စောင့်ကြည့်နေသည်ကို တွေ့နေရကြောင်းနှင့် ညအချိန်တွင်လည်း စစ်ကားများဖြင့် လမ်းအနှံ့ ဝင်ရောက်ကာ ကင်းလှည့်နေကြောင်း အဆိုပါ သတင်းရပ်ကွက် အဆိုအရ သိရသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved