အင်တာဗျူး ဆန္ဒခံယူပွဲရလဒ်အပေါ် သူတို့ သဘောထား (ဆက်သွယ်မေးမြန်းချက်များ)
ဆန္ဒခံယူပွဲရလဒ်အပေါ် သူတို့ သဘောထား (ဆက်သွယ်မေးမြန်းချက်များ) Print E-mail
မဇ္ဈိမသတင်းဌာန   
ကြာသပတေးနေ့၊ မေလ 15 2008 22:53 - မြန်မာစံတော်ချိန်
Article Index
ဆန္ဒခံယူပွဲရလဒ်အပေါ် သူတို့ သဘောထား (ဆက်သွယ်မေးမြန်းချက်များ)
စာ - ၂
All Pages


ယခုလ ၁ဝ ရက်နေ့တွင် ကျင်းပခဲ့သည့် စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေး ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ ၂၂ သန်းကျော်အနက် ၂ဝ၇၈၆၅၉၆ (၉၂ ဒဿမ ၄ ရာခိုင်နှုန်း) က ထောက်ခံမဲပေးခဲ့သည်ဟု  ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ ဥက္ကဋ္ဌ ဦးအောင်တိုးက နိုင်ငံပိုင် ရေဒီယိုကတဆင့် ယနေ့ကြေညာလိုက်သည်။

ဤကိစ္စနှင့်ပတ်သက်၍ နအဖ လူထုဆန္ဒခံယူပွဲနှင့် မဲရလဒ်များအပေါ် ပြည်တွင်းပြည်ပရှိ အတိုက်အခံခေါင်းဆောင်များ၊ မဲပေးခွင့်ရသူများ၏ သဘောထားကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါသည်။

ဦးဉာဏ်ဝင်း (ပြောခွင့်ရပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)

"ဒီဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒမပါဘူးဗျ။ ပြည်သူ့ဆန္ဒမပါတဲ့အတွက် အတည်ဖြစ်သွားရင်လည်း တရားဥပဒေအရ တရားမဝင်ဘူး။ အဲဒါပဲ ပြောမယ်"
---------------------------

ဒေးဗစ်ထော (ကရင် အမျိုးသား အစည်းအရုံး)


"အခုလိုကြေညာလိုက်တဲ့ ထောက်ခံမဲ ၉၃ ရာခိုင်နှုန်း ရတာနဲ့ ပတ်သက်ပြီးတော့ သိပ်တော့ မအံ့သြဘူး။ အဲဒါက နည်းသေးတာပေါ့။ ၉၉ ရာခိုင်နှုန်းလို့ ပြောအုံးမလား မသိဘူး။ မဲနဲ့ပတ်သက်ပြီးတော့ မဲရုံမှာ ရှိတဲ့ မဲရုံမှာ စောင့်ကြည့်လေ့လာသူတွေ ပြောတဲ့ တင်ပြချက်ကို ကြည့်ရမယ်ဆိုရင် မဲရုံမှာ လျှို့ဝှက်မဲပေးစနစ် မဟုတ်ဘဲနဲ့ သေသေချာချာ လိုက်လံကြည့်ရှုပြီးတော့ ထောက်ခံမဲပေးဖို့အတွက်ကို သူတို့ကလမ်းကြောင်းပေးတာတို့၊ ခြိမ်းခြောက် တာတို့ အဲဒီလိုမျိုးလုပ်တော့ လူတွေက သူတို့ရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ် ပေးခွင့်မရတာတွေလည်း ပါတယ်။ တရားမျှတမှု မရှိဘူးဆိုတာကို သိပေမယ့် အတင့်ရဲရဲ လုပ်မယ်လို့ မထင်ခဲ့ဘူး။ သူတို့ ညစ်မယ်ဆိုတာကိုတော့ လူတိုင်းသိတယ်"

"အမှန်တကယ်က ၉၃ ရာခိုင်နှုန်းက ထောက်ခံမဲ ဖြစ်နေပြီဆိုတာနဲ့ ကျန်ရစ်ခဲ့တဲ့ မဲရုံတွေကို မလုပ်တောင်မှ နိုင်နေပြီးသားပါ။ သူတို့လုပ်မယ်ဆိုရင် တောင်မှ အလကားပင်ပန်းတယ်လို့ ကျနော်တို့က ပြောချင်တယ်။ လိမ်လက်စ ဆက်လိမ်ပါလို့ အားပေးချင်တယ်။ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ မတရား လုပ်နေတယ်လို့ ထင်သလို၊ ၂ဝ၁ဝ မှာ ဖြစ်လာမယ့် ရွေးကောက်ပွဲကလည်း တရားမှာ မဟုတ်ဘူးလို့ ကျနော်အနေနဲ့ပြောချင်တယ်။ ပြည်သူတွေအနေနဲ့ မတရားတဲ့ ဟာတွေကိုတော့ ငုံ့ခံမှာ မဟုတ်ဘူး။ အခြေအနေ အချိန်အခါပေးတာနဲ့ သူတို့ကို တွန်းလှန်မယ်ဆိုတာ ကျနော်တို့ မျှော်လင့်ထားတယ်"
---------------------------

ဒေါက်တာ လျန်မှုန်းဆာခေါင်း (တိုင်းရင်းသားလူမျိုးများ ကောင်စီ)

“ညီလာခံ မစခင်ကတည်းက လုပ်ထုံးလုပ်နည်း မကျဘူးဆိုတာ သိထားတယ်။ ဒီမိုကရေစီ လမ်းကြောင်းနဲ့ မကိုက်ညီဘူး။ စစ်အစိုးရက စည်းရုံးရေး လုပ်တယ်။ ရေးဆွဲတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း စစ်အစိုးရကို   ကာကွယ်ဖို့ ဥပဒေ ဖြစ်တယ်။ ကျနော်တို့ ဒါကို လက်မခံနိုင်ဘူး။ အခု လက်ရှိ သူတို့ ကြေညာသွားတဲ့ လူထုဆန္ဒ ခံယူပွဲမှာလည်းပဲ သူတို့လုပ်တဲ့ ပုံသဏ္ဍာန်က ဥပဒေနဲ့ ဆန့်ကျင်တယ်။ သူတို့ကိုယ်တိုင်လုပ်ထားတဲ့ လူထုဆန္ဒခံယူပွဲ ဥပဒေနဲ့လည်း ဆန့်ကျင်တယ်။ ပြည်သူလူထုကိုလည်း လွတ်လပ်စွာ မဲပေးပိုင်ခွင့် ပေးတာ မဟုတ်ဘူး”

“ဥပမာ တလကြိုပြီးတော့ အိမ်တိုင်ရာရောက် မဲတွေကို လိုက်ကောက်တယ်။ လိုက်ကောက်ပြီးတော့မှ အဲဒီမဲတွေကို တဦးချင်းပေးဖို့ မလိုဘူး။ အိမ်ထောင်စုလိုက် မဲပေးလို့ရတယ်။ အိမ်ထောင်စုက အိမ်ထောင်ဦးစီးက မဲပေးလို့ရှိရင် မိသားစုတခုလုံး မဲပေးသလို ဖြစ်တယ်။ အဲလို လုပ်တဲ့အခါကျတော့ မိသားစုတစုလုံးကနေ အိမ်ထောင်ဦးစီးက မဲပေးတဲ့အခါ မှတ်ပုံတင်ကို ပြရတယ်။ အဲဒီအခါကျတော့ သူ ဘာမှ အာမခံချက် မရှိဘူးပေါ့။ နောင် ပြောလို့ မရတော့ဘူးပေါ့၊၊ ဒါ့အပြင် စစ်အစိုးရရဲ့ လူထုဆန္ဒ ခံယူပွဲကို ပြည်ပမှာ ရှိကြတဲ့သူတွေ အားလုံးက ကန့်ကွက်တယ်၊၊ တရားမျှတမှု လုံးဝ မရှိဘူး၊၊ ပြည်သူတွေကို တဖက်သတ် ဆွဲဆောင်တဲ့အပြင် ဝန်ထမ်းတွေကို ခြိမ်းခြောက်မှုတွေနဲ့ အနိုင်ယူနေတယ်”

“တကယ်တော့ ဒီလောက် လိမ်ညာပြီးတော့ လုပ်ရင်တော့ ဆန္ဒခံယူပွဲကိုတောင် လုပ်မနေဘဲနဲ့ ကျနော်တို့ ဒါတွေကို အတည်ပြုပါတယ် ဆိုပြီး သေနတ်ဖောက်ပြီးမှ လုပ်လိုက်ရုံပါပဲ။ ကျနော် ပြောချင်တာကတော့ ပြည်သူတို့ ခင်ဗျားတို့ရဲ့ မဲဆန္ဒတွေဆိုတာ ဒီ ဆန္ဒခံယူပွဲမှာ မပါပါဘူး”
---------------------------

ဦးညိုအုန်းမြင့် (အမျိုးသား ဒီမိုကရေစီအဖွဲ့၊ လွတ်မြောက်နယ်မြေ)


"၁ဝဝ ရာခိုင်နှုန်းရသင့်တယ်၊ ဘာကြောင့်မရလဲဆိုတာ စဉ်းစားနေတာ။ ဘာကြောင့်လဲဆိုတော့ ဒီသဘောထား ထောက်ခံမှုရဖို့ နည်းမျိုးစုံနဲ့ ညစ်ပြီးတော့မှ လုပ်ခဲ့တာ။ သူတို့ ဘာကြောင့် ၁ဝဝ မလုပ်ရဲတာက သူတို့ သတ္တိမရှိဘူးလို့ ပြလို့ရတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးလို့ ပြောလို့ ရပါတယ်"

"၂၄ ရက်နေ့ လုပ်မယ့် ဆန္ဒခံယူပွဲမှာလည်း ထပ်ညစ်ဖို့ လုပ်မှာပါ။ ဒါပေမဲ့ ကျနော်မမှားဘူးဆိုရင် နိုင်ငံရေးအရ တစုံတရာ ပြဿနာတက်လာ နိုင်တယ်။ လူထုက အစော်ကားခံရတဲ့အပေါ်မှာ ရန်ကုန်မြို့နဲ့ အနီးပတ်ဝန်းကျင်က လူတွေအပေါ်မှာ ပေါက်ကွဲသွားနိုင်တယ်"

"အခု သူတို့ရထားတဲ့ နံပါတ်က လုံလောက်ပြီးပါပြီ။ ကျနော်တို့က နိုင်နိုင်၊ ရှုံးရှုံး သူတို့က ကမ္ဘာကို ပြချင်နေတာက သူတို့ ထောက်ခံမဲရတာ ဒီဟာကို အတည်ပြုချင်နေတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရည်မှန်းချက်လို့ ထင်တယ်။ အဲဒီ ရည်မှန်းချက်ကို မဖြစ်ဖြစ်အောင် လုပ်တယ်။ ဒီအတွက်တော့ နောက်ဆက်တွဲ အကျိုးရလဒ်ကို သူ ပေးရလိမ့်မယ်လို့ ကျနော်ထင်တယ်"
---------------------------

ဦးအောင်နိုင်ဦး (မြန်မာ့အရေးလေ့လာသူ)

စစ်အစိုးရ ထုတ်ပြန်သော ကိန်းဂဏန်းကို အယုံအကြည်မရှိကြောင်း ပြောဆိုလိုက်ပြီး မြန်မာပြည်အနာဂတ်အတွက် ရေရှည်ပြဿနာဆီ ဦးတည်နေသည်ဟု သူက ပြောသည်။ 

"အခုလိုအနေထားမျိုးမှာ စစ်အစိုးရအနေနဲ့ အများကြီးနိုင်တယ်ပြောရင် တိုင်းပြည်မှာ ပိုပြဿနာရှိမယ်လို့ ပြောတာရှိတယ်။ တဖက်မှာလည်း အများကြီး နိုင်ချင်မှ နိုင်မယ်။ ၆ဝ ရာခိုင်နှုန်း စသည်ဖြင့် နိုင်ကောင်းနိုင်မယ်ပေါ့။ နောက်တခုက သန်းရွှေက ခပ်ကြောင်ကြောင်ပဲ။  လက်ရှိအနေအထားနဲ့ အရမ်းကို ကင်းကွာနေတယ်။ ဗိုလ်ချုပ်နေဝင်း လက်ထက်တုန်းကလည်း ၉၅ ရာခိုင်နှုန်း နိုင်မယ်။ အများကြီးနိုင်တယ်ဆိုပြီး ပြောကောင်းပြောမယ်လို့ ကျနော်တို့ ပြောတာရှိတယ်။ အခုလို ၉၂ ရာခိုင်နှုန်းနိုင်တယ်ဆိုတာက လိမ်တာညာတာ ခြိမ်းခြောက်တာပေါ့။ ကြိုတင်မဲတွေ တနိုင်ငံလုံး တဝက်လောက် ယူထားတာရှိတယ်။  အများကြီးနိုင်တဲ့ကိစ္စဟာ မြန်မာပြည်မှာ မဖြစ်နိုင်တဲ့ကိစ္စ"

"အခုလို ဆိုင်ကလုန်းကြောင့် လူတွေအများကြီး သေဖို့ဖြစ်နေတဲ့ကိစ္စမှာ အများကြီးနိုင်တယ်ဆိုပြီး လိမ်တဲ့ ကိစ္စကတော့ တော်တော့ကို ကျနော်တို့နိုင်ငံရဲ့ ရေရှည်ပြဿနာဖြစ်နိုင်တယ်"
---------------------------


 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved