အင်တာဗျူး ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မလား၊ ကန့်ကွက်မလား
၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မလား၊ ကန့်ကွက်မလား Print E-mail
အင်တာဗျူး
မဇ္ဈိမသတင်းဌာန   
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 13:36 - မြန်မာစံတော်ချိန်

အတိုက်အခံများ၏ အားပေးထောက်ခံမှု မပါရှိဘဲ ကျင်းပခဲ့သည့် နအဖ ၏ နိုင်ငံရေး လမ်းပြမြေပုံ အဆင့် ၇ ဆင့်အနက် နံပါတ် ၄ အဆင့်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲကို ပြီးခဲ့သည့် မေလအတွင်းက အတည်ပြုခဲ့ပြီး ဖြစ်သည်။

လမ်းစဉ်အရ နောက်ဆင့်ကတော့ ရွေးကောက်ပွဲတခု ၂ဝ၁ဝ တွင် ပြုလုပ်ရေး ဖြစ်သည်။ မဲလိမ်မှုများနှင့် လှည့်ဖျားမှုများ  ပြုလုပ်ခဲ့သည်ဟု စစ်အစိုးရ ဆန့်ကျင်ရေး အတိုက်အခံများက အကြီးအကျယ် ဝေဖန်ခဲ့ကြသည့် နိုင်ငံအုပ်ချုပ်ရေးတွင် စစ်တပ်၏ အခန်းဂဏ္ဍကို တရားဝင် အသိအမှတ် ပြုပေးထားသည့် ဖွဲ့စည်းပုံအပေါ် ဆန္ဒခံယူမှုအပြီး ရွေးကောက်ပွဲ ဝင်မလား၊ မဝင်ဘူးလားဆိုသည့် လမ်းဆုံတရပ် ရောက်ရှိလာပြန်သည်။

ဝင်ပြန်လျှင်လည်း သဘောမတူခဲ့သည့် ဖွဲ့စည်းပုံအပေါ် အသိအမှတ်ပြုရာကျပြီး အမည်ခံ အတိုက်ခံ ဖြစ်မည့်အရေးနှင့် ရွေးကောက်ပွဲ မဝင်ပြန်လျှင်လည်း နိုင်ငံရေးနယ်ပယ် ပါဝင်ခွင့်မှ ပိုမို ကန့်သတ်ဘေးဖယ် ခံရမည့် အန္တရာယ်အပေါ် ဒီမိုကရေစီစနစ် ပီပြင်စွာ အကောင်ထည်ဖော်လိုသူ အတိုက်အခံများအတွက် စဉ်းစားစရာ ဖြစ်လာသည်။

စစ်အစိုးရအနေဖြင့်တော့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ဤနည်းဖြင့်သာ သွားလို့ ရနိုင်မည်ဟု ပြောနေခဲ့သည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲအများဆုံးနှင့် အနိုင်ရခဲ့သည့် ပါတီကြီးအတွက် ထိုရလာဒ်ကို စွန့်ပစ်လိုက်ရခြင်းလည်း ဖြစ်ပြန်သည်။

မေလ ၁ဝ ရက်နှင့် ၂၄ ရက်နေ့များတွင် နှစ်သုတ်ခွဲ ကျင်းပခဲ့သော ဆန္ဒခံယူပွဲများတွင် မဲပေးသူ အားလုံး၏ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းက ထောက်ခံသဖြင့် ဖွဲ့စည်းပုံကို အတည်ပြုလိုက်ကြောင်း မေလ ၂၆ ရက်နေ့တွင် နအဖ စစ်အစိုးရက ကြေညာခဲ့သည်။ သို့သော် မဲကောက်ခံခဲ့သည့် လုပ်ငန်းစဉ်တလျှောက် ပွင့်လင်း လွတ်လပ်မှုကတော့ မရှိခဲ့ပါ။

သို့သော် အာဏာသိမ်း စစ်အစိုးရက တရားမျှတမှု မရှိသော်လည်း လမ်းပြမြေပုံ အဆင့် ၅ အရ ရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပသွားမည်ဟုလည်း ကြေညာခဲ့ပြီး ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲအပေါ် ပြည်တွင်းပြည်ပရှိ မြန်မာ့နိုင်ငံရေး နယ်ပယ်အသီးသီးမှ တသီးပုဂ္ဂများ၊ ပါတီ အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြားတွင် လက်ရှိအချိန်တွင် မည်ကဲ့သို့ ရှုမြင် သုံးသပ်ချက်နေသည်ကို သိရှိနိုင်ရန်အတွက် ဆက်သွယ် မေးမြန်းထားသည်များကို ကောက်နှုတ် တင်ပြလိုက်ပါသည်။

ရွှေဝါရောင် တော်လှန်ရေးနှင့် ဂယက်၊ နာဂစ်မုန်တိုင်း တိုက်ပြီးခါစ အခြေအနေတွင် အချို့ကလည်း စဉ်းစားနေဆဲ၊ အချို့ကတော့ လုံးဝ လက်မခံရေးနှင့် အချို့ကတော့ ပြင်ဆင်သင့်သည်ဟု ကွဲပြား ထွက်လာတော့သည်။

မဇ္ဈိမအနေဖြင့် မတူကွဲပြားသော နိုင်ငံရေး အဖွဲ့အင်အားစုများ အားလုံး၏ ဤမြင်များကို ထင်ဟပ်နိုင်ရန် ကြိုးစားသွားမှာဖြစ်ပြီး ထပ်မံ၍လည်း တွေ့ဆုံမေးမြန်းမှုများ ယခု အကြောင်းအရာနှင့် ပတ်သက်၍ တင်ဆက်သွားမည် ဖြစ်သည်။
--------------------------------------------------------------

(နောက်ဆက်တွဲ မေးမြန်းချက် - ၁)

ဦးအေးသာအောင် (အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားပြု ကော်မတီ - စီအာပီပီ)

၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်နဲ့အညီ ပြည်သူ့လွှတ်တော် ခေါ်ဆိုနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၂၅၁ ဦး၏ ထောက်ခံချက်ဖြင့် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား လူမျိုးစုပါတီကြီး ၄ ပါတီ (ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး) မှ ကိုယ်စားလှယ်များက ဦးဆောင်ကာ စီအာပီပီကို ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်ကယ်တို့အနေနဲ့ ဘယ်လို သဘောထား ရှိပါသလဲ ခင်ဗျ။

ဖြေ။ ဒါတွေကို အန်ကယ်တို့အနေနဲ့ လက်မခံပါဘူး။ ဆန္ဒခံယူပွဲရော၊ ၂ဝ၁ဝ ရွေးကောက်ပွဲရောကို လက်မခံနိုင်ပါဘူး။ ရွေးကောက်ပွဲကိုလည်း ဝင်မှာ မဟုတ်ဘူး။

မေး။ ဘာကြောင့် လက်မခံနိုင်တာလဲခင်ဗျ။

ဖြေ။ အဓိကကတော့ နအဖရဲ့ လမ်းပြမြေပုံ ၇ ဆင့်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရေးဆွဲတာ၊ အခြေခံဥပဒေ ရေးဆွဲတဲ့ အနှစ်သာရ၊ အဓိကအားဖြင့် လုပ်ငန်းစဉ်တွေ အားလုံးဟာ ၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ နိုင်ငံရေးပါတီကို အဓိက မထားဘူး၊ အလေးအနက် မထားဘူး။ နအဖက တဖက်သတ်လုပ်နေတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ ဒါ့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်းကို ယူထားတဲ့အပြင် နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါရမယ်ဆိုတဲ့ အတွက်ကြောင့်၊ အဓိကအနေနဲ့ (၁) ဒီဖွဲ့စည်းပုံမှာ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ ဦးတည်တာ မဟုတ်ဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိုလည်း ဖော်ဆောင်မယ့် ဖွဲ့စည်းပုံ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ လက်မခံဘူး။ ဒါကြောင့်မို့လို့ ဒီ ဖွဲ့စည်းပုံကို ပြည်သူလူထုနဲ့ တွဲပြီးတော့ ဆန္ဒခံယူပွဲနဲ့ ပတ်သတ်လို့လည်း လက်မခံဘူး၊။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လက်မခံနိုင်ဘူး။ ဒါပဲ။

စီအာပီပီ က အစည်းအဝေး မခေါ်တာ ကြာပြီ။ စီအာပီပီ ရဲ့ သဘောထားကို ပြောတာထက် အန်ကယ်ရဲ့ ကိုယ်ပိုင် သဘောထားကို ပြောတာ။ စီအာပီပီ က မူလ သဘောထားကတော့ အကောင်အထည် ဖော်ရမယ်။ ပြည်သူလွှတ်တော်ကို ခေါ်ပေးရမယ်။ ဒါတွေနဲ့လည်း မကိုက်ညီဘူး။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်လာရင် ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်က ပျက်ပြယ် မသွားနိုင်ဘူးလား ခင်ဗျ။

ဖြေ။ မပျက်ပြယ်နိုင်ဘူး။ ၉ဝ ရွေးကောက်ပွဲကို တစုံတခု အတိုင်းအတာအထိ အကောင်အထည် မဖော်ဘူးဆိုရင် ဒါပျက်ပြယ်သွားတယ်လို့ ပြောလို့မရဘူး။ ရွေးကောက်ပွဲရဲ့ သက်တမ်းကို ဘာနဲ့တိုင်းတာလို့ ရမလဲ။ လွှတ်တော် ခေါ်ရမယ်။ လွတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်များကို အသိအမှတ် ပြုရမယ်။ ဒါတွေ မလုပ်ဘဲနဲ့ ပျက်ပြယ်သွားပြီလို့ ပြောတဲ့လူကို အန်ကယ်တို့ လက်မခံနိုင်ဘူး။

မေး။ မြန်မာအလင်း သတင်းစာမှာ ရိပ်ဖမ်းသံဖမ်း ရေးနေတဲ့အပေါ် အန်ကယ်တို့အနေနဲ့ ဘယ်လို ပြောချင်ပါသလဲ။

ဖြေ။ (၁) အချက် နိုင်ငံတော်ကို တာဝန်ယူထားတဲ့ အစိုးရ တရပ်အနေနဲ့ တာဝန်ယူရမယ်။ ကိုယ်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲပေါ်မှာ အကောင်အထည် ဖော်ရမယ်။ အဲဒါကို မဖော်ဘဲနဲ့ တရားမဝင်ဘူးလို့ ပြောရင် ဒါ မမှန်ဘူး။ နောက်တခါ သတင်းစာတွေမှာ အစိုးရအာဘော်လား၊ ဘယ်သူ့အာဘော်လား မသိဘူး။ အဲလို ရေးနေတာကိုက တရားမဝင်ဘူး။

မေး။ ဆန္ဒခံယူပွဲကိုရော၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိုရော လက်မခံဘူးဆိုတော့ အန်ကယ်တို့အနေနဲ့ ၉ဝ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး အန်ကယ်တို့ ဘယ်လိုမျိုး ဆက်လက် ဆောင်ရွက်သွားမလဲဗျ။

ဖြေ။ အခု နအဖ က ဘယ်လိုပဲ တဖက်သတ် လုပ်လုပ် တိုင်းရင်သား အင်အားစုတွေ၊ ဒီမိုကရေစီ အင်အားစုတွေ ပြည်သူတွေကတော့ လက်မခံဘူး။ အဲဒီလို အင်အားစုတွေကတော့ ဒီတိုင်းပြည်ကို ဒီမိုကရေစီ ထွန်းကားဖို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးရဖို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့အတွက် ပူးပေါင်းပြီးတော့၊ ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမှာ ဖြစ်တယ်။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆက်ပြီးတော့ မဖြစ်မနေ လုပ်သွားမယ်ဆိုရင် အန်ကယ်တို့က ဘယ်လို ရပ်တည်သွားမလဲဗျ။


ဖြေ။ ဒါကတော့ နအဖ ဟာ ဘာကြောင့် တဖက်သတ် လုပ်သလဲ။ လုပ်ပေမယ့်လည်း အန်ကယ်တို့အနေနဲ့ ကိုယ်မူနဲ့ကိုယ် ရပ်တည်နေတယ်။ ဆက်ပြီးတော့လည်း ရပ်မှာဖြစ်တယ်။

မေး။ အတင်းအကျပ်လုပ်လာရင် ၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်တဲ့ သဘောမျိုး သက်ရောက် မနေဘူးလား ခင်ဗျ။

ဖြေ။ သူတို့က ဒီလိုမျိုး လုပ်နေကြတာပဲ။ ၉ဝ ခုနှစ် ရွေးကောက်ပွဲကို ပယ်ဖျက်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာဆက်ပြောချင်ပါသေးလဲဗျ။

ဖြေ။ အန်ကယ်တို့က ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံဘူး။ ဆန္ဒခံယူပွဲကို လက်မခံခဲ့သလို၊ ဖွဲ့စည်းပုံကိုလည်း လက်မခံခဲ့သလို ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံဘူး။ ပြင်လည်း မပြင်ဘူး။ တူရာတူရာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ လက်တွဲပြီးတော့ ရပ်တည်သွားမယ်။ သူတို့လုပ်သမျှကို လိုက်မလုပ်နိုင်ဘူး။ သူတို့ တဖက်သတ် လုပ်တိုင်းကို လိုက်မလုပ်နိုင်ဘူး။

ရဲဘော် ဖိုးသံချောင်း (ပြောရေးဆိုခွင့်ရှိသူ၊ ဗမာပြည် ကွန်မြူနစ်ပါတီ)

ကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ အများစုဖြင့် ၁၉၃၉ ခုနှစ်တွင် ကွန်မြူနစ်ပါတီကို မြေအောက်ပါတီအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ သက်တမ်း ၆၉ နှစ်အတွင်း ၁၉၄၅ မှ ၁၉၄၈ ခုနှစ်အထိ ၃ နှစ်သာလျှင် ဥပဒေတွင်း ပါတီဘဝဖြစ်ခဲ့ပြီး ၁၉၄၈ မှ ၁၉၈၉ ခုနှစ်အထိ ပြည်သူ့ ဒီမိုကရေစီ တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲ၊ ၁၉၉ဝ မှ ယခုအထိ မြေအောက်ပါတီအဖြစ် ရပ်တည်နေရသည်။ ပါတီစုံ ဒီမိုကရေစီ စနစ်ကို သွားရမည်ဟု ယုံကြည် လက်ခံထားသည်။

မေး။ ၂ဝ၁ဝ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အကိုတို့အနေနဲ့ ဘယ်လို့ မြင်ပါသလဲ ခင်ဗျ။

ဖြေ။ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဟိုတလောက အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံ ဥပဒေဘောင်ထဲမှာ လုပ်မယ့် ရွေးကောက်ပွဲ ဖြစ်တယ်။ ဆိုလိုတာကတော့ စစ်အစိုးရ ဖွဲ့စည်းပုံအတိုင်း အာဏာ တည်မြဲရေးအတွက် လုပ်ထားတဲ့ ဘောင်ထဲမှာ လုပ်ရတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထု ရွေးချယ်ခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်လို့ လုံးလုံး မရဘူး၊ မဖြစ်နိုင်ဘူး။ အများကြီး ကွာတယ်။ အခု ရွေးကောက်ပွဲကနေ ရွေးကောက်လာမယ့် အမတ် အရေအတွက်မှာ စစ်တပ်က သူတို့အတွက် ၄ ပုံ၊ ၁ ပုံ ထားပြီးသား။ ကျန်တဲ့ နေရာတွေအတွက် ရွေးရမှာ ဖြစ်တယ်။ အဓိကနေရာတွေ တိုင်းပြည်အတွက် အဓိက နေရာတွေ၊ ဌာနတွေကို စစ်တပ်က ဦးစီးထားပြီးသား ဖြစ်တယ်။ ဒါကြောင့်မို့လို့ အခုရွေးကောက်ပွဲက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမတ်ဟာ အမတ်ဦးရေအားဖြင့်ရော၊ ဒါမှမဟုတ်ရင် လုပ်ပိုင်ခွင့်အားဖြင့် သော်လည်းကောင်း စစ်အစိုးရရဲ့ လက္ခဏာ၊ စစ်အုပ်စုက ဗမာပြည်ကို ချုပ်ကိုင်ထားတဲ့ လက္ခဏာ၊ စစ်အာဏာရှင်ဆိုတဲ့ လက္ခဏာကို ဘယ်လိုမှ မပြောင်းလဲနိုင်ဘူး။

မေး။ အဲဒီလိုဆိုတော့ NLD အနေနဲ့ ဘယ်လို ရပ်တည်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ အမှန်အတိုင်း ပြောရရင် တခြားအဖွဲ့စည်းတွေကို ဘယ်လိုလုပ်ပါ ဆိုပြီးတော့ ပြောလို့ မသင့်တော်ဘူး။ ပြောလေ့လည်း မရှိဘူး။

ကျနော် ပြောနိုင်တာကတော့ NLD ဟာ NLD အနေအထားဟာ သူက ၁၉၉ဝ ရွေးကောက်ပွဲမှာ လူထုက ရွေးချယ်ပေးထားတာ ဖြစ်တယ်။ အဲဒါကြောင့်မို့ သူတို့ စဉ်းစားတဲ့ နည်းက ကျန်တဲ့ လူတွေ စဉ်းစားတာနဲ့ တူချင်မှ တူမယ်။ ကျန်တဲ့လူတွေ လုပ်တဲ့ဟာမျိုး သူတို့ လုပ်မရတာ။ သူတို့ဘက်က ကြည့်လိုက်လို့ ရှိရင်လည်း သူတို့နောက်မှာ ပြည်သူလူထု ရှိတယ်။ ကျန်တဲ့လူတွေမှာ နောက်ခံအင်အား မရှိဘူး။ အဲဒီလို အနေအထားတွေပေါ် မူတည်ပြီးတော့ သင့်တော်စွာ သူတို့ဘာသာ သူတို့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့် ယုံကြည်တယ်။

မေး။ ကွန်မြူနစ် ပါတီကရော ၂ဝ၁ဝ မှာ ဘယ်လိုမျိုး ရပ်တည်သွားမလဲဗျ။

ဖြေ။ ကျနော်တို့က ခုနက အခြေခံ၊ ရွေးကောက်ပွဲရဲ့ အခြေခံ။ အဲဒီလိုဆိုတော့ ရွေးကောက်ပွဲရယ်လို့ လက်တွေ့ ကျင်းပလာမယ်ဆိုရင်၊ ကျင်းပလာပြီဆိုရင် သပိတ်မှောက်ဖို့ ဆိုရင်တော့ မတော်ဘူး။ ကျနော်တို့ ပြည်သူလူထု အနေနဲ့ သူတို့ စစ်ဗိုလ်တွေ လုပ်ချင်ရာလုပ်တော့ ဆိုပြီးတော့ လွှတ်တော်တခုလုံး ထိုးအပ်တဲ့ဟာမျိုး မဖြစ်အောင်လည်း စဉ်းစားသင့်တယ်လို့ ထင်တယ်။ နောက်ပြီးကျတော့ ပြည်သူလူထုဆိုတာလည်း အမျိုးမျိုးရှိတယ်။ စဉ်းစားနည်းတွေလည်း အမျိုးမျိုး ရှိတယ်။ တချို့ကလည်း ရွေးကောက်ပွဲ ဝင်ချင်တယ်။ လက်ဆုံစားချင်တယ်။ တချို့ကလည်း မစားချင်တော့ဘူး။ အဲဒါမျိုးတွေ ရှိနိုင်တယ်။ တချို့ စားချင်တဲ့လူတွေ အားပေးရမယ်၊ ပျော်ပျော်ပါးပါး စားစေချင်တယ်။ သူတို့စားမယ့်ဟာက အစိုးရကို ထိပ်တိုက်တွေ့မယ်၊ ရင်ဆိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့တာ။ အားပေးသင့်တယ်လို့ ကျနော် ထင်တယ်။ အဲဒီလိုလူတွေ ရွေးကောက်ဝင်တာ ဝင်သင့်တယ်လို့ ထင်တယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တဲ့ ဟာမျိုး၊ ဥပေက္ခာ ပြုလိုက်တာမျိုး မဖြစ်သင့်ဘူး။

မေး။ ပါတီအနေနဲ့ မြေပေါ်မှာ ပြန်လည်လှုပ်ရှားဖို့ ရည်ရွယ်ချက်မျိုး ရှိလား။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိလား။

ဖြေ။ ကျနော်တို့ အဖွဲ့အစည်းက မြေပေါ်မှာ ရပ်တည်ခွင့် ရမှ မရတာ။ ကျနော်တို့ကို မြေပေါ်ရပ်တည်ခွင့် ပြုလို့ရှိရင် မြေပေါ်ပါတီတခု အနေနဲ့ သင့်တော်တဲ့ လုပ်ငန်းစဉ်၊ လမ်းစဉ်တွေ ပြန်ချမှတ်ပြီးတော့ လုပ်သွားမှာ အမှန်ပဲ။ ကျနော်တို့ဟာ အစောကြီးကတည်းက ၁၉၉ဝ ခုနှစ် အပြီးကတည်းက စစ်အစိုးရဆီကို ဗြောင်ပြောပြီးသားပဲ။ ကျနော်တို့ ပါတီအနေနဲ့ တခြား အဖွဲ့အစည်းများနည်းတူ တရားဝင် ရပ်တည်ခွင့် တခုသာ လိုချင်ပါတယ်။ တခြား ဘာမှ တောင်းတာ မဟုတ်ပါဘူး၊ အတိအလင်း ပြောပြီးသား။ အဲဒီတုန်းက ကွန်မြူနစ် ဆန့်ကျင်ရေး၊ ဆိုရှယ်လစ် ဆန့်ကျင်ရေး ဆိုတဲ့ အဖွဲ့အစည်းလို ဟာမျိုးတွေတောင်မှ ဆိုင်းပုဒ်ထောင်ခွင့် ရတယ်။ ကျနော်တို့ ဆိုင်းပုဒ်ထောင်ခွင့် မရဘူး။ အဲဒီတုန်းက အဲဒီလို တင်ပြခဲ့တာ ရှိတယ်။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ပါတီထောင်ခွင့် ရှိတယ်ဆိုရင် ကွန်မြူနစ်ပါတီ အနေနဲ့ မဟုတ်ဘဲ တခြားနာမည်နဲ့ ပါတီထောင်ဖို့ ရည်ရွယ်ချက် ရှိပါသလား။

ဖြေ။ ကျနော်တို့ ကွန်မြူနစ်ပါတီက ကွန်မြူနစ်ပါတီအတိုင်း ရပ်တည်မှာဖြစ်ပြီး တခြား နာမည်နဲ့တော့ ပါတီထောင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။

မေး။ အခု ၂ဝ၁ဝ မှာ ပါတီတွေဖွဲ့ဖို့ လုပ်ရမယ်ဆိုတော့ တစညတို့၊ ကြံ့ဖွံ့တို့က ပါတီတွေ ထောင်လာနိုင်မယ့် အနေအထား ရှိပါသလား။

ဖြေ။ ဝင်လာမယ်လို့ ကျနော်တို့ တွက်ထားတယ်။ သူတို့နဲ့ နီးစပ်တဲ့ အဖွဲ့တွေ၊ အရေအတွက်အရ များသထက် များအောင် လုပ်မယ်။ ငြိမ်းအဖွဲ့တွေကိုလည်း အတင်း ထောင်ခိုင်းမှာပဲ။

မေး။ တချို့ ငြိမ်းအဖွဲ့တွေက ပါတီထောင်လို့ရှိရင် လက်နက်ကိုင်လမ်းစဉ် စွန့်ရမယ်ဆိုတဲ့ ဟာမျိုးတွေ ရှိတဲ့အတွက်ကြောင့် ငြိမ်းအဖွဲ့ရဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ သူတို့ အနေအထားတွေ ရှိပါတယ်။ တချို့က နားလည်ယူရမယ့် ဟာလေးတွေ ရှိတယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ပုံတူ မရဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေး အခြေအနေအရ မတူတဲ့ဟာတွေ အမျိုးမျိုးရှိတယ်။ အဲဒီအတွက်ကြောင့် တပြေးညီ သတ်မှတ်တောင်းဆိုလို့ မရဘူး။ မတူတဲ့ အနေအထားအရ ကျနော်တို့ တမူထူးခြားတဲ့ အနေအထားရှိတယ်။ သာမန် ဗမာပြည်က ပုံမှန်လည်ပတ်နေတာ မဟုတ်ဘူး၊ နောက်တခါ မတူတဲ့ အနေအထားတွေမှာ ကျနော်တို့ အသိအမှတ်ပြု၊ အဲဒါတွေအရ အကြိမ်ကြိမ် ခွဲခြမ်းစိတ်ဖြာတဲ့ အဖွဲ့အစည်းတခု လူတဦးချင်း သုံးသပ်တာ အဲဒီလို လုပ်သင့်တယ်။

မေး။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲတွေ ဖြစ်လာလို့ရှိရင် ဝင်ပြိုင်မယ့် ပါတီတွေလည်း ရှိလာမယ်။ အဲဒီလို ရှိလာလို့ရှိရင် NLD ရဲ့ အခန်းကဏ္ဍက ဘယ်ရောက်သွားမယ်လို့ ထင်လဲခင်ဗျ။

ဖြေ။ သူတို့က ဘယ်အခြေအနေ၊ ဘယ်ခြေလှမ်း လှမ်းမယ်ဆိုတာ တိုက်ရိုက် ဆက်နေတယ်လို့ ထင်တယ်။ ကျနော်တို့ သဘောကတော့ NLD ဟာ ပြည်သူလူထုနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရပ်တည်နိုင်မှ အသက်ရှည်မယ်လို့ တင်တယ်။ ပြည်သူလူထုနဲ့ ကင်းကွာသွားလို့ရှိရင် အသက်တိုမယ်လို့ ထင်တယ်။ အဲဒါ တရားသဘော ပြောလိုက်တာပါပဲ။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲက အခု မေလမှ ကျင်းပသွားသလိုပဲ နိုင်ရာ၊ နိုင်ရာကို ဆွဲပြီးတော့ စစ်အစိုးရအနေနဲ့ ကျင်းပသွားခဲ့မယ် ဆိုလို့ရှိရင်ရော။

ဖြေ။ ကျနော်တို့ သဘောကတော့ နအဖ က လုပ်တဲ့ ခြေလှမ်းတွေ၊ လမ်းပြမြေပုံ အပါအဝင် အဲဒီနောက်ကို အတိုက်အခံတွေက လိုက်မျောပါနေလို့ မဖြစ်ဘူး။ ကိုယ်လုပ်စရာရှိတာကို ကိုယ့်ဘာသာ လမ်းစဉ်ချမှတ်ပြီးတော့ လုပ်ရမှာ။ တပါထဲမှာ သူတို့ လုပ်တဲ့ဟာတွေကိုလည်း၊ ပေါ်ပေါက်လာတဲ့ ဟာတွေကိုလည်း အခါအားလျော်စွာ ရင်ဆိုင်ဖို့ လိုတယ်။ အဲဒီဟာနောက်ကို မျောပါမနေဘဲနဲ့၊ သူတို့နောက်ကနေ လိုက်မနေဘဲနဲ့၊ ဆန်စင်ရာ ကျည်ပွေ့လိုက် မဟုတ်ဘဲနဲ့ ကိုယ့်ဟာကိုယ် အဖွဲ့အစည်းထဲမှာ လုပ်ငန်းစဉ် ချမှတ်ထားပြီးတော့ အကောင်အထည် ဖော်နေရမယ်လို့ ယုံကြည်တယ်။

မေး။ အဲဒါဆိုတော့ NLD ရဲ့ အခန်းကဏ္ဍက သူတို့ ပါတီ မူအတိုင်း လုပ်သင့်တယ်ဆိုတဲ့ ဟာမျိုးပဲလား။ ၂ဝ၁ဝ မှာ ပါတီတွေ ဖွဲ့ပါဆိုလို့ရှိရင် ၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်က ပျက်ပြယ် သွားမှာပဲလားခင်ဗျ။

ဖြေ။ ပါတီတိုင်းက သူ့လမ်းစဉ်အတိုင်း လုပ်ကြမှာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာလို့ရှိရင် ပျက်သွားမှာတော့ အမှန်ပဲ။ နအဖ က ဖျက်ပစ်ရင်၊ အခုကိုပဲ ကြေညာပြီးပြီပဲ။ တရားဝင်တာ မဟုတ်သေးတာပဲ။ ဒီဟာကို အသိအမှတ် မပြုတော့ဘူး၊ ပြီးသွားပြီဆိုတဲ့ ပုံသဏ္ဍာန်မျိုး ကြေညာပြီးပြီပဲ။ အဲဒီ ရလဒ်ကို ပျက်တယ်၊ မပျက်ဘူး ဆိုတာက ကျနော်တို့ ဆန္ဒအပေါ် မူမတည်ဘူး။ ကျနော်တို့ကတော့ အပျက်မခံချင်ဘူး။ သူက ဖျက်လို့ ပျက်သွားလို့ရှိရင် ဘာတတ်နိုင်မှာလဲ။ ကျနော်တို့ နောက်တလှမ်း လှမ်းဖို့ ဘာဆက်လုပ်သင့်လဲဆိုတာ စဉ်းစားဖို့ လိုတယ်။

မေး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အကို့အနေနဲ့ ဘာများ ပြောချင်ပါသေးလဲခင်ဗျ။

ဖြေ။ ကျနော်တို့က တခြား အဖွဲ့အစည်းနည်းတူ တရားဝင် ပါတီထောင်ဖို့ ရှိတယ်။ ဒါပေမဲ့ နအဖ က ရှေ့လျှောက် မိုက်မိုက်ကန်းကန်း လုပ်မှာပဲ။ ကျနော်တို့ စိတ်ကူးယဉ်နေလို့ကတော့ မရဘူး။ နအဖ များ ပြန်လည်လာအုံးမလား၊ စိတ်ကောင်းလေး ပြန်ဝင်လာအုံးမလား၊ စိတ်ကူးယဉ်တဲ့ အထဲမှာ - ပြည်ပကများ အကူအညီတွေ ပေးနေအုံးမလား၊ အခုချိန်မှာ အဲဒီဟာတွေ စိတ်ကူးယဉ်တာ တမျိုးပဲ၊ မကောင်းဘူး။ တကယ့်ကို ဓား ဓားချင်း၊ လှံ လှံချင်း လုပ်ဖို့ ပြင်ရတော့မယ့် အခြေအနေမျိုး ရှိတယ်။ လျော့ရိ လျော့ရဲ လုပ်နေလို့ရှိရင် တိုင်းပြည်လည်း နာလှပြီ။ ထိပ်တိုက်ပဲ ပြောချင်တယ်။ ရှောင်နေလို့တော့ မရတော့ဘူးလို့ ပြောချင်တယ်။ သူတို့က ဆက်ပြီးတော့ ရမ်းနေတာ၊ သူတို့ ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်တော့မယ့် အခြေအနေ ဖြစ်တယ်။ ကျနော်တို့က ရှောင်နေလို့၊ ဟိုပြေးဒီပြေး လုပ်နေလို့တော့ မရတော့ဘူး။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

မေး။ ထိပ်တိုက်ရင်ဆိုင်မလား၊ နအဖ လုပ်တဲ့ လမ်းစဉ်ပေါ်မှာ အခြေခံပြီးတော့၊ ရွေးကောက်ပွဲကို ဝင်ပြီးတော့မှ အတွင်းကနေ တိုက်မလားဆိုတဲ့ နှစ်ခုထဲက ဘယ်လိုမျိုးဟာကို လုပ်သင့်တယ် ထင်ပါသလဲ။

ဖြေ။ ထိပ်တိုက်ဆိုတာကလည်း Confrontation ထိပ်တိုက်ရင်ဆိုင်မှုမျိုး မဟုတ်ဘဲ နည်းပရိယာယ်တွေနဲ့ လုပ်သွားဖို့ လိုတယ်။ ကိုယ့်ဘက်က အစီအစဉ် ဆွဲပြီးတော့မှ အသေအချာလုပ်မှ ဖြစ်တော့မယ်။ အိရော အိရောနဲ့ အရင်လို တိုက်ပွဲ ပုံသဏ္ဍာန်ဟောင်းတွေ၊ မအောင်မြင်တဲ့ ဟာတွေ ပြန်လိုက်နေလို့တော့ မဖြစ်တော့ဘူး။ လုပ်မှ ဖြစ်တော့မယ်။
--------------------------------------------------------------

ဦးဉာဏ်ဝင်း (ပြောခွင့်ရပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရသည်။ ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အမတ်နေရာ ၈၂.၅ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့သည့် ပါတီဖြစ်ပြီး ပါတီလုပ်ငန်းများ လည်ပတ်မှုကိုလည်း စစ်အစိုးရက ကန့်သတ်ထားသည်။

မေး။ အန်အယ်ဒီ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ရှိပါသလား။

ဖြေ။ လောလောဆယ်တော့ ဘာမှ မပြောနိုင်သေးပါဘူး။ ပါဝင်နိုင်မယ်၊ မပါဝင်နိုင်ဘူး ဆိုတာကို သေချာ မပြောနိုင်သေးဘူး။

မေး။ အန်အယ်ဒီက ရွေးကောက်ပွဲမှာ မပါဝင်ခဲ့ဘူးဆိုရင် နောက်ပိုင်း နိုင်ငံရေး အခန်းကဏ္ဍတွေမှာ ဘယ်လို လှုပ်ရှားသွားမလဲရှင်။

ဖြေ။ ရွေးကောက်ပွဲမှာတောင် ပါဝင်မယ်၊ မပါဝင်ဘူး ဆိုတာတောင် တိတိကျကျ မပြောနိုင်သေးခင်မှာ နောက်ဆက်တွဲတော့ကို ကျနော်တို့ မသိနိုင်သေးပါဘူး။

ဗိုလ်မှူးကြီး ဂွမ်မော် (ကချင်လွတ်မြောက်ရေးအဖွဲ့၊ KIO)

ကချင်အမျိုးသားများအကြား အကြီးဆုံး အင်အားစုတခုဖြစ်သည့် ကချင်လွတ်မြောက်ရေး အဖွဲ့သည် စစ်အစိုးရ ဦးဆောင်ကျင်းပသော အမျိုးသား ညီလာခံကို တက်ရောက်ခဲ့သူဖြစ်ပြီး ငြိမ်းချမ်းရေး ရယူထားသော လက်နက်ကိုင်တပ်လည်း ရှိသည့်အဖွဲ့ ဖြစ်သည်။ ညီလာခံတွင် အခြေခံဥပဒေကို ပြင်ဆင်လိုသည်များနှင့် ပတ်သက်ပြိး တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

မေး။ ကေအိုင်အို အနေနဲ့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ဘာတွေ ပြင်ဆင်ထားပါသလဲ။

ဖြေ။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် တစုံတခု ဆုံးဖြတ်ချက်ကို အခုအချိန် မချရသေးဘူး။ ဘာလုပ်မယ်ဆိုတာကို ပြောဖို့ မဖြစ်နိုင်သေးပါဘူး။ ကျနော်တို့အနေနဲ့ အခုအချိန်ထိ ဒါနဲ့ ပတ်သက်ပြီး အစည်းအဝေး မလုပ်ရသေးပါဘူး၊ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ သေချာတာကတော့ နဂိုဆုံးဖြတ်ချက်ကို အခုအချိန်ထိ ဆက်လက် ကိုင်ထားဆဲပါပဲ။

မေး။ နဂိုဆုံးဖြတ်ချက်ဆိုတာ ဘာကို ပြောတာလဲ။

ဖြေ။ ကေအိုင်အို အနေနဲ့ နဂိုမူလက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ဆိုတာက အဖွဲ့အစည်းအနေနဲ့ ရွေးကောက်ပွဲကို တိုက်ရိုက်ပါဝင်မှာ မဟုတ်ဘဲ အဖွဲ့ဝင်တယောက် ပါဝင်ခဲ့ရင်လည်း သူ့အနေနဲ့ ကေအိုင်အို အဖွဲ့ဝင်အဖြစ်ကနေ အနားယူရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒါ အခုအချိန်ထိ ပြောင်းလဲသေးခြင်း မရှိသေးပါဘူး။ ဆက်လက် ဆုပ်ကိုင်ထားဆဲပါပဲ။

မေး။ ကျနော်တို့ သိရတာက ကေအိုင်အို အနေနဲ့ ရွေးကောက်ပွဲ ဝင်တော့မယ်ဆိုတာ မှန်ပါသလား။

ဖြေ။ တချို့အဖွဲ့ဝင်တွေက ရွေးကောက်ပွဲဝင်ဖို့ ပြောဆိုတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါက ဘာမှ တရားဝင် ဆုံးဖြတ်တာတွေ မရှိသေးပါဘူး။ ပြောနေတဲ့အဆင့်မှာပဲ ရှိသေးတာပါ။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကေအိုင်အိုရဲ့ သဘောထားက ဘယ်လိုပါလဲ။

ဖြေ။ ကျနော်တို့ကတော့ အခုချိန်ထိ ကချင်ပြည်သူ တရပ်လုံးကို ကိုယ်စားပြုတဲ့၊ အားလုံးထောက်ခံတဲ့ ပါတီတခု ထွက်လာဖို့ ထောက်ခံ အားပေးနေဆဲပါ။ ဒါကလည်း အဖွဲ့အစည်းတွေနဲ့ ကင်းရှင်းပြီး သီးသန့် ရပ်တည်နေတဲ့ ကချင်ပြည်သူ တရပ်လုံးကို ကိုယ်စားပြုတဲ့ ပါတီပါ။

စစ်အစိုးရလည်း ကေအိုင်အိုကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခုအချိန်ထိ တစုံတခု ဖိအားပေးတာမျိုးတွေ မရှိသေးပါဘူး။

မေး။ ငြိမ်းအဖွဲ့တွေကို လက်နက် ဖြုတ်သိမ်းခိုင်းတယ်လို့ သိရတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ။ လက်နက်ဖြုတ်သိမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ယခုအချိန်ထိ နအဖ ဘက်က တရားဝင် ပြောဆိုတာ မရှိသေးဘူး။ ဒါပေမဲ့ ပြည်နယ်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းစေဖို့ ရှိနိုင်တယ်ဆိုတဲ့ ကောလာဟလတွေတော့ ကြားနေရပါတယ်။ ကေအိုင်အို အနေနဲ့ လက်နက်ချ ဖြုတ်သိမ်းဖို့တော့ မဖြစ်နိုင်တဲ့ အကြောင်းလည်း အဖန်တလဲလဲ ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

ကိုနေမျိုးဝေ (တသီးပုဂ္ဂလ ၊ ရန်ကုန်)

မြန်မာ့လေကြောင်းမှ အင်ဂျင်နီယာတဦး ဖြစ်ပြီး အတိုက်အခံများကို အတိုက်အခံလုပ်ပြီး စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် တသီးပုဂ္ဂလ အနေဖြင့် အင်တာနက် အီးမေးလ်မှတဆင့် သူ၏ နိုင်ငံရေးအမြင် သုံးသပ်ချက်များကို ဖြန့်ချီနေသူတဦး ဖြစ်သည်။ ၂ဝ၁ဝ တွင် ဖြစ်ပေါ်လာနိုင်သည့် ရွေးကောက်ပွဲဝင်တွင် အခြေအနေပေးလျှင် ဝင်ပြိုင်ရန် စိတ်ဝင်စား ပြင်ဆင်နေသူ ဖြစ်သည်။ နိုင်ငံရေးတွင် ပါတီအဖွဲ့အစည်းထက် လူကောင်း လူတော်များ ပါဝင်လာအောင် လမ်းဖွင့်သင့်သည်၊ လူထုက မေးခွန်း ထုတ်သင့်သည်ဟု သူက ဆိုသည်။ စစ်အစိုရ၏ လမ်းပြမြေပုံကို ခေါင်းညိမ့်ယုံမှတပါး အခြားလမ်းမရှိဟု သူက ယုံကြည်ထားသည်။

မေး။ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအတွက် ဘယ်လို ပြင်ဆင်ထားပါသလဲရှင်။


ဖြေ။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါတီတွေတော့ သိပ်အများကြီးထွက်မှာ မဟုတ်ဘူး။ ပါတီက ၃ ခု၊ ၅ ခု အဲလောက်ပဲ ရှိမယ်ထင်တယ်။ ပါတီထောင်နိုင်မယ့် အနေအထားအရ။ 

မေး။ ဘာကြောင့် အခုလိုမျိုး ပြောရတာလဲရှင့်။

ဖြေ။ ပြည်တွင်းမှာ နိုင်ငံရေးပါတီတွေကို စိတ်ဝင်စားတဲ့လူတွေ အားနည်းတယ်။ လူတွေအကုန်လုံးက စားဝတ်နေရေးကိုပဲ စိတ်ဝင်စားနေရတယ်။ အဲဒီအခါကျတော့ ပြည်သူလူထုရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု နည်းနေတာ။ ပါတီဆိုတာကလည်း အင်အားကြီးမှ ထောင်လို့ရတာ ဖြစ်တယ်။ စည်းရုံးရေးကောင်းမှ ထောင်လို့ရမှာ ဖြစ်တယ်။ ဖြစ်နိုင်ခြေများတာကတော့ ၅ ပါတီလောက် ရှိမယ်။

မေး။ ဖြစ်နိုင်ခြေများတဲ့ ပါတီတွေက ဘယ်လိုမျိုးတွေ ပြောတာလဲ။

ဖြေ။ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ကလည်း ဝင်လာနိုင်တယ်။ တစည ဆိုတာက ရပ်ကွက်တွေထဲမှာ အဖွဲ့ဝင်လေးတွေ တိုးလာတာ ရှိတယ်။ တစည ရှိတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကလည်း ပါတီ အသွင်သဏ္ဍာန် ပြောင်းလာနိုင်တယ်။ သူကတော့ ပြောင်းလာနိုင်ရင် အားများတယ်။ အန်အယ်ဒီ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) နအနေနဲ့လည်း ဝင်လည်း ဝင်လာနိုင်တယ်၊ မဝင်ဘူးဆိုရင်လည်း သူတို့အနေနဲ့ အန်အယ်ဒီ ပါတီဝင်တွေပဲ၊ ဒီလူတွေပဲ နောက်ထပ် ပါတီတခု ထပ်ပြောင်းပြီးတော့ ဝင်ရင်လည်း ဝင်လာနိုင်တယ်။ ၃ ခုရှိပြီးပေါ့နော်။ သက်သက် အသစ် တက်လာနိုင်တာကတော့ အမျိုးသားနိုင်ငံရေး အင်အားစုများကလည်း ပါတီထောင်နိုင်တယ်။ ထောင်နိုင်ရင် ထောင်နိုင်မယ်၊ မထောင်နိုင်ရင်လည်း မထောင်နိုင်ဘူး။ သူတို့တောင် ခန့်မှန်းဖို့ ခက်တယ်။ တနိုင်ငံလုံးအနေနဲ့ လုပ်ရမှာကိုး။ သူတို့အနေနဲ့ ကြိုးစားမယ်လို့ ပြောကြတာပါပဲ။ 

မေး။ ဘာကြောင့် ဒီလိုမျိုးပါတီတွေ ထောင်လာနိုင်တယ်လို့ မြင်တာလဲ။

ဖြေ။ ပြည်သူလူထုက နိုင်ငံရေးထဲကို ဆက်မသွားဘူးဗျ။ ပြည်သူလူထု နိုင်ငံရေးထဲကို ပြန်ဝင်လာနိုင်အောင် လုပ်ဖို့ တော်တော်လေး ခက်သွားပြီ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေကို လူတွေက ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောကြတယ်။ သို့သော် တကယ် သူကတော့ တကယ့်ကို အင်အားကြီးတဲ့ အထဲမှာ ပါသွားပြီ။ ကျနော်တို့ တွေ့ရတာပေါ့နော်။ ကျနော်တို့ ရပ်ကွက်ထဲမှာ ဖွဲ့စည်းပုံအတွက် မဲစာရင်း ကောက်တဲ့အခါမှာ ၁၈ နှစ်ကျော်တဲ့ အထဲမှာ ထောက်ခံမဲ ၄ဝဝဝ ကျော် ရတယ်။ အဲဒီထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်က တော်တော်များများ ပါတယ်။ တကယ်ကို ခံယူချက်နဲ့ လုပ်တဲ့သူက ၃ ပုံ ၁ ပုံလောက် ရှိတယ်။ အဲဒီတော့ သူ့အင်အားက နည်းတာ မဟုတ်ဘူး။ နောက်ပြီးတော့ ပြောရရင် အမေရိကန် နိုင်ငံရေးသမိုင်းမှာ စကားရပ်တခု ရှိတယ်။ ငွေသည် နိုင်ငံရေးတွင် မိခင်၏ နို့ရည် ဖြစ်သည်လို့ ရှိတာ ကြားဖူးမှာပါ။ အဲလိုကျတောဗျာ ဒီမှာ တခုခုလုပ်ရင် စာရွက်ကလေး ဝေတာကအစ ငွေရေးကြေးရေး တောင့်တင်းဖို့ လိုတယ်။ 

မေး။ ဒီဖွဲ့စည်းပုံ အခြေခံမူကြမ်းဟာ စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်နိုင်မယ်လို့ ယူဆပါသလား။

ဖြေ။ ကျနော်ကတော့ စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်မယ်လို့ ယူဆတယ်၊ ယုံကြည်တယ်။ ကျနော်တို့လင်မယား ၂ ယောက်လုံး ထောက်ခံမဲ ပေးခဲ့တယ်။

မေး။ ဘာဖြစ်လို့ အဲလိုမျိုး ယုံကြည်ရတာလဲ။


ဖြေ။ ကျနော် ယုံကြည်တယ်၊ ဒီဖွဲ့စည်းပုံက တသက်လုံး မတည်မြဲဘူး။ ရာသက်ပန် မပြောင်းမလဲဘဲ တည်မြဲတဲ့အရာ ဘာမှ မရှိဘူး။ ခေတ်ကာလအရ လိုက်လျောညီထွေစွာ ဖွဲ့စည်းပုံဆိုတာ ပြောင်းလဲလာမှာပါပဲ။ ဒီခေတ်၊ ဒီကာလမှာ ဒါလေးပဲ သွားလို့ ရတာလေ။ ဒီအချိန်မှာ ဖွဲ့စည်းပုံကို ပြန်လည် ငြင်းခုံနေမယ် ဆိုရင်လည်း အချိန်လွန်သွားပါပြီ။ ကျနော်သာ ညီလာခံကို တက်ခွင့်ရနိုင်မယ်ဆိုရင် ကျနော့်မှာ ပြောစရာတွေ ရှိတယ်။ ထောက်ခံမဲ ပေးကြတဲ့အထဲက ၇ဝ ရာခိုင်နှုန်းကတော့ တကယ့်ကို ထောက်ခံကြတာပါ။ ကျနော် လောင်းရဲတယ်။ ငြင်းခုန်နေတာတွေ မြန်မြန်ပြီးသွားရင် ပြီးရောဆိုပြီး ထောက်ခံကြတာပေါ့။

မေး။  ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအနေနဲ့ ပါဝင်ဖို့ စီစဉ်ရတယ်ဆိုတော့ ဘာကြောင့် ယှဉ်ပြိုင်ချင်ရတာလဲရှင်။

ဖြေ။ ပါဝင်ဖို့ ရှိပါတယ်။ ဘာကြောင့်ဆိုရင် နိုင်ငံရေး လုပ်တဲ့အခါမှာ ပေါ်လစီတွေကို ပြောလို့ရတယ်၊ လွှတ်တော်အမတ်တွေရဲ့ တာဝန်ရှိတယ်။ လွှတ်တော်က ဥပဒေပြုလွတ်တော် အုပ်ချုပ်ရေးတွေကိုလည်း သူက ဦးဆောင် ဖွဲ့စည်းလို့ရတယ်။ လွှတ်တော်အမတ်တယောက် ဖြစ်ပြီဆိုရင်တော့ ဥပဒေတခု ထုတ်တယ်ဆိုရင်ကို ကိုယ်က ကြိုက်တယ်၊ မကြိုက်ဘူး တမဲပေးလို့ရတယ်။ ဥပမာ ကျနော်တို့နိုင်ငံမှာ လူတိုင်း လက်နက်ကိုင်ခွင့် ရှိတယ်ဆိုရင် ကျနော်ကတော့ ဆန့်ကျင်တဲ့မဲကို အမြဲပေးတယ်ဗျာ။ ပညာရေးအနေနဲ့ စာသင်သားတွေကို ကျနော်ဝါဒတွေ ဖြန့်ချင်တာတွေ တရားဝင် လုပ်လို့ရမယ်။ အဲလိုပုံစံမျိုး ကျနော်က လုပ်လို့ရမယ်။ ဒါပေမဲ့ ငွေရေး၊ ကြေးရေးလည်း လိုသေးတာပဲ။

ပြောခွင့်ရပုဂ္ဂိုလ်တဦး (ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်၊ UWSA)

တပ်မတော်မှလွဲလျှင် လက်နက်ကိုင် တပ်ဖွဲ့အင်အား အများဆုံးဖြစ်ပြီး လေယာဉ်ပစ် အမြောက်များပင် ပိုင်ဆိုင်သော ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့ကြီး ဖြစ်သည်။ ကျန်အဖွဲ့များနှင့် ယှဉ်လျှင် ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့အစည်းများ ထိန်းချုပ်ရာ ဒေသများအနက် လုပ်ပိုင်ခွင့် သီးခြားအများဆုံး စစ်အစိုးရဆီက ရယူထားနိုင်သော အဖွဲ့လည်း ဖြစ်သည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်းကြောင့် နာမည်ပျက်ရသည့် အဖွဲ့လည်း ဖြစ်သည်။ လက်နက်မချနိုင်ဟု အခိုင်အမာ ပြောဆိုထားသည်။

မေး။ အဖွဲ့အနေနဲ့ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲဝင်ဖို့ ရှိပါသလား။

ဖြေ။ ဝ’ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် အနေနဲ့ ရွေးကောက်ပွဲအတွက် အခုအချိန်ထိ ဆုံးဖြတ်ချက် တိတိကျကျ မဆုံးဖြတ်ရသေးပါဘူး။ သို့ပေမဲ့လည်း ရွေးကောက်ပွဲကို ဝင်ရောက်ဖြစ်ခဲ့ရင် ကျနော်တို့ရဲ့ ဗဟိုအုပ်ချုပ်ရေး ကော်မတီဖြစ်တဲ့ ဝ’ ပြည် သွေးစည်းညီညွှတ်ရေး ပါတီက ဝင်ရောက် အရွေးခံနိုင်ပါတယ်။

ကျနော်တို့ ဒါအတွက် အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ တခုမှ မလုပ်ရသေးပါဘူး။ ဒီလိုပဲ စစ်အစိုးရဘက်ကလည်း ကျနော်တို့ကို တစုံတခု ပြောဆိုတာ မရှိသေးပါဘူး။ ဒါကြောင့် အခြေအနေကို ဆက်လက် စောင့်ကြည့်နေဆဲပါ။ မဖြစ်မနေ ဝင်ပြိုင်ရမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဝ’ပြည် သွေးစည်းညီညွတ်ရေး ပါတီက ဝင်ပြိုင်နိုင်ပါတယ်။

မေး။ ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီက အားလုံးကို ကိုယ်စားပြုထားနိုင်ပါသလား။

ဖြေ။ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီက ဝ လက်နက်ကိုင် အဖွဲ့အစည်း တခုလုံးကို အဓိက ချုပ်ကိုင်ထားတဲ့ ဌာနပါ။ နောက်ပြီး ပြည်နယ်တခုလုံးနဲ့ စုပေါင်းနေထိုင်နေတဲ့ တိုင်းရင်းသား အနည်းဆုံး ၁ဝ စုလောက်ကိုလည်း ကိုယ်စားပြုပါတယ်။ နောက်ပြီး ဒီပါတီက လက်နက်ကိုင်အဖွဲ့အစည်း မစခင်ကတည်းက အရင် ရှိနှင့်ပြီးသားပဲ။ ဒီပါတီကပဲ အဓိက ဆုံးဖြတ် လုပ်ဆောင်သွားမှာပါ။

မေး။ ရွေးကောက်ပွဲဝင်ဖို့ သေချာသလောက်ရှိပြီလို့ ပြောလို့ရမလား။ လက်နက်ချခိုင်းတယ်ဆိုတဲ့ ကိစ္စက ဘယ်လိုရှိပါသလဲ။

ဖြေ။ မဖြစ်မနေဆိုရင်တော့ ကျနော်တို့ရဲ့ ဗဟိုအုပ်ချုပ်ရေး ပါတီက ဝင်ရောက် အရွေးခံနိုင်ပါတယ်။ ဒါပေမဲ့ လက်နက်ချဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပါပဲ။

မေး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဝ ပြည်နယ်က ပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲ အပါအဝင်ပေါ့။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း စိတ်ဝင်စားတဲ့လူ တော်တော်နည်းပါတယ်။ မဖြစ်မနေ လုပ်နေတဲ့ သဘောလောက်ပါပဲ။ အများပိုင်းကတော့ စိတ်မဝင်စားကြပါဘူး။

ဇခုန်တိန့်ရိမ်း (ဒီမိုကရက်တစ် ကချင်တပ်မတော်သစ်၊ NDA-K)

ကချင်အဖွဲ့ကွဲတခုဖြစ်ပြီး စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး အဓိကထား လုပ်ကိုင်နေသော အဖွဲ့တခုဖြစ်သည်။ ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် ပြိုင်ဘက်ဖြစ်ပြိး ရွေးကောက်ပွဲတွင် ကချင်အမျိုးသားပါတီ များမည်ကို စိုးရိမ်နေသူ ဖြစ်သည်။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်အရွေးခံမှာလား။ အဖွဲ့အစည်းကို ပါတီနာမည်ပြောင်းပြီး အရွေးခံမယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ။ အဲဒါ မမှန်ပါဘူး။ အဖွဲ့အစည်း အနေနဲ့တော့ နာမည်ပြောင်း၊ ပါတီဖွဲ့ပြီး တိုက်ရိုက် ယှဉ်ပြိုင်ဖို့ မရှိပါဘူး။

ကျနော်တို့အနေနဲ့ ပါတီအဖြစ် နာမည်ပြောင်းပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကချင်ပြည်သူ တရပ်လုံးကို ကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်နိုင်တဲ့ ပါတီ ပေါ်ပေါက်လာဖို့ အတွက်ကတော့ အားပေး ထောက်ခံသွားမှာပါ။

မေး။ ရွေးကောက်ပွဲကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ကချင်ပြည်သူတွေအနေနဲ့ ပါတီဖွဲ့ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် သင့်ပါတယ်။ အဲဒါမှလည်း ကိုယ်ကြိုက်တဲ့ အုပ်ချုပ်သူတွေ ရမှာကိုး။

မေး။ ရွေးကောက်ပွဲကရော တရားမျှတမယ်လို့ မျှော်လင့်သလား။

ဖြေ။ ဒါကတော့ ပြောဖို့ စောပါသေးတယ်။ လူထုအနေနဲ့ ကိုယ်ကြိုက်တဲ့ အုပ်ချုပ်ရေးအဖွဲ့ ရရှိချင်တယ် ဆိုလို့ရှိရင် ပါတီကို ရွေးချယ်ခန့်ထားပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ပါပဲ။

မေး။ ကချင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပါတီဆိုတာ ဘယ်လိုပါတီကို ဆိုလိုချင်ပါသလဲ။

ဖြေ။ ပြည်သူအားလုံးကို ကိုယ်စားပြုထားတဲ့ အားလုံးရဲ့ ထောက်ခံမှုရ ပါတီသစ်တခု ဖြစ်ပေါ်လာဖို့ တိုက်တွန်း ထောက်ခံ၊ အားပေးနေပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အဲဒီ ပါတီတခုထဲ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကျနော်တို့အနေနဲ့ ဆန္ဒရှိပါတယ်။

ပါတီအများကြီး ပေါပေါက်လာဖို့ မတွေ့ချင်ပါဘူး၊ အားလည်း မပေးပါဘူး။ လိုတာက အားလုံး (လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် ကချင်လူမျိုးစု အားလုံး) ကို ကိုယ်စားပြုနိုင်တဲ့ ပါတီတခုထဲပါ။

(ဆက်လက်၍ အင်တာဗျူးများ တင်ဆက်သွားပါမည်။)
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved