သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > အနောက်ကိုငဲ့ မျှော်လိုက်လျှင် အပိုင်း(၂)

အနောက်ကိုငဲ့ မျှော်လိုက်လျှင် အပိုင်း(၂)

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

DPY
၉ နှစ်မြောက် ဒီပဲယင်းနေ့သို့..


(၃)
၂ဝဝ၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့ ညနေတွင် ကချင်ပြည်နယ် ခရီးစဉ်မှ မန္တလေးသို့ ပြန်ရောက်ကြပြီး မန္တလေး တိုင်းရုံးတွင်ပင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ တည်းခို၍ နေကြသည်။

၂၇၊ ၂၈ နှစ်ရက်လုံးလုံး မန္တလေးတိုင်းရုံးတွင်ပင် နားနားနေနေနှင့် နားကြ၏။ နားသည်ဟု ဆိုသော်လည်း ၂၇ ရက်နေ့ တွင် ရတနာမဉ္စူ ဘုရားအား ဖူးမျှော်ပြီး တံတားဦးမြို့နယ်ရုံးသို့ ခရီးဆက်၍ လူငယ်ဖွဲ့စည်းရေးအား ဆောင်ရွက်၏။ မန္တလေးမြို့ပေါ်ရှိ အောင်မြေသာဇံရုံးနှင့် အနောက်မြောက် မြို့နယ် အဖွဲ့ချုပ်ရုံးများ သို့လည်း သွား၍ မြို့နယ်စည်းများ
နှင့် တွေ့၏။ ဆွေးနွေးပွဲများ ပြုလုပ်၏။ မြို့ခံ လူထုပရိသတ်အား ဟောပြော၏။ ပြီးလျှင် ရွှေဂုံတိုင်တွင် ပြုလုပ်မည့် ၁၃ နှစ်မြောက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ နှစ်ပါတ်လည်အခမ်းအနားသို့ သဝဏ်လွှာ တစောင်ကို
ရေးသား၍ ပေးပို့၏။

၂၈ နေ့တွင်မူ ၂၉ ရက်နေ့တွင် စတင်မည့် စစ်ကိုင်းတိုင်း ခရီးစဉ်အတွက် မန္တလေးတိုင်းရုံးမှာပင် မန္တလေးတိုင်းစည်းများ၊ မန္တလေးမြို့ပေါ် လေးမြို့နယ်မှ မြို့နယ်စည်းများနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး၏။ ပြီးလျှင် ရန်ကုန်မှ ပါလာ သည့် ဗဟိုလူငယ် လုံခြုံရေးအဖွဲ့ တာဝန်ခံ ကိုထွန်းဇော်ဇော်၊ အထက်မြန်မာပြည် လူငယ် စည်းရုံးရေးတာဝန်ခံ၊ လယ်ဝေး လွှတ်တော်ကိုယ်စားလှယ် ကိုတင်ထွဋ်ဦး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ကိုသိန်းနိုင် တို့နှင့်လည်း ခရီးစဉ်လုံခြုံရေး ကိစ္စများကို ညှိရနှိုင်းရ ဆွေးနွေးရသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ချမှတ်ထားသည့် အဓိကလိုက်နာရမည့်မူက “ခရီးစဉ်အတွင်း အနှောက် အယှက်များ ကြုံလျှင် မည်သူက ကျွံကျွံ လွန်လွန်၊ ကိုယ့်ဘက်က သည်းခံရမယ်။ ရိုက်လျှင်လည်း ခံရမည်။ သတ်လျှင် လည်း အသေခံရမည်၊ လက်တုံ့မပြန်ရ”

ဤမူက အဖွဲ့ချုပ်၏ လူထုစည်းရုံးရေး ခရီးစဉ်အတွင်း လိုက်ပါသည့်သူများ အားလုံး မျက်လုံးအိမ် သဖွယ်၊ နှစ်လုံးအိမ် သဖွယ် စောင့်ထိန်းရမည့်မူ ဖြစ်သည်။ ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြဲခိုင်ခိုင် ကျင့်ကြံရမည့်၊ စောင့်ထိန်းကြရမည့် သံမဏိ စည်းကမ်း ဖြစ်သည်။

ခရီးစဉ်အတွက် စီစဉ်ဖွယ်ရာ၊ ညှိနှိုင်းဖွယ်ရာများက ပြီးပြီ။

အနားယူရန် မန္တလေးတိုင်းရုံး အပေါ်ထပ်တွင် သူ့အတွက် စီစဉ်ပေးထားသည့် အခန်းအတွင်းသို့ ဒေါ်အောင်ဆန်း စုကြည် ဝင်ခဲ့၏။ ဒီမိုကရက်တစ် မြန်မာ့အသံ၏ သတင်းကြေညာသံအား သဲ့သဲ့ ကြားနေရသည်။

“မြန်မာ့ ဒီမိုကရေစီရေးအတွက် နော်ဝေနိုင်ငံသည် ဂျပန်အစိုးရနှင့် ပူးပေါင်း၍ လုပ်ဆောင်သွားမည်ဟု နော်ဝေ ဝန်ကြီးချုပ်`ရှယ်မိုနာဗိုနာဗစ်`က ထုတ်ဖော်ပြောသွားကြောင်း…”

သတင်းကြေညာသံက တိုးသွားလိုက်၊ ကျယ်လာလိုက်နှင့်…။ လှိုင်းတို ရေဒီယိုအတွင်းမှ လေလှိုင်းသံသည် မငြိမ်…။ မန်းမြေ၏ ညဦးယံက ရန်ကုန်ထက် နွေးသည်ဟု ထင်မိ၏။

၂ဝဝ၃ ခုနှစ်၊ မေလ ၂၉ ရက်။ ကြာသာပတေးနေ့။

နံနက် ၉ နာရီတွင် မန္တလေးတိုင်းရုံးမှ ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်း စ၍ ထွက်ကြသည်။ မော်တော်ယာဉ် ၇ စီးနှင့် ဖြစ်သည်။ သို့သော် မန္တလေးလူထုကြီးမှလည်း လိုက်ပါ ပို့ဆောင်ကြသည် ဖြစ်၍ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် ယာဉ်တန်းကြီးကား မျက်စိတဆုံး မဆုံးနိုင်။ ၃၈ လမ်း အနောက်ဘက် တည့်တည့်မှ ၈၄ လမ်းအတိုင်း စစ်ကိုင်းသို့ ဦးတည် မောင်းနှင်ကြ၏။ စစ်ကိုင်းမြို့ အဝင်တွင် စစ်ကိုင်းလူထု ထောင်ပေါင်းများစွာက လမ်း၏ ဝဲဘက်တွင် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အား လှိုက်လှဲစွာ ကြိုဆိုပါသည်” ဟူသည့် နဖူးစီး ဆိုင်းဘုတ်ကြီးအား ဆွဲ၍ ကြိုဆိုရေး စခန်းကြီးနှင့် ကြိုဆိုကြ၏။ သောင်းသောင်းဖျဖျ၊ သဲသဲ လှုပ်လှုပ်…။

ဒေါ်အောင်ဆန်းစုကြည်တို့၏ မော်တော်ယာဉ်တန်းကြီးက နံနက် ၁ဝ နာရီခန့်တွင် စစ်ကိုင်းသို့ ရောက်သည်။
ဒေါ်အောင်ဆန်းစုကြည်တို့က စစ်ကိုင်းမြို့အတွင်းသို့ မဝင်။ စစ်ကိုင်း မြို့ပါတ် လမ်းမှပင် ပါတ်၍ မြင်းမူသို့ ဆက်ကြ ၏။ မြင်းမူတွင် NLD မြို့နယ်ရုံးအား ပြန်ဖွင့်ပြီး ဆိုင်းဘုတ် ပြန်တင်သည်။ ပြီးလျှင် မြင်းမူမြို့နယ် လူငယ်ဖွဲ့စည်းရေးအား ဖွဲ့စည်းဆောင်ရွက်သည်။ ညနေ ၃ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ မြင်းမူမှ ခရီးဆက်၏။

မြင်းမူ၊ ချောင်းဦး၊ မုံရွာ။

ချောင်းဦး မရောက်မီ ရေပိုးစားရွာ အနီးတွင် ကြံ့ခိုင်ရေး ၁,ဝဝဝ ခန့်က ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းအား
နှောက်ယှက်ရန် လမ်းဘေးဝဲယာမှ စောင့်နေကြ၏။ ထိုလူအုပ်ကြီး၏ အနီးတွင်ကား ကျောက်ခဲပုံများ။ ကျောက်ခဲပုံများ က လမ်းပြင်ရန်အတွက် မဟုတ်။ ဒေါ်အောင်ဆန်း စုကြည်တို့ ယာဉ်တန်းအား တိုက်ခိုက်ရန် စုပုံထားသည့် ကြံ့ခိုင်ရေး တို့၏ ခဲယမ်းများ ဖြစ်သည်။ လမ်းဘေး ထနောင်းပင်များ၏ အကွယ်တွင်မူ မော်တော်ယာဉ် အစီး ၃ဝ ခန့် ရပ်ထားသည် ကို တွေ့ရ၏။ ထိုယာဉ်များက ထိုလူအုပ်ကြီးအား သယ်ပို့ပေးသည့် ယာဉ်များ ဖြစ်သည်။ ထနောင်းပင်များ အကွယ်၌ ယူနီဖောင်းဝတ် ရဲများ၊ လုံထိန်းများကိုလည်း တွေ့ရ၏။

ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်း ထိုနေရာသို့ မရောက်မီမှာပင် မုံရွာ၊ ချောင်းဦးမှ ဒေါ်အောင်ဆန်းစုကြည် တို့အား လာရောက်၍ ကြိုဆိုကြသည့် မော်တော်ဆိုင်ကယ်များက ရာနှင့်ချီ၍ ရောက်လာခဲ့ကြ၏။

ကြံ့ခိုင်ရေးတို့၏ အစီအမံက ရေပိုးစားတွင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းအား အကြမ်းဖက် တိုက်ခိုက်ရန် အထိ ရည်ရွယ်ဟန်ရှိ၏။ နေရာက ရွာဆက် ဝေးသည့်နေရာ ဖြစ်ပြီး ရွာတို့က ကားလမ်းဘေးတွင် မေးတင်၍ မရှိကြ။ ပြီးလျှင် မုံရွာ-မြင်းမူ ယာဉ်ကြောအား အာဏာပိုင်တို့က ပိတ်ထားပြီး အသွားအလာ ဖြတ်ထား၏။ ဒေါ်အောင်ဆန်း စုကြည်အား မုံရွာမှ လာရောက်ကြိုဆိုကြမည့် ဆိုင်ကယ်များ၊ မော်တော်ကားများကိုလည်း အာဏာပိုင်တို့သည် မုံရွာမြို့မှ ထွက်ခွင့်မပြု။ ပိတ်ထား၏။ ဤတွင် မုံရွာတက္ကသိုလ်နှင့် ကောလိပ်မှ ကျောင်းသားများက ဆိုင်ကယ် အစီး ၂ဝဝ-၃ဝဝ ခန့်နှင့် တားမြစ်ထားသည်ကို ဖီဆန်၍ ထွက်ကြသည်မှစ၍ အာဏာပိုင်များ တားဆီးမရဘဲ လွှတ်ပေး လိုက်ရ၍ ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းဆီသို့ မုံရွာ၊ ချောင်းဦးမှ လာရောက် ကြိုဆိုကြသည့် သူများ အင်နှင့်အားနှင့် ရောက်လာခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ရေပိုးစားရွာအနီးမှ ဖြတ်သန်းရာတွင် ကြံ့ခိုင်ရေးတို့၏ တိုက်ခိုက်မှုအား မကြုံခဲ့ကြရခြင်း ဖြစ်သည်။

ညနေ ၅ နာရီခန့်တွင် ချောမောစွာနှင့် မုံရွာမြို့သို့ဝင်၏။ ကြိုဆိုကြသည့် ယာဉ်များက မုံရွာမြို့၏ လမ်းများထက်တွင်
ပြည့်သိပ်၍ နေသည်။ ကြိုဆိုကြသည့် လူများက မုံရွာမြို့၏ လမ်းဘေးဝဲယာတွင် ဖွေးဖွေးလှုပ်နေ၏။ လူပင်လယ်ကြီး အလား။ အပ်ဖျား ချစရာပင် မရှိ။ ယာဉ်တန်းများ မောင်းနှင်၍မရ။ တဘီးချင်း လှိမ့်၍ တရွေ့ရွေ့ သွားနေကြရသည်။

မုံရွာလူထုနှင့် ဒေါ်အောင်ဆန်းစုကြည်…။

လူထု၏ ဆုတောင်းမေတ္တာ ပို့သသံများက မုံရွာ၏ ကောင်းကင်ယံတွင် မိုးခြိန်းသံအလား မြည်ဟီး၍ နေသည်။
“ဒို့… ဗိုလ်ချုပ်သမီးလေးကို မြင်ချင်လိုက်တာ။ ဘယ်မလဲ…ပြစမ်းပါ…။” တိုးတိုးဝှေ့ဝှေ့နှင့် မေးကြ၏။ ရှာကြ၏။
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုသည့်အတွက် အာဏာပိုင်များက အရေးယူမည်ဆိုပါက မုံရွာမြို့အား ထောင်ဝင်း ဆင်၍ အကျဉ်းချမှ ရမည်။ အာဏာပိုင်များက မုံရွာမြို့အား မီးဖျက်လိုက်၏။ ကဆုန်လပြည့်ကျော် ၁၄ ရက်ည။ ညသည် လရောင် မရှိသော်လည်း မှောင်မှောင်မဲမဲ ဖြစ်မနေ။ လူထုက ဖယောင်တိုင်း ကိုယ်စီထွန်းညှိ၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လမ်းပြကြသည်။ မြို့အဝင်ခရီးက ၄ နာရီမျှ ကြာခဲ့၏။ မုံရွာမြို့ အမှတ် ၁၁၇/ခ သာစည်လမ်း၊ ချမ်းမြ သာစည် ရပ်ကွက်ရှိ အဖွဲ့ချုပ်ရုံးရှေ့တွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းစကား ဆို၏။

“၁၉၄၇ ခုနှစ်က အထက်မြန်မာနိုင်ငံမှာ စည်းရုံးရေးခရီး သွားပြီးတဲ့နောက်မှာ ဖေဖေကနေပြီးတော့ မုံရွာကို ရောက်ခဲ့ ပါတယ်။ အဲလို မုံရွာကို ရောက်တဲ့အတွက် စည်းရုံးရေးခရီးကလည်း နည်းနည်း ပန်းလာတဲ့အခါကျတော့ မုံရွာကို
ရောက်တဲ့အခါမှာ မုံရွာက (ဖဆပလ) အဖွဲ့ချုပ်ကနေပြီးတော့ သူတို့ အနေနဲ့ နားနားနေနေ နေထိုင်ဖို့အတွက် စီစဉ်လိုက်ပါတယ်။ စီစဉ်တဲ့အခါတော့ ဖေဖေက ဘယ်လို ပြောလဲဆိုတော့ ‘မုံရွာကကွယ် …လိမ္မာတယ်’ လို့
ပြောတယ်တဲ့။ ကျမတို့ ပြောရမှာက မုံရွာက လိမ္မာတယ်လို့ ပြောမယ့်အစား ‘မုံရွာက ခိုင်မာတယ်’လို့ ကျမ ပြောချင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မုံရွာက ၁၉၈၈ ခုနှစ်နဲ့ မထူးဘဲ မထူးခြားနားဘဲ ခိုင်ခိုင်မာမာ ရပ်တည်နေတယ်။ ပိုပြီးတော့တောင်မှ ခိုင်မာတယ်ဆိုတာ ကျမတို့ မြင်ရပါတယ်။ “ပိုပြီး ခိုင်မာလာတဲ့အကြောင်းကို ကျမ စဉ်းစားလိုက်
တော့ ဒါ ကျမ ထင်တာနော်။ ကျမတို့ ပြည်သူ လူထုက မတရားတာကို မကြိုက်ဘူး။ အနိုင်ကျင့်တာကို မကြိုက်ဘူး…။”

လက်ခုပ်သံများ ဆူညံစွာနှင့် သြဘာပေးကြသည်။ ဒေါ်အောင်ဆန်းစုကြည်က စကားကို ခဏငယ်မျှ ရပ်ထားလိုက်ပြီး ဆက်ပြန်သည်။

“မတရားမှုကို မကြိုက်တဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ မိမိတို့နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးအတွက် ထိထိရောက်
ရောက် လုပ်ပေးနိုင်တဲ့ နိုင်ငံသူ နိုင်ငံသားတွေ။ တရားဥပဒေ စိုးမိုးရေး ဆိုတာဟာ လူတိုင်း လူတိုင်းကို ဥပဒေ
ဘောင်အောက်မှာ တန်းတူညီတူ ကာကွယ်မှု ပေးထားပြီးတော့ နိုင်ငံတော် နဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို လုံခြုံမှုပေးတဲ့စနစ်ပဲ။

“ကျမတို့ ပြည်သူဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်ဆိုတာ ကျမတို့ ယုံကြည်တယ်။ ဒါပေမယ့် ကျမတို့ ဒီမိုကရေစီ ရဖို့ဆိုတာတော့ ကြိုးစားရမှာပဲ။ ဘာမှ အလကား မရဘူးနော်။ လွယ်လွယ်နဲ့တော့ မရဘူး။ လွယ်လွယ်နဲ့ ပေးချင်လို့ ရှိရင် ပေးတာ ကြာလှပြီ။

“ဒီတော့ လွယ်လွယ်နဲ့ မရတဲ့ ကိစ္စမို့လို့ ကြိုးစားပမ်းစားနဲ့ လုပ်ရမယ်။ ကျမတို့ အဖွဲ့ချုပ်က ပြည်သူ လူထုကို ပေးထားတဲ့ ကတိအတိုင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားဖို့အတွက်၊ တည်တံ့ ခိုင်မာဖို့အတွက် ထပ်ပြီးတော့ ကျမတို့ ကြိုးစားမှာပဲ။ ရတဲ့အထိ လုပ်သွားမှာပဲ…”

မြေလတ်၏ ညယံတွင် သြဘာသံများက တော်လဲသံများအလား… မြည်မြည်ဟီးဟီး။ ညသည် လရောင်နှင့် မရွှန်းမြ။ ကြယ်ရောင်တို့နှင့် မတောက်ပ။ သို့သော် သိန်းနှင့်ချီသော ဆီးမီးရောင်တို့နှင့် ဝင်းပ၍ လင်းလင်းလက်လက်၊ ပြိုးပြိုးပြက်ပြက်။

(၄)
၂ဝဝ၃ ခုနှစ် ၊ မေလ ၃ဝ ရက်။ သောကြာနေ့။

နံနက်စောစောမှာပင် မုံရွာမြို့ရှိ ဇောတိက ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်အား ဒေါ်အောင်ဆန်း စုကြည်တို့ ဖူးမြော်ကြ၏။ ထိုမှ ဥက္ကံ တောရကျောင်းသို့ သွားရန် စီစဉ်ထားသော်လည်း ဥက္ကံတောရ ဆရာတော် မရှိသည့်အတွက် မသွားဖြစ်…။ ဇောတိက ကျောင်းတိုက်မှပင် ဘုတလင်သို့ ခရီးဆက်ကြ၏။

ဘုတလင်းမြို့…။ ဆရာသိန်းဖေမြင့်၏ဇာတိမြေ။

ဦးသိန်းဖေမြင့်က ကျောင်းသားဘဝကတည်းက သူ့ဖေဖေနှင့်သမဂ္ဂတွင်တွဲပြီး ကျွန်ပညာရေး စနစ်အား ဆန့်ကျင်ခဲ့ သည့် သူ့ဖေဖေ၏ မိတ်ဆွေ ရဲဘော် ရဲဘက်တဦး ဖြစ်သည်။ ဤအတွက် ဦးသိန်းဖေမြင့်၏ ဇာတိမြေသို့ ခြေချမိသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်စိတ်တွင် သမိုင်း၏ ရိုက်ပုတ်မှုအား ခံစားရ၏။ နတ်မောက်သား ကိုအောင်ဆန်း
နှင့် ဘုတလင်သား ကိုသိန်းဖေတို့ကား သမဂ္ဂစဉ်မြင့်မှစ၍ ကိုလိုနီ တံပိုးအား ရိုက်ချိုးခဲ့ကြသည်။ ပြီးလျှင် လွတ်လပ်ရေး တိုက်ပွဲခရီး။ သမိုင်းအား ထုဆစ်သူတို့၏ ရုပ်ပုံလွှာများက ဖျက်ကနဲ…ဖျက်ကနဲ။ အတိတ်နှင့်ပစ္စုပန်အကြား
ဒေါ်အောင်ဆန်းစုကြည်၏ အတွေးသည် လူးလာကူးနေ၏။

မုံရွာနှင့်ဘုတလင် ခရီးတွင် ကြံ့ခိုင်ရေးတို့၏ လူစုလူဝေးနှင့် ဆူပူအော်ဟစ် နှောက်ယှက်မှုများကိုမူ
ဒေါ်အောင်ဆန်းစုကြည် တို့ မကြုံတွေ့ရ။ သို့သော် မုံရွာနှင့် ဘုတလင်းအကြား အနောက်မြောက်တိုင်း စစ်ဌာနချုပ် အနီးရှိ ဇီးတောရွာတွင်မူ စစ်ဘက်မှ ပုဂ္ဂိုလ်များက ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းအား ရပ်တန့်စေပြီး မုံရွာမှ လိုက်ပါ ပို့ဆောင်ကြသည့်သူများကို ဘုတလင်အထိသာ လိုက်ပါ ပို့ဆောင်ခွင့် ပြုကြောင်း ကန့်သတ်၏။

ဘုတလင်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ နေ့လယ်စာ စားကြသည်။ အဖွဲ့ချုပ်ရုံး အပေါ်ထပ်တွင်ပင် စားသောက်ကြ၏။ စားသောက်နေစဉ် ရှေ့ပြေး လုံခြုံရေး တာဝန်ယူထားသည့် လူ့ဘောင်သစ် ပါတီမှ ကိုသိန်းနိုင် က ဇီးတောရွာတွင်
ဒေါ်အောင်ဆန်းစုကြည်တို့အား လိုက်ပါပို့ဆောင်ပြီး ပြန်သွားကြသည့် ဆိုင်ကယ်အစီး ၈ဝ ခန့်ကို ရဲများက ရိုက်နှက်၍ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းပို့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဘုတလင်မြို့နယ် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့် ဝက်လက်မြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြိုင်တို့ နှစ်ဦးကို ဇီးတော်တွင် ဖမ်းဆီးနေမှုအား သွားရောက်ဖြေရှင်းရန် တာဝန်ပေး၏။ အာဏာပိုင်တို့က ဦးအောင်ဆန်းနှင့် ဦးထွန်းမြိုင် တို့ကိုပင် ထပ်၍ ထိန်းသိမ်းလိုက်ပြန်သည်။

အာဏာပိုင်တို့က ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်လာသကဲ့သို့ ကြံ့ခိုင်ရေးများ၊ စွမ်းအားရှင်များအား တင်ဆောင်ထား သည့် မော်တော်ယာဉ်များသည်လည်း ဘုတလင်မြို့အဝင် ဓါတ်ဆီဆိုင်တွင် စုရုံးနေ၏။ ကားပေါ်တွင် လူဝတ်ကြောင်
နှင့် ကြံ့ခိုင်ရေးများအပြင် သင်္ကန်းဝတ် ကြံ့ခိုင်ရေးများ ကိုလည်း တွေ့ရ၏။ အားလုံး၏ လက်ဝဲဘက် လက်မောင်းတွင် ကား လက်ပါတ် အဖြူများကို စည်းထားကြ၏။ လူမမှားရန် စည်းနှောင်ထားကြခြင်းဖြစ်၍ ရည်ရွယ်ချက်က စဉ်းစားရာ
ဖြစ်သည်။ ထုံးစံအတိုင်း လမ်းဘေးမှ ဆိုင်းဘုတ် ကိုင်၍ ဆူပူအော်ဟစ်ကြရုံ ဆိုပါက ဤသို့ လူမမှားရန် လက်ပါတ်များ ပါတ်ထားပေးရန် မလို။ ရည်ရွယ်ချက်က မည်သို့နည်း။

ဘုတလင်မြို့နယ် အဖွဲ့ချုပ်ရုံး ဖွင့်လှစ်ခြင်းနှင့် လူငယ်ဖွဲ့စည်းခြင်း လုပ်ငန်းများ ပြုလုပ်၍ ပြီးစီးလေပြီ။ နေချိုနေပြီ
ဖြစ်သော်လည်း အပူရှိန်က မလျော့။ ထနောင်းပင်များ အကြားမှ တိုက်ခတ်လာသော လေသည် နွေးနေ၏။

ဘုတလင်မှ ဒီပဲယင်းသို့ ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးဆက်ကြသည်။ စိုင်ပြင်ကြီးက ဘုတလင်နှင့် ဒီပဲယင်း အကြားတွင် ရှိသည့် တိုက်နယ် မြို့ငယ်လေးဖြစ်သည်။ စိုင်ပြင်ကြီးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်၏ နေအိမ် ရှိသည်။ ဦးဝင်းမြင့်အောင်၏ နေအိမ်တွင် ဒေါ်အောင်ဆန်း စုကြည်တို့ ယာဉ်တန်း တထောက် နားကြ၏။ ဦးဝင်းမြင့်အောင်က နေအိမ်တွင် မရှိ။ အကျဉ်းထောင်အတွင်း ရောက်နေသည်။

စိုင်ပြင်ကြီးနှင့် ဒီပဲယင်းအကြား လမ်းခရီး၏ လုံခြုံရေး အခြေအနေအား ကြည့်ရှုရန် ရှေ့ပြေးအဖြစ် သွားရောက် စုံစမ်းသည့် ဦးစောလှိုင်တို့အဖွဲ့ ထွက်သွားသည်မှာ တနာရီကျော်ပြီ ဖြစ်သော်လည်း ပြန်၍ ဆက်သွယ် သတင်းပို့ခြင်း မရှိ။ နောက်ထပ် ဦးဝင်းမြင့်အောင်၏သား ထပ်၍ လိုက်သွားပြန်သည်။ ပြန်၍ မဆက်သွယ်။

မန္တလေးမှ စ၍ လမ်းကြောင်းတလျှောက် ရှေ့ပြေးလုံခြုံရေးအဖြစ် လိုက်ပါခဲ့သည့် လူ့ဘောင်သစ်ပါတီမှ ကိုသိန်းနိုင်တို့၏
မော်တော်ယာဉ် ထပ်၍ ဒီပဲယင်းသို့ ထွက်သွားကြပြန်သည်။ အဆက်အသွယ် ပြန်မရ။

ထူးလေပြီ။
ရှေ့ပြေးအဖွဲ့များနှင့်ကား အဆက်အသွယ် ပြတ်၍နေပြီ။ စိုင်းပြင်ကြီးနှင့် ဒီပဲယင်းအကြား လမ်းပိုင်း အခြေအနေအား မည်သို့မျှ မသိရ။ မည်သို့ ဆုံးဖြတ်မည်နည်း။ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် ချသည်။ ချက်ချင်းပင် ဒီပဲယင်းသို့ မိမိတို့ယာဉ်တန်း ဆက်၍ထွက်မည်။ အမှောင်ထုက ကဲ၍ စိုးမိုးလာ၏။ ကြယ်တို့ကား မစုံ။ ကားမီးရောင်များ၏
အောက်၌ အမှောင်ထုသည် ခဏငယ်မျှ ရှဲ၍ ပျောက်ကွယ်သွား၏။ ကျဉ်းသောလမ်းက ချိုင့်ငယ်များနှင့် ပြည့်နေသည်။ လမ်း၏ ဝဲယာတွင် လယ်ကွင်းပြင်များအား မကြာခဏ ဖျက်ကနဲ ဖျက်ကနဲ တွေ့ရ၏။ ပျံကျရွာလွန်လျှင် ဒေါ်အောင်ဆန်း
စုကြည်တို့၏ ယာဉ်တန်း နောက်မှ ခရီးသည်တင် မှန်လုံကား အစီး ၂ဝ ခန့် လိုက်ပါလာသည်ကို တွေ့ရသည်။ ယာဉ်တစီးတွင်မူ လူ ၅ဝ ခန့် ပါမည်။

သေချာ၏။ ဘုတလင်မှ စ၍ နောက်မှ လိုက်ပါနေခဲ့သည့်ကြံ့ခိုင်ရေးနှင့် အာဏာပိုင်တို့ မွေးထားသည့် သူများ၏ ယာဉ်များ ဖြစ်သည်။ လမ်း၏ ဝဲယာရှိ အုပ်ဆိုင်းနေသည့် ကုက္ကိုပင်များက လမ်းအား ယှက်၍ မိုးထားကြ၏။

ရှေ့တွင်ကျီရွာ…။
ကျီရွာ လွန်လျှင် လမ်း၏ ယာဘက်၌ ဆည်မြောင်းဝင်း။ ဆည်မြောင်းဝင်းအား လွန်လျှင်ကား ဒီပဲယင်းမြို့သို့ ရောက်ပြီ။ ဆည်မြောင်းဝင်းနှင့် ဒီပဲယင်းက ၂ မိုင် ခရီးမျှသာ ရှိ၏။ ဒေါ်အောင်ဆန်း စုကြည်တို့ ယာဉ်တန်း၏ ရှေ့ဆုံးတွင်ကား ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ တောင်းအေ့စ် ၇က/၅၆၆၁။ ဒုတိယက မန္တလေးတိုင်းအဖွဲ့ချုပ်မှ ဦးကိုကိုလေး မောင်းသည့် ဟိုင်းလက်။ ထို့နောက်တွင်မှ ဒေါ်အောင်ဆန်းစုကြည်၏ အ/၅၄၁၅ ဖြစ်သည်။

ကျီရွာသို့ ရောက်ပြီ။ ရွာသားများက လမ်း၏ ဝဲယာမှ ဒေါ်အောင်ဆန်းစုကြည်အား စောင့်၍ ကြိုဆိုကြ၏။ ပန်းစည်းများ ကမ်းကြ၏။ မော်တော်ယာဉ်များအား ဖြေးညင်းစွာ မောင်းနှင်ရင်း ကားပေါ်မှပင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုသူများအား နှုတ်ဆက်၏။

ယာဉ်တန်းက ကြိုဆိုကြသည့်သူများအား ကျော်၍လာပြီ။ ထိုစဉ် သံဃာနှစ်ပါးက ဒေါ်အောင်ဆန်းစုကြည်တို့၏
မော်တော်ယာဉ်အား လမ်းမလယ်မှ ပိတ်ရပ်၍ တား၏။ သံဃာနှစ်ပါးက သင်္ကန်း ရုံသားမကျသဖြင့် ချပ်ချပ်ရပ်ရပ်မရှိ။ ညာဘက်လက်မောင်းတွင်မူ လက်ပါတ်အဖြူစ ပါတ်ထား သည်ကို သင်္ကန်းအောက်မှ မြင်ရ၏။

“မင်းတို့ကောင်တွေ ငါတို့ တားနေတာတောင် ဂရုမစိုက်တဲ့သဘောလား” သံဃာနှစ်ပါးထဲမှ ဂင်တိုတိုနှင့် တုတ်တုတ် ခိုင်ခိုင် သံဃာက ဒေါသစကားဆို၏။ “လူထုကို မိန့်ခွန်း နည်းနည်းလောက် ပြောပါ။” ထိုသံဃာကပင် တောင်းဆိုပြန်၏။ အချိန်လင့်နေပြီဖြစ်၍ ခွင့်လွှတ်ပါရန် တောင်းပန် သော်လည်း သံဃာနှစ်ပါးကမရ…။ အဓမ္မပင် ဒေါ်အောင်ဆန်းစုကြည် အား စကားပြောခိုင်းနေ၏။

“ဦးဇင်းလူတွေကို စုလိုက်ပါ။ တပည့်တော်မ ၁ဝ မိနစ်လောက်တော့ နှုတ်ဆက်စကား ပြောပါ့မယ်။”
ဒေါ်အောင်ဆန်းစုကြည်က ဝင်၍ ဆုံးဖြတ်ချက်ပေး၏။ ကားမီးရောင်များနှင့် ကားရပ်သံများကြောင့် မိမိတို့ယာဉ်တန်း၏
နောက်မှ လိုက်လာသည့် ကြံ့ခိုင်ရေး ကားများ ရောက်လာပြီကို ဒေါ်အောင်ဆန်း စုကြည် သတိထားမိလိုက်သည်။

ကျီရွာမှ လူထုက မပြန်ကြသေး။ မိမိတို့ယာဉ်တန်း၏ နောက်တွင် ကပ်လျက်ရှိနေကြသေး၏။
“ ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများ အလိုမရှိ…။”
“ ဒို့ ပြည်သူလူထုကလည်း မင်းတို့ကို အလိုမရှိ…။”
ကားပေါ်မှ ဆင်းလာကြသည့် ကြံ့ခိုင်ရေးများနှင့် ကျီရွာသားတို့၊ အပြန်အလှန် အော်ဟစ်နေကြသည့် အသံများအား
ဒေါ်အောင်ဆန်းစုကြည် သဲ့သဲ့ကြားရ၏။ အသံများက လုံးလုံးထွေးထွေး။ မကြာ။ ယာဉ်တန်း၏ နောက်ပိုင်းဆီမှ ရိုက်နှက်သံများ၊ အော်ဟစ်သံများ၊ ပြေးလွှားသံများကို ကြားရ၏။ ဆူဆူပွတ်ပွတ်။

တဖက်သတ် ရိုက်နှက်နေသည့် သူများက ပထမ ကျီရွာသားများအား ရိုက်၏။ ပြီးလျှင် ဒေါ်အောင်ဆန်း စုကြည်တို့၏ ယာဉ်တန်းအား နောက်မှစ၍ တစီးပြီးတစီး ရိုက်၏။ ခေါင်းကို ရိုက်၏။ ခါးဆစ်ကို ရိုက်၏။ ရိုက်နှက်ပုံက သေသပ်သည်။ စနစ်ကျ၏။ လေ့ကျင့်ထားသည့် ရိုက်နည်း ပုံသဏ္ဍာန်က တပုံစံတည်း။ ပြန်လည်၍ ခုခံမှု မရှိသဖြင့် ကားမီးရောင်များ၏
အောက်၌ တဖက်သတ် အကြမ်းဖက် ရိုက်နှက်မှုက စိတ်မချမ့်မြေ့ဖွယ်ရာ။

ကားပေါ်တွင်လည်း အပြိုပြိုအလဲလဲ။ လမ်းမထက်တွင်လည်း အကွဲကွဲအပြဲပြဲ။ လမ်း၏ ဘေး ဝဲယာတွင်လည်း
သွေးသံရဲရဲနှင့် လဲလဲပြိုပြို။ အုတ်ဆက် ပွင့်၍ သေနေသူ။ မျက်လုံးစုံထွက်၍ အသက်ငင်နေသူ။ ဇက်ကျိုး၍ ဆုံးပါးနေ သူတို့နှင့် ညဉ်ဦးယံသည် အကျည်းတန်နေပြီ။ သေသူက သေသူအပေါ် ထပ်၍ ပိနေ၏။ ရိုက်သည့်သူများက ယာဉ် တစီးပြီး တစီး ရိုက်နှက်၍ ရှေ့သို့ တတ်လာကြ၏။ ယာဉ်တန်း၏ ရှေ့ဆုံးတွင် ရောက်နေသည့် ဦးတင်ဦးက
ဒေါ်အောင်ဆန်းစုကြည် ရှိရာသို့ ရောက်လာပြီး “သမီးရယ်…ဒင်းတို့အခြေအနေက မကောင်းတော့ဘူး။ သမီးရယ်… သမီးရဲ့ကား ထွက်ပါတော့”

ဦးတင်ဦး၏ အသံက တည်ငြိမ်သော်လည်း စိုးရိမ်မှုက စွက်နေ၏။ သူရဘွဲ့ရ တပ်မှူးကြီး တဦး အနေဖြင့် အခြေအနေ အား အကဲခတ် သုံးသပ်ထားပြီး ဖြစ်သည့်အတွက် ဒေါ်အောင်ဆန်း စုကြည်၏ အသက်အန္တရာယ်ကို စိုးရိမ်နေခြင်း
ဖြစ်သည်။ သို့ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်အား သတ်ကွင်း အတွင်းမှ ထွက်ခွာရန် တိုက်တွန်းနေ၏။
ဖျောင်းဖျနေ၏။

“ဘဘ… ကျမရဲ့နောက်မှာ ရွာသူရွာသားတွေ၊ ပြည်သူတွေ..၊ အဖွဲ့ဝင်တွေ အရိုက်ခံနေရပြီး ကျမ ဒီလို ထွက်သွားရက် ပါ့မလား”

ဒေါ်အောင်ဆန်းစုကြည်၏ ကားပေါ်သို့ ခဲလုံးများ..၊ ဝါးဆစ်ပိုင်းများ ကျလာ၏။ ဆဲဆို အော်ဟစ်သံများက နီးလာသဖြင့် ကျယ်ကျယ်လောင်လောင်၊ ဆူဆူပွတ်ပွတ်…။ ရှုတ်ရှုတ် ထွေးထွေး အခြေအနေအတွင်း အပြန်အလှန် ပြောဆိုနေကြရ
သော်လည်း စကားသံများက ပီပီသသ…။

ကားမီးရောင်များကြောင့် ဝါးရင်းတုတ်များနှင့် မြင်မြင်ရာကို မဲရိုတ်နေကြသည့် လူရမ်းကား အုပ်စုကြီးကို မြင်နေရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ် နောက်တွင် ကပ်လျက် ပါလာသည့် မော်တော်ယာဉ်က ဒေါ်အောင်ဆန်း စုကြည် လုံခြုံရေးအတွက် တာဝန်ယူကြသည့် မန္တလေးတိုင်း လူငယ်များ၏ ကား။ လူငယ်များက ဒေါ်အောင်ဆန်း စုကြည်၏ ယာဉ်ငယ်အား ဝိုင်း၍ လူသားတံတိုင်း ရံထားလိုက်ကြ၏။ အကြမ်းဖက်သမား လူရမ်းကားများက
ဒေါ်အောင်ဆန်းစုကြည် ကား၏ ဘယ်ဘက်အခြမ်းအား စတင်၍ တိုက်ခိုက်၏။ ကား၏ ဘယ်ဘက်အခြမ်းတွင် ကာရံထားကြသည့် ကိုသီဟ၊ ကိုတိုးလွင်၊ ကိုမိုးသော်၊ ကိုသန်းထွန်း။ တယောက်ပြီး တယောက် ထိ၏။ ဒဏ်ရာရကြ၏။ ခါးဆစ်၊ နောက်ကျော၊ ဦးခေါင်း။ ဦးခေါင်းတို့က သွေးချင်းချင်းနီရဲလျက်။

ခဏငယ်အတွင်းမှာပင် ကား၏ ဘယ်ဘက်အခြမ်းတွင် ကာရံထားသည့် လူငယ်တို့ ပြိုလေ၏။ လူတံတိုင်း ပြိုလျှင် အကြမ်းဖက်သမားတို့က မော်တော်ယာဉ်အား တိုက်ခိုက်ကြသည်။ ကားအတွင်း ဘယ်ဘက်အခြမ်းတွင်
ဒေါ်အောင်ဆန်းစုကြည် ထိုင်သဖြင့် ရိုက်နှက်သူတို့က မော်တော်ယာဉ်၏ ဘယ်ဘက်အခြမ်းကိုပင် ဖိ၍ တိုက်ခိုက်ကြ ၏။ ဘေးကာ မှန်များ ကွဲသွား၏။ ကွဲကြေသွားသည့် ဘေးကာ မှန်နေရာမှ ကားအတွင်းသို့ ဝါးချွန်များနှင့်ထိုး၏။ ခဲများနှင့် ပစ်ထည့်၏။ ကားတံခါးအား ဆွဲ၍ ဖွင့်ကြ၏။

လည်ပင်းမှ စူးကနဲ နာကြင်သွားသည်ကို ဒေါ်အောင်ဆန်းစုကြည် သိလိုက်၏။ ဘေးမှန်ကာများ ကွဲကြေ သွားစဉ်တွင် အစငယ်တခုခု မိမိ၏ လည်ပင်းအား လာရောက်ထိခိုက်မိလိုက်ခြင်းဖြစ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် နားလည်လိုက် ၏။ ပြဿနာမရှိ။

ကားစက်နိုးသံ၊ ဂီယာထိုးသံနှင့် လီဗာအား ပုတ်၍ နင်းလိုက်သဖြင့် ကားသည် အရှေ့သို့ တိုးထွက်သွားသည်ကို
ဒေါ်အောင်ဆန်းစုကြည် သိလိုက်သည်။ ယာဉ်မောင်း ကိုကျော်စိုးလင်းအား တခုခု လှမ်းပြောရန်
ဒေါ်အောင်ဆန်းစုကြည် ပြင်လိုက်၏။ မော်တော်ယာဉ်၏ ရှေ့မီးရောင်အောက်၌ သံဆူးကြိုးတန်းများ ဘွားကနဲ တွေ့ လိုက်ရသည်။ သံဆူးကြိုးတန်းနှင့် မော်တော်ယာဉ် တိုက်မိသည့်အသံအား ကြား၏။ မော်တော်ယာဉ်က တွန့်မသွား၊ ရပ်မသွား၊ တိမ်းမသွား၊ မှောက်မသွား။ ကိုကျော်စိုးလင်း၏ ကျွမ်းကျင်စွာ မောင်းနှင်သည့် အောက်တွင် လေးညှို့မှ လွှတ်လိုက်သည့် မြားတစင်းပမာ အရှိန်နှင့် ပြေးလွှားနေ၏။ ကားမီးရောင်အောက်တွင် ဖျတ်ကနဲ၊ လူအုပ်ကြီးအား
တွေ့ရပြန်သည်။ ဝါးရင်းတုတ်များ၊ အုတ်ခဲများနှင့် တိုက်ခိုက်ရန် အသင့်။ ထို လူအုပ်ကြီးအား ခဏငယ်အတွင်းမှာပင်
ကျော်ဖြတ်ခဲ့ပြန်သည်။ လူအုပ်ကြီး၏ အလွန်တွင်မူ အစိုးရပိုင် အဆောက်အဦးဝင်းကြီးတခု။

လမ်း၏ ဝဲဘက်မှ မီးအားပြင်းသည့် မီးမောင်းကြီးများဖြင့် လမ်းပေါ်သို့ ထိုးထားသည်ကို သတိပြုမိ၏။ ထိုဝင်းကြီး အတွင်းမှ အရှိန်နှင့် မောင်းထွက်လာသော ဒိုင်နာကားကြီး နှစ်စီးက ရုတ်ခြည်းပင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကားအား ခေါင်းချင်းဆိုင်တိုက်ရန် ထိုးဝင်လာ၏။ လမ်းက ကျဉ်းသည်။ ချိုင့်များနှင့် ဖြစ်၍ ကျဉ်းသောလမ်းသည် ပို၍ ရှောင်တိမ်းရန်ခက်ခဲ၏။ အရှိန်နှင့်ထိုးဝင်လာသော ဒိုင်နာ နှစ်စီးအား ကိုကျော်စိုးလင်းက ကျွမ်းကျင်စွာနှင့်
ရှောင်တိမ်းနိုင်ခဲ့ပြန်သည်။

ကားငယ်က ဒီပဲယင်း လမ်းပေါ်၌ ပြိုင်မြင်းတကောင်အလား။ ကိုကျော်စိုးလင်း၏ မောင်းနှင်သည့် အောက်၌ ကားငယ်သည် အရှိန်နှင့် ပြေးလွှားနေ၏။ အော်သံ၊ ဟစ်သံ၊ ရိုက်သံ၊ ပြေးလွှားသံ၊ အမိန့် ပေးသံများက နောက်တွင် ကျန်ခဲ့ပြီ။ အမှောင်ထုက စိုးမိုးလာ၏။ မော်တော်ယာဉ်၏ ရှေ့မီး ရောင်အောက်၌ ကတ္တရာလမ်းသည် မဲနက်နေသည်။

ရေဦးမြို့အဝင်…။
လမ်းအား ကန့်လန့်ဖြတ် ပိတ်ထားကြ၏။ လမ်း၏ ဝဲယာတွင် ရဲသား ၁ဝ ဦးခန့်က ဒေါ်အောင်ဆန်းစုကြည်၏ ကားငယ် အား သေနတ်များဖြင့် အသင့်ချိန်းထားကြ၏။ ကိုကျော်စိုးလင်းက ကားအား ရပ်ပေးလိုက်သည်။ ကားငယ်အတွင်း၌ ပင် ဒေါ်အောင်ဆန်းစုကြည် ထိုင်နေ၏။ လက်မှ နာရီအား ငုံ့၍ ကြည့်မိသည်။ ၁ဝး၃၅ နာရီ…။

ကဆုန် လကွယ်ညက နက်နက်ရှိုင်းရှိုင်း မှောင်မိုက်လွန်းနေ၏။ အရာအားလုံးသည် တိတ်ဆိတ်၍ ငြိမ်သက်နေသည်။   ။

မင်းဟန်