အင်တာဗျူး မုန်တိုင်းဘေးလွတ်လာသူ ရွာသား ၂ ဦး၏ ရင်နင့်ဖွယ် ဖြစ်ရပ်များ
မုန်တိုင်းဘေးလွတ်လာသူ ရွာသား ၂ ဦး၏ ရင်နင့်ဖွယ် ဖြစ်ရပ်များ Print E-mail
မဇ္ဈိမသတင်းဌာန   
သောကြာနေ့၊ မေလ 09 2008 17:34 - မြန်မာစံတော်ချိန်


ယခုလ ၂ ရက်နေ့ညက ပြင်းထန်သည့် နာဂစ်မုန်တိုင်းနှင့် ကြီးမားသည့် ရေလှိုင်းများသည် ဧရာဝတီတိုင်း လပွတ္တာ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက် တိုက်ခတ်ခဲ့သည်။ သို့သော်လည်း ကံကောင်းသဖြင့် အသက်ဘေးက လွတ်မြောက်ခဲ့သူ ၂ ဦးက သူတို့၏ ကျန်မိသားစုဝင် အားလုံးနှင့် ကျေးရွာသားများသည် အဆိုပါ ဖြစ်ရပ်ဆိုးကြီးတွင် ကြေကွဲဖွယ်ရာ သေဆုံးခဲ့ပုံနှင့် ကူသူကယ်သူမဲ့ ဖြစ်နေသည့် လက်ရှိ အခြေအနေကို ရင်ဖွင့် ပြောဆိုထားပါသည်။

မအဲလေး (၁၂ နှစ်)
ချမ်းသာကြီးကျေးရွာ အမှတ် (၁)
လပွတ္တာမြို့နယ်
 
“သမီး လပွတ္တာကို ရောက်တာ မနက်ပိုင်းမှာ ရောက်တာ။ လမ်းမှာတင် ၄-၅ ရက် ကြာသေးတယ်။ မိုင် ၁ဝ လောက် ကုန်းကြောင်း လျှောက်ရတာ။ ကယ်ဆယ်ရေးလည်း မလာဘူး။ လပွတ္တာ ကယ်ဆယ်ရေး စခန်းကို မထားဘဲ မြောင်းမြကို ပို့ဖို့လုပ်တာ။ ကိုယ့်ဘာသာ ကိုယ့်အသိတွေဆီကို လာရတာ။ မြောင်းမြကို တပ်မ ၆၆ က စစ်သားတွေက ပို့မယ်လို့ ပြောတယ်။ စစ်သားတွေက ရုတ်ရုတ်လုပ်ရင် သတ်ပစ်မယ်လို့ ပြောတယ်”
 
“သမီးက ရန်ကုန်ကို ရောက်တာ ၂ ရက်ပဲ ရှိသေးတယ်။ တညထဲနဲ့ လူတွေ အများကြီး ဆုံးရှုံးတယ်။ အရမ်းကို အံသြတယ်။ အရမ်းကို ကြောက်ဖို့ ကောင်းတယ်။ သမီး မိဘတွေ အကုန်သေတယ်။ ညဘက်ကြီး လေမုန်တိုင်း တိုက်တဲ့အခါမှာ အကုန်လုံး သွပ်ပြားတွေ ကျွတ်ထွက်ပြီးတော့ သမီးက သစ်ပင်ပေါ်မှာ ချိတ်နေတယ်။ သမီး သတိရတော့၊ သစ်ပင်ပေါ်မှာ ခုန်ဆင်းတော့ လယ်ကွင်းထဲမှာ အလောင်းတွေ အများကြီး တွေ့တယ်။ သမီးက အလောင်းတွေကို ရှောင်ပြီးတော့ ရွာကို ပြန်တော့ ရွာတောင် မမှတ်မိဘူး။ သစ်ပင်တချို့ပဲ ကျန်တယ်။ သစ်ပင်တွေက အရွက်တောင် မကျန်တော့ဘူး”
 
“လမ်းမှာ ဘာမှ မစားခဲ့ရဘူး။ ရောင်းတဲ့ ဆိုင်တွေ မရှိဘူး။ လမ်းဘေးဈေးဆိုင်တွေက အကုန် ဈေးတက်နေတယ်။ လမ်းမှာ ၄ ရက်လောက် အခက်အခဲတွေ ကြုံခဲ့တယ်။ အုန်းသီး ခွဲစားရတယ်၊ အုန်းရည် သောက်ရတယ်။ ရွာကနေလာတော့ ရေလည်း ရှားတယ်။ ဆန်တွေကလည်း ရေစိုနေတဲ့ ဆန်တွေကို အုန်းရည်တွေနဲ့ ချက်စားရတယ်”
 
“သမီးမှာ အမေ၊ အဖေနဲ့ ညီအကို မောင်နှမတွေ သေတော့ အရမ်း ဝမ်းနည်းတယ်။ အားလည်း ငယ်တယ်။ ဆွေမျိုးတွေ စုပေါင်းနေတာ အယောက် ၄ဝ လောက်ရှိတယ်။ သမီး မိသားစုက ၁ဝ ယောက်ရှိတယ်”

ကိုခင်မောင် (၄ဝ နှစ်)
ချမ်းသာကြီးကျေးရွာ အမှတ် (၁)
လပွတ္တာမြို့နယ်

“အခြေအနေကတော့ အရမ်းဆိုးတယ်။ ကျနော်တို့ ခံရတာက ရွာလုံးကျွတ်ပဲ အကို။ ကျနော့် မိသားစုက တယောက်ပဲ ကျန်တယ်။ ကျနော့် မိသားစု ၁ဝ ယောက်ရှိတာ တယောက်ပဲ ကျန်တယ်။ ၉ ယောက်ကတော့ သေသွားပြီ။ မုန်တိုင်းထဲမှာပဲ ပါသွားတယ်။ ဆွဲနေရင်းနဲ့ပဲ ပါသွားတာ။ မုန်တိုင်းက အရမ်းကြမ်းတယ်။ ကျနော့် မိသားစုတွေရဲ့ ရုပ်အလောင်း ဘာတခုမှ မရဘူး။ ဇာတ်လမ်း ပြီးသွားပြီ”

“ကျနော့် ဆွေမျိုးတွေ လပွတ္တာမှာ မကျန်တော့ဘူး။ အိမ်ထဲမှာပဲ မုန်တိုင်းဒဏ် ခံရင်းနဲ့ လှိုင်းဒဏ်နဲ့ မိသားစုတွေ အကုန်လုံး ပါသွားတယ်။ ဘာမှ မရှိတော့ဘူး။ ကျနော်တို့ ဘက်မှာ ဒီလို မုန်တိုင်းဒဏ် ခံရတာ မကြုံဖူးပါဘူး။ ရေဒီယိုတို့ ဘာတို့ နားထောင်တာ ဓလေ့ မရှိဘူး။ တာဝန်ရှိတာက သက်ဆိုင်ရာက တာဝန်ရှိတယ်။ ပြည်သူလူထုကို ဘာမှ နှိုးဆော်တာ မရှိဘူး။ မုန်းတိုင်းဖြစ်မှ ခါးစည်းခံလိုက်ရတဲ့ သဘောပဲ”
 
“လေတိုက်လာတော့မှ မုန်တိုင်းကျတယ်ဆိုတာ သိတယ်။ ဒီလိုမျိုး မကြမ်းဖူးတော့ ဘယ်သူမှ မထင်ဘူးပေါ့။ လေဒဏ်ခံနိုင်တဲ့ အိမ်မှာပဲ စုနေကြရတာပေါ့။ ရေ ဒီလောက်ကြီးမယ်ဆိုတာလည်း မသိဘူး။ ရေတက်တဲ့ အချိန်မှာ ဘာမှ မခံနိုင်ဘူး။ ရှိတဲ့ ရွာတွေ၊ အိမ်တွေ ရေထဲမှာ အကုန်ပါသွားတယ်။ ကျွဲနွားတိရစ္ဆာန်တွေ အကုန်လုံး ပါသွားတယ်”
 
“ကျနော်တို့ မနေ့က ၈ ရက်နေ့ ရန်ကုန်ရောက်တဲ့အထိ ဘာအကူအညီမှ မရခဲ့ပါဘူး။ ဘာ ကယ်ဆယ်ရေးမှ မလာဘူး။ ဘာအကူအညီမှ မရပါဘူး။ ဘယ်သူမှလည်း မလာဘူး။ ကိုယ့်ဘာသာ ကယ်နေရတာပါ။  လပွတ္တာမှာ ကျေးရွာပေါင်း ၃၆၅ ရွာ ရှိတယ်။ ကျေးရွာ အုပ်စုပေါင်း ၅၆ အုပ်စု ရှိတယ်။ မုန်တိုင်းထဲ ပါသွားတဲ့ ကျေးရွာက ၃ဝဝ လောက်ရှိမယ်။ မေလ ၄ ရက်နေ့အထိက လပွတ္တာမြို့ပေါ်က ကုန်သည်တန်းက ကောက်ထားတာကတော့ (လူဦးရေ) ၁၂၆ဝဝဝ ကျော်သွားပြီ။ နောက်စာရင်း မပါသေးဘူး။ ကယ်ဆယ်ရေး မရှိတဲ့အတွက် ရေတဗူးတောင် မသောက်ခဲ့ရဘူး”
 
“မြို့ပေါ်က ပြည်သူတချို့ကနေပြီးတော့ ဆန်လှူ၊ ဆန်ကွဲလှူနဲ့ အဲဒါကို ဆန်ပြုတ် ပြုတ်သောက်နေရတယ်။ ရေတို့ တခြား စားစရာတွေကတော့ အဆင်မပြေဘူး။ ကျန်မာရေး အခြေအနေက သိပ်မကောင်းဘူး။ ဒီကနေ့ မနက် ဖုန်းဆက်တော့  ကလေး ၃ ယောက် ဝမ်းရောဂါနဲ့ သေသွားပြီ ကြားတယ်”

အမည်မဖော်လိုသူ လပွတ္တာမြို့သား

“လေမုန်တိုင်းဒဏ်ကြောင့် အက်ဆစ်မိုးတွေ ရွာလာတယ်။ မုန်တိုင်းနှင့် ပါလာတဲ့ အက်ဆစ်မိုးဒဏ်ကြောင့် လူတွေရဲ့ အသားအရေတွေ ပျက်စီးသွားတယ်။ လူတော်တော်များများရဲ့ ကိုယ်ခန္ဓာပေါ်မှာ အဆီပြင်တွေ ပေါ်နေတယ်။ မီးရောင်လို့ အရေးပါးတွေ ဖောင်းပွနေတာမျိုး မဟုတ်ဘူး။ အရေပါးက အပေါ်ယံ အလွှာ မရှိတော့ပဲနဲ့ အောက်မှာ အဆီပြင်တွေ အဆီဝင်းဝင်းကြီးတွေနဲ့ လေဘေးဒုက္ခသည် တော်တော်များများ တွေ့ရတယ်။ မိုးရေကို ခံသောက်တော့လည်း အငံတွေ ဖြစ်နေတယ်။ ရေလည်း သောက်လို့ မဖြစ်ဘူး။ ဒုက္ခ တော်တော် ရောက်တယ်။ အက်ဆစ်မိုးတွေ ထိတဲ့ သူက ရာဂဏန်းလောက် ရှိမယ်”

“အဲဒီ မိုးစက်တွေက မီးစနဲ့ ထိုးသလို ဖြစ်နေတယ်။ မိုးရေက ဝါးကို ထိရင်တောင် မီးပွင့်တယ်။ လူတော်တော်များများက၊ ရောဂါ ဝေဒနာ ခံစားနေသူက တွေ့တယ်။ လူတွေကလည်း ကြောင်တောင်တောင်လို ဖြစ်နေကြတယ်။ မိသားစုလိုက်တွေ ပါသွားတယ်ဆိုတော့၊ ဆယ်နေရင်းနဲ့ ပါပါသွားတာတွေ ဆိုတော့၊ လက်ကို တယောက်နဲ့ တယောက် ကိုင်ထားရင်းနဲ့ သူက လွတ်သွား၊ ငါက လွတ်သွားသူတွေချည်းပဲ ဆိုတော့ ရီရမှန်းလည်း မသိ၊ ငိုရမှန်းလည်း မသိ ကြောင်တောင်တောင်တွေ ဖြစ်နေတယ်။ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးတဲ့အတွက် ကြောင်တောင်တောင်တွေ ဖြစ်နေတယ်။ စိတ်ပိုင်းဆိုင်ရာ တော်တော် ထိခိုက်သွားတယ်”

“ကမ်းနားမှာ ဒုက္ခသည်တွေ တက်လာရင် သင်္ဘောဆိပ်က နေပြီးတော့ တပ်မ ၆၆ ကနေပြီးတော့၊ စောင့်ပြီးတော့၊ လာတဲ့သူတွေ အားလုံးကို ကားပေါ်တင်ပြီးတော့ တခြား မြို့တွေကို ခွဲပို့နေတယ်။ လပွတ္တာ မြို့ပေါ်ကို အတက်မခံတော့ဘူး။ တခါထဲ ဆင်း၊ တခါထဲ တက်ဆိုပြီးတော့ အဲလို ပို့ပေးနေတယ်။ မြောင်းမြ၊ ပုသိမ်၊ ဝါးခယ်မတို့ကို ပို့ပေးနေတယ်”

“(လပွတ္တာ) မြို့ပေါ်မှာလည်း ဒုက္ခသည်တွေ တက်နေတဲ့အတွက် နေစရာ မရှိတော့ဘူး။ လပွတ္တာမှာရှိတဲ့ ဘုန်းကြီးကျောင်း ၃ဝ ကျော်မှာလည်း အကုန် ပြည့်နေတယ်။ ကျောင်းတွေမှာလည်း လူတွေ ပြည့်နေတဲ့အပြင်၊ လမ်းဘေးတွေမှာလည်း လူတွေ နေကြတယ်။ ပလက်ဖောင်းတွေပေါ်မှာ ထိုင်နေကြတယ်။ တချို့ နေရာတွေမှာ အရိပ်မရှိ ဘာမရှိနဲ့ တော်တော် ဆိုးဝါးနေတယ်။ ရွာတွေကလည်း မရှိတော့ အဲလို ဖြစ်သွားတယ်”
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved