အင်တာဗျူး ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မလား၊ ကန့်ကွက်မလား (နောက်ဆက်တွဲ - ၂)
၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မလား၊ ကန့်ကွက်မလား (နောက်ဆက်တွဲ - ၂) Print E-mail
မဇ္ဈိမသတင်းဌာန   
ကြာသပတေးနေ့၊ ဂျူလိုင်လ 17 2008 13:00 - မြန်မာစံတော်ချိန်

ကိုအောင်နိုင်ဦး (မြန်မာ့အရေး လေ့လာ သုံးသပ်သူ)

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ကျောင်းသား လက်နက်ကိုင်တပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်တဦး ဖြစ်ခဲ့သည်။

၁၉၉၂ မှ ၁၉၉၉ ခုနှစ်အထိ ABSDF တွင် နိုင်ငံခြားရေးဌာန အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၆ မှ ၂ဝဝဝ ပြည့်နှစ်အထိ အမျိုးသားကောင်စီ (NCUB)၊ နိုင်ငံခြားဆက်ဆံရေး ကော်မတီ (FAC) တွင် အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ABSDF ၌ တာဝန်ထမ်းဆောင်နေစဉ် "Letters to a Dictator", "Cries from Insein", " Pleading not Guilty in Insein" နှင့် "Tortured Voices" အစရှိသော စာအုပ်များနှင့် စာတမ်းများကို ကိုယ်တိုင်သော် လည်းကောင်း အခြးသူများနှင့် တွဲဖက်၍သော် လည်းကောင်း ဘာသာပြန် တည်းဖြတ် ထုတ်ဝေခဲ့သည်။ အဖွဲ့မှ ထွက်ပြီးနောက် အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ်တွင် ပညာသင်ကြားပြီး MPA မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

လွတ်လပ်သော အာရှအသံ (Radio Free Asia) တွင် ဒိုင်ယာလော့နှင့် ပတ်သက်သော ဆောင်းပါးများကို ၁ နှစ်ကြာ ရေးသားထုတ်လွှင့်ခဲ့ကာ စာအုပ်အဖြစ် ထုတ်ဝေခဲ့သူ ဖြစ်သည်။

မေး။  ။ NLD အနေနဲ့ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ထင်ပါသလား။ ဘယ်လို ရပ်တည်မှုမျိုး လုပ်သင့်သလဲဗျ။

ဖြေ။ ။ ၂ဝ၁ဝ မှာ ဘာဖြစ်လာမယ် ဆိုတာကိုတော့ မှန်းပြီး ပြောဖို့ခက်တယ်။ မြန်မာပြည် နိုင်ငံရေးမှာက မသေချာမှုတွေ များတယ်ဆိုတော့ မသေချာဘူး။ နောက်တခုက မသေချာဘူးလို့ တခုက ပြောပေမယ့်လည်း မြန်မာပြည်မှာ တခြားနိုင်ငံရေး Process က ဘာတခုမှ မရှိဘူး။ လောလောဆယ် ဒီတခုပဲ ရှိတယ်ဆိုတော့ ဒါကိုလည်း လုံးလုံးလျားလျား ပယ်လို့ရတာ မဟုတ်ဘူး။

၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ဖြစ်လာမယ်ဆိုရင် ကျနော့်အမြင်ကတော့ NLD က သူ့ဘာသာ ရွေးကောက်ပွဲ မဝင်ဘူးလို့ ပြောနေပေမယ့် တကယ်တမ်း ပါတီတွေက အများကြီး ဖျက်ခံရဖို့ အနေအထားတွေ ရှိတယ်။ ကျနော့်အမြင်ကတော့ ၂ဝ၁ဝ မှာ NLD မရှိတော့ဘူးလို့ မြင်တယ်။ ဘာဖြစ်လို့ဆိုတော့ NLD ရှိနေရင် ၂ဝ၁ဝ မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရမယ်။ အထဲမှာ ဝင်ပါမယ်ဆိုရင်လည်း စစ်အစိုးရဘက်က ပြဿနာ ရှိတယ်။

ဖွဲ့စည်းပုံနဲ့ ရေးသားထားတဲ့ ပုံစံအရ၊ ပါလီမန်တွေ ဖွဲ့စည်းထားတဲ့ ပုံစံအရ ပါလီမန်ထဲမှာ ရောက်သွားရင်၊ လွှတ်တော်ထဲမှာ ရောက်သွားရင် အတိုက်အခံ မရှိတော့ဘူးဆိုတဲ့ သဘောတရား ဖြစ်တယ်။ တိုင်းပြည်အတွက် လုပ်ရမှာ ဖြစ်တယ်။ ဆိုရှယ်လစ်ခေတ်က တပါတီစနစ်နဲ့ ခပ်ဆင်ဆင်လေး တူတဲ့ Multi-party ဒီမိုကရေစီ ဖြစ်မယ်။ ၂ဝ၁ဝ ပြီးသွားပြီး တပတ်လည်လာတဲ့အခါ ရွေးကောက်ပွဲ ဆိုရင်တော့ ပုံသဏ္ဍာန်တမျိုးတော့ ဖြစ်လာနိုင်တယ်။

၂ဝ၁ဝ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ စစ်အစိုးရကို တော်လှန်တဲ့သူတွေကတော့ ဘယ်လောက်ပဲတော်တော် ပါလီမန်ထဲမှာ သော်လည်းကောင်း၊ အစိုးရထဲမှာ သော်လည်းကောင်း ပါဖို့ ကျနော် သိပ်မမြင်ဘူး။ သိပ်ပြီးတော့ အတိုက်အခံလုပ်တဲ့ သူတွေ၊ အတိုက်အခံ အင်အားစုတွေ၊ အရင် NLD ထဲမှာ ပါပြီးတော့ ပါလီမန်အမတ် ဖြစ်ဖူးတဲ့ လူတွေ မပါနိုင်ဘဲနဲ့ အသစ်တွေ ဖြစ်လာနိုင်တယ်။

နောက်တခုက စစ်အစိုးရနဲ့ ရင်းနှီးတဲ့ ပါတီတွေ အများစု ဖြစ်လာနိုင်တယ်။ နောက်တခုက ဘာလဲဆိုတော့ တသီးပုဂ္ဂလတွေ တော်တော်များများ ဖြစ်နိုင်တယ်။ စစ်အစိုးရကိုလည်း အကြီးအကျယ် ဆန့်ကျင်တာ မဟုတ်ဘူး။ ပြဿနာလည်း များများမရှိဘူး။ သိပ်လည်း ပြဿနာရှာမယ့် လူမျိုးတွေမဟုတ်တဲ့ လူတွေလည်း ပါလာနိုင်တယ်။ NLD လို စုပေါင်းစုစည်းထားတဲ့ ပါတီမျိုးက သိပ်အခြေအနေ မကောင်းဘူး။  ဖျက်ပစ်နိုင်တဲ့ အနေအထားမျိုး ရှိတယ်။ NLD အနေနဲ့ ဘယ်လို လုပ်မလဲဆိုတာ မသိဘူး။

ရေရှည်ပြင်ပြီးတော့မှ ဒီစနစ်ကို ပိုကောင်းသွားအောင် လုပ်မလား၊ လုပ်နိုင်တဲ့ အနေအထား ရှိသလားဆိုတဲ့ စဉ်းစားမှုမျိုးတွေ လိုတာပေါ့။ မရှိဘူးဆိုရင်လည်း ပြတ်ပြတ်သားသား ချမလား။ ချမယ်ဆိုရင်လည်း ဖြစ်နိုင်မလား ဆိုတဲ့ စဉ်စားဖို့လိုတယ်။ ၂ဝ၁ဝ အစိုးရသစ် ဖြစ်ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည် တကယ်လွတ်လာမယ် ဆိုလို့ရှိရင်၊ ပါတီမရှိတော့ဘူးဆိုရင် ဒေါ်စု ဘာလုပ်မလဲပေါ့ဗျာ။ ပါတီဖျက်ပြီးတော့ နောက်ထပ်ပါတီတခု ထောင်မလား။

ပါတီထဲက ထွက်ပြီးတော့  လူမှုရေးကိစ္စတွေ၊ တခြား နိုင်ငံ့ကောင်းကျိုးကိစ္စတွေ လုပ်မလားဆိုတဲ့ ကိစ္စတွေကို ဒေါ်စု ကိုယ်တိုင် စဉ်းစားရမယ့်သဘော ရှိတယ်။ ၂ဝ၁ဝ မှာ ဖြစ်လာမယ့် ရွေးကောက်ပွဲမှာကတော့ စစ်အစိုးရကို ဆန့်ကျင်မယ့်သူ များများ မပါနိုင်ဘူး။ ဖွဲ့စည်းပုံအရ အဲဒီလို လုပ်ထားတယ်။ စစ်အစိုးရကလည်း အဲဒီလို လူမျိုးတွေကို လက်ခံမှာ မဟုတ်ဘူး။ သိပ်ပြီးတော့ ပြင်းပြင်းထန်ထန်လုပ်တဲ့ လူမျိုးဆိုရင် အဲဒီအချိန်မှာက ရွေးကောက်ပွဲဟာ၊ ရွေးကောက်ပွဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပထမဦးဆုံး ပါလီမန် စပြီးတော့ အစည်းအဝေး စပြီးတော့ ကျင်းပတဲ့ အချိန်ကြမှ အတည်ဖြစ်တယ်။ အဲဒီအချိန်ကျမှာ SPDC ဖျက်မှာ ဖြစ်တယ်။ အခုလုပ်မယ့် ရွေးကောက်ပွဲတို့ဘာတို့ဟာ အဲဒီ SPDC ရဲ့ လက်ထဲမှာရှိတဲ့ ရွေးကောက်ပွဲ ရှိတယ်။ သူ့ကို ဆန့်ကျင်တဲ့ သူတွေကို ပယ်ထားမှာ ဖြစ်တယ်။ ရှေ့လာမယ့် အစိုးရသစ်တရပ် ဖြစ်ပြီးတော့၊ တခါ ရွေးကောက်ပွဲ တပတ်လည်သွားရင် ပုံသဏ္ဍာန်တမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ အခု အနေအထားကတော့ သူ့ကို ဆန့်ကျင်တဲ့ လူမျိုးတွေ အင်အားများ ဖြစ်မှာ မဟုတ်ဘူး၊

မေး။ NLD ကို ဖျက်သိမ်းမယ့် အခြေအနေမျိုးကိုရော ဘယ်လိုမြင်လဲဗျ။ ရှိတယ်လို့ ကြေညာလိမ့်မယ်လို့ ထင်သလား။

ဖြေ။ NLD ကို ဖျက်သိမ်းမယ့် အခြေအနေက အများကြီး ဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရ ခဏခဏ ပြောနေတာပဲ။ တကယ်လို့ အရေးယူမယ်ဆိုရင် အရေးယူလို့ ရတယ်လို့။ ရည်ရွယ်ထားတယ် ဆိုတာကို။

ပထမဆုံးခြေလှမ်းကတော့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကို တရားမဝင်တော့ဘူးဆိုတဲ့ ခြေလှမ်း ဖြစ်နိုင်တယ်။ အဲဒီကမှတဆင့် ၈၈ ထဲက၊ ၈၉ လောက်က ပေါ်ပေါက်တဲ့ နိုင်ငံရေးပါတီတွေဟာ ပြဿနာဖြစ်တယ်။ ပြဿနာရှာတဲ့ ပါတီတွေဟာ  NLD မှ မဟုတ်ဘူး။ ဇိုမီးတို့ ဘာတို့ ပျက်သွားနိုင်တဲ့ အခြေအနေ ရှိတယ်။ အဲဒီဟာ ကျနော့်အမြင်။ ကျနော်ပြောတာ ပျက်သွားနိုင်တဲ့ အခြေအနေ ရှိတယ်။ ဖျက်ပြီးတော့ အသစ် ပြန်လုပ်မယ်ဆိုတဲ့ သဘောရှိတယ်။ အခုလည်း ပြောနေတာက အသစ်လုပ်ကြပါစို့၊ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြပါစို့လို့ အဲဒီလို ပြောနေတာ။

မေး။ NLD အနေနဲ့ ဘယ်လိုပဲ ပြင်ဆင်နေနေ၊ ဝင်ဖို့ပဲဖြစ်နေနေ၊ သူတို့အတွက် အခွင့်အရေး သိပ်မရှိတော့ဘူးဆိုတဲ့ သဘောပဲပေါ့။

ဖြေ။ NLD ဆိုတဲ့ အဖွဲ့အစည်းတခုကို စစ်အစိုးရက ရန်သူလို့ သတ်မှတ်ထားတဲ့အတွက် ဒီဟာကို ပြန်မပြင်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲကို သိပ်ပြီးတော့ အခြေအနေ ကောင်းလာစရာ မရှိဘူး။ ဝင်ခွင့်ရမယ်ဆိုတော့ NLD ဘက်က ဝင်ခဲ့မယ်ဆိုရင်လည်း၊ တလျှောက်လုံး ဆန့်ကျင် ပြောလာပြီးနောက် သူ့ဘက်ကလည်း မျက်နှာပျက်စရာတွေ ဖြစ်မှာပေါ့ဗျာ။ NLD က ရှေ့တိုး ထမ်းပိုး၊ နောက်တိုး လှည်းကျိုးဆိုတာ ဖြစ်နေတယ်။ ရှေ့လည်း တိုးလို့မရ၊ နောက်လည်း ဆုတ်မရ ဖြစ်သွားမယ့် အခြေအနေမျိုး ဖြစ်သွားမယ်။

မေး။ ဒေါ်အောင်ဆန်းစုကြည် ရှိနေတော့ စစ်အစိုးရက ပေါ်ပေါ်တင်တင် လုပ်ရဲပါ့မလား။ 

ဖြေ။ လုပ်ရဲလိမ့်မယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်ရေးဟာ နောက်အစိုးရ တက်လာတဲ့ အချိန်ကျမှပဲ ဖြစ်နိုင်ဖို့ များတယ်။ အခုကနေပြီးတော့ ၂ဝ၁ဝ အစိုးရမဖြစ်မချင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ မလွယ်ဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ရင်  NLD ရှိနေတဲ့အတွက် အစိုးရကို ဆန့်ကျင်တဲ့ပွဲ ပြန်ဖြစ်လိမ့်မယ်။ ဒါမျိုးကို စစ်အစိုးရက လက်မနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် နောက်ထပ်အစိုးရ မဖြစ်မချင်း၊  လွတ်ဖို့ မဖြစ်နိုင်ဘူး၊ စစ်အစိုးရနဲ့ NLD နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကလည်း မလွယ်ဘူး။

မေး။ အဲဒီလိုမျိုး ဖြစ်လာလို့ရှိရင် နိုင်ငံတကာ အနေနဲ့ ဘယ်လိုမျိုး လုပ်လာနိုင်မလဲ။

ဖြေ။ ဘယ်လိုမျိုး တုံ့ပြန်မလဲဆိုတော့ အခုတုံ့ပြန်တဲ့ အနေအထားက လွဲပြီးတော့ တခြား ဘာမှ မမြင်ဘူးပေါ့ဗျာ။ တရုတ်တို့၊ အိန္ဒိယတို့က တိုးတက်တဲ့သဘော ထင်တယ်။ အာဆီယံတွေက တိုးတက်တဲ့ သဘောလို့ ထင်တယ်။ အနောက်နိုင်ငံတွေကတော့ ဒါကိုဆက်ပြီးတော့ ရှုတ်ချတာမျိုး ရှိနိုင်တယ်။ အမေရိကန်ဆိုရင် အစကတည်းက အသိအမှတ် မပြုတဲ့အတွက် နောက်အစိုးရကို အသိအမှတ် မပြုဘဲနေမယ့် သဘော ရှိတယ်။ ပိတ်ဆို့မှုတွေ၊ လက်နက်ပိတ်ဆို့မှုတွေ ထပ်ရှိနေမယ့် သဘောပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလို ပြောင်းလဲမှုဟာ၊ ဥပဒေချိုးဖောက်မှုတွေ နည်းသွားတယ် ဆိုလို့ရှိရင်တော့ ၂ဝ၁ဝ အပြီး နောက်ပိုင်း ဥရောပဘက်ကတော့ အပြောင်းအလဲတွေ စပြီးတော့ ဖြစ်နိုင်တဲ့ လမ်းစတွေ ပေါ်လာနိုင်တာပေါ့။ အမေရိကန်က သိပ်မမြင်သေးဘူး။ သို့သော်လည်းပဲ အမေရိကန်က ဘယ်အစိုးရတက်လည်း ဆိုတာလည်း မူတည်သေးတာပေါ့။

မေး။ ကောင်းတဲ့ဘက်ကို ဦးတည်တယ်လို့ ပြောလို့ ရပါ့မလား။ 

ဖြေ။ အပြောရ ခက်တယ်ခင်ဗျ။ အပြောရခက်တယ် ဆိုတာက ဒီဖွဲ့စည်းပုံအတိုင်း လုပ်မယ်ဆိုရင် အဆိုးအကောင်းထက်၊ အဆိုးဘက် များတဲ့ သဘောပေါ့။ တစုံတရာ အတိုက်အခံ အင်အားစုတွေကိုလည်း ခွင့်ပြုထားတယ်။ အတိုက်အခံ အင်အားစုတွေဟာ၊ နာမည်သစ်တခုနဲ့ နိုင်ငံရေးပါတီတွေ ဖွဲ့ခွင့်ရလာတယ်။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရလာတယ်၊ တချို့ နိုင်ငံရေးပါတီတွေက အရွေးခံခွင့် ရလာတယ်၊ ယှဉ်ပြိုင်ခွင့် ရလာတယ် ဆိုရင်တော့ ဆိုးတယ်လို့ ပြောလို့မရပေမယ့် လုံးလုံးကြီး ဆိုးတယ်လို့တော့ ပြောလို့မရဘူး။ ဆိုးတော့ ဆိုးနေသေးတယ်။ အဆိုးထဲက လုပ်လို့ရနိုင်တဲ့ အခြေအနေမျိုး ပေါ်လာနိုင်တယ်။ အတိအကျတော့ ပြောရခက်တယ်။

မေး။ ဒီအစိုးရကို မဆန့်ကျင်တဲ့ လူတွေ၊ အတိုက်အခံမလုပ်တဲ့ သူတွေ တက်လာနိုင်တဲ့ အခြေအနေမျိုးမှာ ကြံ့ဖွံ့တွေရဲ့ အခန်းကဏ္ဍဘယ်လို ဖြစ်လာနိုင်မလဲ။

ဖြေ။ အခုဟာက တော်တော့ကို ပြောရခက်တယ်။ တချို့ကလည်း ကြံ့ဖွံ့ကို ပါတီလုပ်မယ်လို့ ပြောနေတယ်။ ကြံ့ဖွံ့တွေထဲမှာ ပြောနေပေမယ့် အနေအထားက တကယ် လုပ်ပါ့မလား ဆိုတဲ့ဟာ စဉ်းစားစရာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကြံ့ဖွံ့ကို ပါတီလုပ်တယ်ဆိုလို့ရှိရင်၊ Rally လုပ်တဲ့အခါ ကြံ့ဖွံ့ကို သုံးပြီးတော့ ဘာလုပ်မယ် ညာလုပ်မယ် ဆိုတဲ့ဟာက သူရေးဆွဲထားတဲ့ ဖွဲ့စည်းပုံနဲ့ ပြန်ငြိသွားတဲ့ အနေအထားမျိုး ရှိတယ်။

ပါတီကို လုံးလုံးလျားလျား လုပ်မယ်ဆိုလို့ရှိရင် စစ်အစိုးရအနေနဲ့က ကြံ့ဖွံ့ကိုယ်စား လုပ်နိုင်မယ့် အဖွဲ့တခုပေါ်ဖို့ လိုပြန်ရော။ စွမ်းအားရှင်ကို လုပ်မှာလားဆိုတာ မေးစရာတခု ဖြစ်လာတယ်။ ဘာမှ မသေချာသေးဘူး။ ပါတီဖွဲ့ လိုက်တယ် ဆိုလို့ရှိရင် ကြံ့ဖွံ့ရဲ့ ကဏ္ဍဟာ တော်တော်လေး ပြီးသွားမယ့် သဘောရှိတယ်။ ပါတီလုပ်လိုက်ရင် ရှင်းရှင်းကြီးဖြစ်သွားပြီး နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် အရင်တုန်းက မဆလ က အစ NUP ပြောင်းတော့ မဆလကြီးက အစိုးရဆီက ပိုက်ဆံတွေ ယူထားတာတို့၊ ဘာတို့ သိမ်းလိုက်တာတွေ လုပ်တယ်။ အခုလည်း ကြံ့ဖွံ့ကိုလည်း လုပ်နေပြီလေ။ တိတိကျကျ ဖြစ်မလာမချင်း ဘာတွေ ဖြစ်လာမယ် ဆိုတာကိုတော့ ပြောဖို့ခက်တာပေါ့။

မေး။ ကြံ့ဖွံတွေကို တသီးပုဂ္ဂလ အခြေအနေနဲ့ ရပ်တည်ခိုင်းမယ့် အလားအလာတွေ ရှိတယ်လို့ ကြားနေရတယ် ဆိုတော့ ဘယ်လို ဖြစ်လာနိုင်လဲ။

ဖြေ။ ဖြစ်နိုင်တယ်။ ကြံ့ဖွံ့တွေက တချို့ကို အရေးကြီးတဲ့ အစိုးရလုပ်ငန်းတွေမှာ ခန့်ထားဖို့ ဖြစ်နိုင်ပါတယ်။ အတိအကျတော့ ကျနော့်အနေနဲ့ မပြောနိုင်ဘူး။ ဖြစ်နိုင်ခြေကတော့ အများကြီးရှိတယ်။

မေး။ ငြိမ်းအဖွဲ့တွေကနေ ပါတီထောင်ပြီးတော့ ဝင်ရောက် ယှဉ်ပြိုင်လာနိုင်မယ့် အခြေအနေ ရှိနိုင်တာပေါ့နော်။

ဖြေ။ အဲဒါကလည်း မျိုးစုံပဲဗျာ။ တချို့ကတော့ ဖြစ်နိုင်တယ်။ တချို့ကတော့ မဖြစ်နိုင်ဘူး။  အခုကတည်းက သက်သက်သာသာ ဆုံးဖြတ်ထားတဲ့ အဖွဲ့အစည်းမျိုးတွေ ထောင်လာနိုင်တယ်။ ဆုံးဖြတ်ထားတယ် ဆိုလို့ရှိရင် အဲဒီလို ရွေးကောက်ပွဲ ဖြစ်လာလို့ရှိရင် အချိန်မရွေး ရွေးကောက်ပွဲဝင် လာနိုင်တယ်။ သူတို့အတွက် အခြေအနေ ကောင်းနိုင်တယ်။ သို့သော်လည်းပဲ ဆက်တိုက်မယ်ဆိုတဲ့ အဖွဲ့အနေနဲ့တော့  အထီးကျန် ဖြစ်သွားဖို့ များတယ်။

ဒါပေမဲ့ ခံရနိုင်တဲ့ အဖွဲ့အစည်းတွေက မဆုံးဖြတ်နိုင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ ဝင်ရင် ကောင်းမလား၊ မဝင်ရင် ကောင်းမလားဆိုတဲ့ ဟာတွေရှိတယ်။ ဖိအားပေးမှ ဝင်မယ်၊ ဖိအားမပေးရင် မဝင်ဘူး။ ဒီအတိုင်း ဆက်ရှိမယ်ဆိုတဲ့ အဖွဲ့တွေဟာ သူတို့မှာ ဘာမှ ပြင်ဆင်မထားဘဲနဲ့ အခြေအနေကိုသာ စောင့်ကြည့်ပြီး လုပ်မှာ ဖြစ်တဲ့အတွက် ဟိုမရောက် ဒီမရောက် ဖြစ်မယ်။ ခံရနိုင်တဲ့ အနေအထား ရှိတယ်။ နိုင်ငံရေးအရ လုပ်လိုက်ရင် ဆိုးသွားမလား ဆိုတဲ့ စဉ်းစားနေတဲ့ အဖွဲ့အစည်းတွေအတွက် ပြဿနာ ရှိနိုင်တယ်။


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved