သောကြာ, ၁၂ မတ် ၂၀၁၀

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၈

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၈

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


(၁၃၅)

“သစ်ပင်၏ အရိပ်သည် အေးမြေပေသည်
ထိုထက် မိဘ၏ အရိပ်သည် ပိုအေးမြ၏။
ထိုထက် ဆရာသမား၏ အရိပ်သည် ပို၍ပင် အေးမြ၏
ထိုထက် မင်း၏ အရိပ်မှာ ပို၍ပင်သာ အေးမြပေသည်
သို့သော် အအေးမြဆုံးမှာ ဗုဒ္ဓမြတ်စွာဘုရား၏ အရိပ်ပင် ဖြစ်ပေသည်”

“ထိုကြောင့် ပြည်သူလူထုကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟူသည့် အေးမြသော အရိပ်အာဝါသ ပေးနိုင်ရန်အတွက် အုပ်ချုပ်သူတို့သည် ဗုဒ္ဓရှင်တော်၏ အဆုံးအမသြဝါဒများကို လိုက်နာရမည်ဖြစ်ပါသည်။ ယင်းသြဝါဒများထဲတွင် သစ္စာရှိခြင်း၊ ဂရုဏာထားခြင်းနှင့် တရားဓမ္မ စောင့်ရှောက်ခြင်းတို့သည် အဓိကဖြစ်ပါသည်။ ဤသို့သော အရည်အချင်းများပေါ်တွင် အခြေပြုသော အစိုးရကို ရရှိရန် ရည်ရွယ်၍ မြန်မာပြည်သားတို့က ဒီမိုကရေစီ တိုက်ပွဲဝင်နေကြခြင်းပင် ဖြစ်ပါသည်….”

ဒေါ်အောင်ဆန်းစုကြည်သည် သူမ ရေးသားထားသည့် “ဒီမိုကရေစီရှာပုံတော်” စာတမ်းကို ပြန်၍ဖတ်ရှုပြီး ဖြည့်စွက်ပြင်ဆင်ရန် ရှိသည်တို့ကို ပြန်လည်၍ တည်းဖြတ်၏။ “အောင်ဆန်း”၊ “ဒီမိုကရေစီရှာပုံတော်”၊ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး”၊ “ဗိုလ်-၏ အဓိပ္ပာယ်အစစ်အမှန်”၊ “တော်လှန်ရေး၏ အလယ်ဗဟိုတွင်” …… စသည့် စာတမ်းများကို ၁၉၉၁ ခုနှစ်အတွင်း၌ အင်္ဂလန်တွင် အင်္ဂလိပ်ဘာသာနှင့် ပုံနှိပ်ထုတ်ဝေရန်ရှိ၏။ “အောင်ဆန်း”၊ “ဗိုလ်-၏ အဓိပ္ပာယ်အစစ်အမှန်” စာတမ်းများက ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်မီ ၁၉၈၄-၈၅-၈၆ ခုနှစ်များကတည်းက သူမ ရေးခဲ့သည့် စာတမ်းများဖြစ်သည်။ ဤစာတမ်းများကို တစုတစည်းတည်းပေါင်း၍ စာအုပ်တအုပ်အဖြစ် ထုတ်ဝေသွားမည်ဖြစ်သဖြင့် ….. စာတမ်းများကို ဒေါ်အောင်ဆန်းစုကြည် ပြန်လှန်၍ ဖတ်ရှုပြီး တည်းဖြတ်ခြင်းဖြစ်သည်။

“အစိုးရ၏ အခြေခံအုတ်မြစ်သည် အကြွင်းမဲ့အာဏာဖြစ်သည် ….” ဟူသည့် အယူအဆကို ….
“အယုံအကြည်ရှိခြင်းသည် နိုင်ငံရေးအာဏာ၏ အရင်းခံအင်အားဖြစ်သည် ….” ဟူသော အယူအဆဖြင့် …. အစားထိုးမှသာလျှင် အာဏာရှင်စနစ်၏ စိတ်မချမ်းမြေ့စရာ အမွေအနှစ်များကို ဖယ်ရှားနိုင်မည် ဖြစ်ပါသည်။ တိုင်းပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သော ပြည်သူတို့၏ အခွင့်အရေးနှင့် စွမ်းရည်များအပေါ်တွင် အယုံအကြည်ရှိခြင်း၊ အစိုးရနှင့် ပြည်သူအကြား အပြန်အလှန်ယုံကြည်ခြင်း၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေး သဘောတရား မူဝါဒများအပေါ်တွင် အယုံအကြည်ရှိခြင်း ……”

နေအိမ်အကျယ်ချုပ်နှင့် ထိန်းသိမ်းခံခဲ့ရပြီးသည့်နောက်တွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ကြုံတွေ့ရသည့် ရောဂါက …. “ကျောရိုး ကျည်းပေါင်းတက် အကြောညှပ်နာ” (Spondylosis) ရောဂါ ဖြစ်သည်။ စစ်အုပ်စုက ဆရာဝန်တဦးကို ခေါ်လာပြီး ကျန်းမာရေး စစ်ဆေးကုသမှု ပြုလုပ်ပေးသော်လည်း (Spondylosis) က ပျောက်ကင်းသက်သာခြင်း မရှိ။ စာဖတ်ခြင်း၊ စာရေးခြင်းများလျှင် ….. ပခုံးနှင့် ကျောရိုးတလျှောက် နာကျင်မှုက မခံမရပ်နိုင်လောက်အောင် နာကျင်၏။ ထိုအခါမျိုးတွင် …. မွှေ့ယာနှင့် အိပ်၍မရ….။ ဖျာခင်း၍ ပြန့်ပြူးသည့် ကြမ်းပြင်တွင်ပင် အိပ်စက်ရ၏။

(၁၃၆)

“Freedom From Fear” ကို ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ် ပြန်၍ဖတ်၏။ ဤစာတမ်းက သူမ ထုတ်ဝေမည့် စာအုပ်တွင် ခေါင်းစီးအမည် ပေးထားသည့် စာတမ်းဖြစ်၏။ ပြီးလျှင် ….. ဒေါ်အောင်ဆန်းစုကြည်၏ ဒဿနရေးရာ အယူအဆတို့ ရေးထားသည့် စာတမ်းလည်းဖြစ်သည်။ ဒဿနရေးရာ ဟူသည်က …. လက်တွေ့ဘဝ၌ ဖြစ်ပျက်နေသည့် တိုးတက်ဖြစ်ထွန်းမှုများနှင့်လည်း ပြန်လှန်၍ စစ်ကြောမှု ပြုလုပ်ရသည်ပင်…။ အယူအဆတရပ်၏ အမှန်တရားက …. လက်တွေ့ဘဝ၏ ဖြစ်ထွန်းမှုများနှင့် အကြိမ်ကြိမ် စစ်ဆေးစမ်းသပ်ပြီးမှသာလျှင် ….“တရား” အဖြစ် မှတ်တိုင်ထူနိုင်ပေမည်။

၁၉၈၉-၉ဝ-၉၁ ခုနှစ်များက နိုင်ငံတကာတွင် ပြောင်းလဲမှုများစွာနှင့် ဖြတ်သန်းခဲ့သည့် နှစ်များဟု ဆိုရမည်။ ၁၉၈၉ တွင် ဘာလင်တံတိုင်းကြီး ပြိုကျ၏။ ကွန်မြူနစ်ဂျာမဏီက …. ဒီမိုကရက်တစ်ဂျာမဏီနှင့် ပေါင်းစည်း၍ ဂျာမဏီတနိုင်ငံတည်း ဖြစ်သွားခဲ့၏။ ထို့အတူပင် …. ပိုလန်၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ချက်ကိုစလိုဗက်နှင့် ယူဂိုဆလားဗီးယားရှိ ပြည်သူတို့သည်လည်း ကွန်မြူနစ် အာဏာရှင်စနစ်ကို တွန်းလှန်၍ ဖြိုချပစ်ခဲ့ကြ၏။ ၁၉၉၁ ခုနှစ် ဇူလိုင်၊ သြဂုတ်လ၏ ရက်များက …. ကရင်မလင်၏ နောက်ဆုံးနေ့များ …..။ “ဂေါ်ဘာဂျော့” “ကရင်မလင်” မှ ထွက်ခွာပေးခဲ့ရ၏။ ပြီးလျှင် ….. ဆိုဗီယက် ပြည်ထောင်စုကြီးသည်လည်း …. သီးခြားနိုင်ငံ ၁၅ နိုင်ငံအဖြစ်သို့ ….။ ကမ္ဘာ့အင်အားချိန်ခွင်လျှာက …. တဖက်စောင်းနင်းဖြစ်၍ သွား၏။ အပြောင်းအလဲများက မယုံနိုင်စရာ….။ အာဏာ၏ ဗဟိုအလယ်တွင် ဆုပ်ကိုင်ရယူထားခဲ့ကြသည့် တပါတီနှင့် အာဏာရှင်ကြီးတို့အသီးသီး …. လက်လွှတ်ဖယ်ရှားပေးခဲ့ကြရ၏။ ပန်းစင်္ကြာမှန်ပြောင်းအလား…..။

ဒေါ်အောင်ဆန်းစုကြည်က …. Freedom From Fear စာတမ်း၏ အစတွင် …. ဤသို့ နိဒါန်းနှင့် ဖွင့်၏။
“လူတို့အား အဂတိလိုက်စား ဖောက်ပြားစေသည်မှာ အာဏာမဟုတ်၊ စိုးရိမ်ကြောက်ရွံ့ခြင်းပင် ဖြစ်ပါသည်။ အာဏာလက်လွှတ်ရမည်ကို ကြောက်ရွံ့ခြင်းသည် အာဏာလက်ကိုင်ထားသူတို့ကို ဖောက်ပြန်စေပြီး အာဏာ၏ ဒဏ်ချက်ကို ကြောက်ရွံ့ခြင်းသည် အာဏာလက်အောက်ခံတို့ကို ဖောက်ပြားစေသည်” ….. ပြီးလျှင် ….. အဂတိတရား ၄ ပါး၏ အနှစ်သာရကို ရှင်းပြ၏။

“အလိုဆန္ဒကြောင့် ဖောက်ပြန်မှု (ဆန္ဒာဂတိ) ….”
“မိမိမုန်းတီးသူများကို ရန်ငြိုးလုပ်လိုသည့် (ဒေါသဂတိ) ….”
“မသိနားမလည်မှုကြောင့် ဖောက်ပြန်သွားသည့် (မောဟဂတိ) ….”
“ဤဂတိတရား ၄ ပါးအနက် အဆိုးဝါးဆုံးက …. (ဘယာဂတိ) …” ဖြစ်သည်ဟု ထောက်ပြ၏။ ကြောက်ရွံ့မှု (ဘယာ) သည် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သည့် စွမ်းရည်များ အားလုံးကို နစ်မွန်းအောင် ပြုလုပ်၍ တဖြည်းဖြည်း ပျက်စီးစေသည့်အပြင် အခြား အဂတိတရား ၃ ပါး၏ မူလအရင်းခံ အကြောင်းတရားလည်း ဖြစ်တတ်ပါသည် ….“
နိဂုံးချုပ်အနေနှင့်မူ …..

“လူတဦး သို့မဟုတ် တိုင်းပြည်တပြည်အဖို့ ကြီးကျယ်မြင့်မြတ်ဆုံးသော ပါရမီသည် အဘယ ခေါ် ကြောက်ရွံ့မှု မရှိခြင်းဖြစ်၏။ ကာယသတ္တိသာမဟုတ် စိတ်ထဲမှာပင် ကြောက်ရွံ့မှု ကင်းခြင်း ဖြစ်ပါသည်”
ပြန်၍ ဖတ်ရင်းနှင့် စာတမ်းတွင် ဆရာမောင်သာယာ၏ “တော်လှန်ရေးဆိုတာ” ကဗျာမှ ကဗျာပိုဒ်တပိုဒ်ကို ကောက်နုတ်၍ ထည့်ထားသည့်အပေါ် ပြန်တွေးမိ၏။ ကဗျာပိုဒ်က စာတမ်း၏ ဒဿနဆိုင်ရာ လေးနက်မှုကို ထောက်ပံ့မှု ဖြစ်စေသလား….။ ဒါမှမဟုတ် ဒဿနစာတမ်းတွင် ရသစွက်သဖြင့် ….. အံ့ချောမှုများ ဖြစ်နေသည်လားဟူ၍ အထပ်ထပ် ဆင်ခြင်ကြည့်မိ၏။

စိုးရိမ်ကြောက်ရွံ့နေကြရသည့် လူ့အဖွဲ့အစည်း၏ မလုံခြုံသော ဘဝကို ဖော်ညွှန်းလိုသဖြင့် ကဗျာပိုဒ်ကို ထည့်ထားလိုက်ရန် ဆုံးဖြတ်လိုက်၏။
“လက်ခုပ်ထဲက
ရေဘဝမို့
ငါတို့အေးမြရသော်လည်း ….
လက်ခုပ်ထဲက
ဖန်ကွဲစတွေ
ငါတို့ဖြစ်လိုက်ချင်ပါဘိ”

(၁၃၇)
၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်နေ့ နေ့စွဲနှင့် နဝတ မှ ဥပဒေအမှတ် ၁ဝ/၉၁ ထုတ်ပြန်၏။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ၁၄/၈၉ ကို ပြင်ဆင်သည့် ဥပဒေဟု ဆိုရမည်။ တဆက်တည်းပင် …. အမိန့်အမှတ် ၄/၉၁ ကိုလည်း ထုတ်ပြန်၏။ ဥပဒေအမှတ် ၁ဝ/၉၁ နှင့် အမိန့်အမှတ် ၄/၉၁ တို့ကို ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့ နေ့စွဲနှင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း ယခင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းခဲ့သည့် ၁၉၈၉ ခုနှစ် မေလ ၃၁ ရက်နေ့မှစ၍ အာဏာတည်စေရမည်ဟု ဆို၏။

ဥပဒေက နောက်ကြောင်းပြန် အာဏာသက်ရောက်ထားသည့် ဥပဒေ ဖြစ်နေသည်။ လုံးဝ မဖြစ်သင့် ….။ ဥပဒေအရ မည်သို့မျှ မညီညွှတ်သည့်ကိစ္စ ဖြစ်နေသည်။ ဥပဒေ၏ ရည်ရွယ်ချက်ကလည်း သိသာလွန်းလှ၏။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်နိုင်ရေးအတွက် ပုဒ်ထီး၊ ပုဒ်မတပ်၍ စစ်ဆင်ခြင်းပင်….။ စစ်အုပ်စု၏ သေနင်္ဂဗျူဟာဖြစ်သည့် “၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းရေး” အောက်မှ ဥပဒေမျက်နှာဖုံးစွပ်၍ တိုက်စစ်ဆင်လာသည့် နည်းဗျူဟာတရပ်ပင် ဖြစ်၏။ ဖြည့်စွက်ချက် … ပုဒ်မ ၈ဝ (က) နှင့် ပုဒ်မ ၈ဝ (ခ) တို့ကို ကြည့်လျှင် ……

“၈ဝ (က) နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့်ဖြစ်စေ၊ သေဒဏ် (သို့မဟုတ်) တသက်တကျွန်း ဒဏ်ထိုက်သော ပြစ်မှုဖြင့်ဖြစ်စေ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိကြောင်း၊

၈ဝ (ခ) တွင်က … ပုဒ်မ ၈ဝ (က) ပါ ပြစ်မှုများမှအပ အခြားပြစ်မှုတခုခုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိကြောင်း ကော်မရှင်က ကြေညာခံရသူသည် ကြေညာသည့်နေ့မှ ၁ဝ နှစ်အတွင်း ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရ”

စစ်အုပ်စု၏ ရည်ရွယ်ချက်က ကြီး၏။ ယခုရွေးကောက်ပွဲရလဒ်ကို ဖျက်ရန်တခုတည်းနှင့် အားမရ….။ နောက်နောင် ရွေးကောက်ပွဲများတွင်လည်း လူထုထောက်ခံသည့် ပုဂ္ဂိုလ်များ …. လူထုကိုယ်စားလှယ်များ ပါဝင်နိုင်ခွင့် မရှိရေးအထိ ဦးတည်ထား၏။ ပြစ်မှုအမျိုးအစားများကိုလည်း ဖော်ပြထား၏။

“(၁) နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု
(၂) နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်မှု
(၃) နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးနှင့် စပ်လျဉ်း၍ ထိမ်ချိန်ခြင်း
(၄) ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ
(၅) အစိုးရလျှို့ဝှက်ချက် အက်ဥပဒေအရ ပြစ်မှုများ
(၆) လက်နက်မှုများ
(၇) ပြည်ပသို့ တရားမဝင် ထွက်ခွာမှု၊ ပြည်ပမှာ တရားမဝင် ဝင်ရောက်မှု”
(၈) ခိုးမှု
(၉) လုယက်မှု
(၁ဝ) ဓားပြမှု
(၁၁) လိမ်လည်မှု
(၁၂) အလွဲသုံးစားမှု
(၁၃) မယားခိုးမှု
(၁၄) မုဒိန်းမု
(၁၅) လူခိုးမှု
(၁၆) အမျိုးသမီး ကာယအိနြေ္ဒပျက်စီးစေရန် အကြံနှင့် လက်ရောက်မှု (သို့မဟုတ်) အနိုင့်အထက်ပြုမှု
(၁၇) ပဋိသန္ဓေဆိုင်ရာ ပြစ်မှုများ
(၁၈) ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ပြစ်မှု
(၁၉) ၁၉၇၄ ခုနှစ် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများ ဥပဒေအရ ပြစ်မှုများ
(၂ဝ) လောင်ကစားဥပဒေအရ ပြစ်မှုများ
(၂၁) အဂတိလိုက်စားမှု
(၂၂) ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ဥပဒေအရ ပြစ်မှုများ
(၂၃) အများပိုင်ပစ္စည်း ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ
(၂၄) နိုင်ငံခြားငွေ လဲလှယ်မှုဆိုင်ရာ ပြစ်မှုများ
(၂၅) နိုင်ငံတော် အလံဥပဒေအရ ပြစ်မှုများ
(၂၆) ပုံနှိပ်သူနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရ ပြစ်မှုများ
(၂၇) ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေအရ ပြစ်မှုများ။

မလွယ်……။
(၁၃၈)
၁၉၉၁ ခုနှစ် ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် သူမ၏ အမည်ကို စာရင်းတင်သွင်းထားကြောင်း ဒေါ်အောင်ဆန်းစုကြည် ကြားသိရ၏။ အောက်တိုဘာလ ပထမပတ်အတွင်း၌ ရေဒီယိုသတင်းများအရ …. သူမ၏ အမည်က ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ရှေ့ဆုံးတွင် ရောက်ရှိနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် ကြားသိ၍နေ၏။ နေအိမ်အတွင်း တဦးတည်း တည်ရှိနေခြင်းက …. စိတ်လှုပ်ရှားမှုကို ပို၍ လှုပ်ခတ်စေသည်ဟု ထင်မိ၏။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း အကျယ်ချုပ်နှင့် ထိန်းသိမ်းခြင်း ခံလိုက်ရပြီးသည့်နောက် ….. နိုင်ငံတကာမှ သူမကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့၏။ ၁၉၉ဝ ခုနှစ်တွင် သူမ တက်ရောက်ပညာသင်ကြားခဲ့သည့် အောက်စဖို့ဒ်တက္ကသိုလ်၊ စိန့်ဟု(ခ်ျ)ကောလိပ်က ပထမဦးစွာ ဂုဏ်ထူးဆောင်ပညာရှင်ဆု ချီးမြှင့်ခဲ့၏။

နော်ဝေးနိုင်ငံမှပင် တိုရို့(ဖ်)ရပ်ဖတို လူ့အခွင့်အရေးဆုကို ချီးမြှင့်၏။ ပြီးလျှင် …. တတိယအနေနှင့် ၁၉၉၁ ခုနှစ်အတွင်း၌ …. ဥရောပပါလီမန်က လွတ်လပ်စွာ တွေးခေါ်မှုဆိုင်ရာ “ဆာခရော့(ဖ်)” ဆု ချီးမြှင့်ပြန်၏။
ထိုစဉ်က ဆုရရှိကြောင်း ကြားသိရသည့်အချိန်၌ ခံစားရသည့် စိတ်လှုပ်ရှားမှုမျိုးနှင့် ယခု ခံစားနေရသည့် ခံစားမှုများက …. တထပ်တည်းတော့မဟုတ် ….။ ၁၉၉၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက …. ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း ကြေညာ၏။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်သည့်အကြောင်းကို နိုဘယ်ကော်မတီ ဥက္ကဋ္ဌ … ပါမောက္ခ ဖရန်စစ်စီဂျာစတက် (Francis Sejersted) က သတင်းမီဒီယာများသို့ ထုတ်ဖော်၍ ပြောဆို၏။

“ငြိမ်းချမ်းရေးနှင့် စေ့စပ်ဖျန်ဖြေရေးကို ရယူရန် တိုက်ပွဲဝင်ကြိုးပမ်းရာတွင် ကျနော်တို့ စံနမူနာအဖြစ် ထားရမည့် ပုဂ္ဂိုလ်များသည် ကျနော်တို့ ရယူရန် ကြိုးပမ်းနေသည့် အရာများ၏ သင်္ကေတအဖြစ် ရပ်တည်ပြီး ကျနော်တို့တွင် ရှိသမျှ အကောင်းဆုံးစွမ်းရည်ကို လှုပ်ရှားတက်ကြွစေသော ပုဂ္ဂိုလ်မျိုးတို့ကို အားထားကြရပါသည်။ အောင်ဆန်းစုကြည်သည် ဤသို့သော ပုဂ္ဂိုလ်ပင် ဖြစ်ပါသည်။ သူမသည် လေးနက်စွာ တာဝန်ယူမှုနှင့် ဇွဲသတ္တိခိုင်မြဲမှုတို့ကို ဦးတည်ချက်နှင့် နည်းလမ်းတို့ တသားတည်းဖြစ်သော စိတ်ကူးအမြင်ဖြင့် ပေါင်းစပ်ပေးထားပါသည်။ ယင်းအမြင်၏ အရေးကြီးဆုံးသော အင်္ဂါအစိတ်အပိုင်းများမှာ ဒီမိုကရေစီနှင့် လူအခွင့်အရေးများကို ရိုသေလေးစားမှု၊ အုပ်စုများအကြား စေ့စပ်ဖျန်ဖြေမှု၊ အကြမ်းမဖက်မှုနှင့် တဦးချင်းအနေဖြင့်လည်းကောင်း၊ စုပေါင်း၍လည်းကောင်း စည်းကမ်းကျနမှု စသည်တို့ကြောင့်ဖြစ်ကြောင်း…။” BBC အင်္ဂလိပ်ပိုင်း ရေဒီယိုအစီအစဉ်၌ မှတ်ချက်ပြု ပြောဆိုခဲ့၏။

BBC ၏ ရေဒီယိုအစီအစဉ်များက တခုပြီးတခု ပြောင်းလဲ၍ လွှင့်ထုတ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အသိအာရုံက …. BBC ၏ အသံလွှင့်အစီအစဉ်များတွင် မရှိ ….။ စိတ်အစဉ်က လှုပ်လှုပ်ခတ်ခတ်နှင့်….။ မည်မျှကြာမြင့်နေခဲ့သည်မသိ…။ BBC ၏ အသံလွှင့်အစီအစဉ်များက ပြီးဆုံး၍သွားပြီ။ ဒေါ်အောင်ဆန်းစုကြည် လေဒီယို ပိတ်လိုက်၏။ ပြီးလျှင် ….. စာရေးစားပွဲသို့သွားပြီး မှတ်တမ်းစာအုပ်ကို ဖွင့်၍ မှတ်တမ်းရေး၏။ မှတ်မှတ်ရရ …. နေ့စွဲ …..။

“၁၉၉၁ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ကျမကို ပေးအပ်ရန် ဆုံးဖြတ်လိုက်ကြောင်း ကျမ ပထမ ကြားသိရသောအခါတွင် ချက်ချင်းဖြစ်ပေါ်လာသော ခံစားချက်များမှာ လေးနက်သော နိဝါတစိတ်နှင့် အထူးကျေးဇူးတင်စိတ်တို့ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရန် ကြိုးပမ်းအားထုတ် တိုက်ပွဲဝင်နေကြသူများ၏ အနစ်နာခံမှုနှင့် ဆင်းရဲဒုက္ခခံမှုများကြောင့်သာ ကျမကို ဤသို့ ဂုဏ်ပြုခြင်းဖြစ်သည်ကို ကျမ သိရှိရသဖြင့် နိဝါတတရားပွားများရခြင်း ဖြစ်ပါသည်။ ဤသို့ ကြိုးပမ်းအားထုတ် တိုက်ပွဲဝင်နေကြသည်ကို လူကြီးမင်းများက အသိအမှတ်ပြုခြင်းဖြင့် ဒီမိုကရေစီတိုက်ပွဲကို အလွန်အဖိုးတန်လှသော အထောက်အကူ ပေးလိုက်သည့်အတွက် ကျေးဇူးတင်စိတ် ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။”
၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။
ကိုးကား ……

- ရွှေခမောက်မှတ်တမ်းလွှာ
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်းအမှတ် စာစောင်
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း
- နဝတ ၏ ကြေညာချက်အမှတ် ၁/၉ဝ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဂန္ဒီခမ်းမ ကြေညာစာတမ်း
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့စာ အတွဲ - ၂
- Nation News Talk, Channel 9 တွင် ထုတ်လွှင့်ခဲ့သည့် နေရှင်းသတင်းစာ အယ်ဒီတာချုပ် ဆူသီချိုင်းယွန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း
- အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချဒ်ဆန်၊ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ ဂျေဟန်ရာဟင်မ်နှင့် New York Times (NYT) သတင်းထောက် ဖီးလစ်ပ်ရှယ်နွန်တို့ ၃ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၇

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၆

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၅

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၄
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၃

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၂

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၁

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃ဝ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၉

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၈

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၇

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ- အပိုင်း - ၂၆

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၅

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၄

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၃

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၂)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၁)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၀)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၉)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၈)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၇)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၆)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၅)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၄)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၃)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၂)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၁)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၀)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း - ၉)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၈)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ …" အပိုင်း (၇)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၆)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၅)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၄)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၃)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၂)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း(၁)




 

Editor's choice

စစ်အစိုးရက ရွေးကောက်ပွဲ ပြင်ချိန် အတိုက်အခံ သဘောကွဲ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ မှာ ရွေးကောက်ပွဲတွေ ကျင်းပလိမ့်မယ်လို့ လူတိုင်းကို လိုက်ပြောနေပေမယ့် အရာအားလုံးကိုတော့ လျှို့ဝှက်ထား ......

ခြံရောင်းရန် ကြိုးစားသူကို ဒေါ်စု တရားစွဲမည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နေထိုင်သည့် ခြံဝင်းအတွင်းမှ မြေကွက်အချို့ကို ရောင်းချရန် ကြိုးစားနေသည့် ဆွေမျိုးတော်စပ်သူ...

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။...

မြန်မာ ၂၁ ဦးပါ သင်္ဘောကို ဆိုမာလီဓါးပြများ ပြန်ပေးဆွဲ

မြန်မာနိုင်ငံသား ၂၁ ဦး ပါဝင်သည့်  နော်ဝေးနိုင်ငံသားပိုင် UTB Ocean သင်္ဘောကို ဆိုမာလီပင်လယ် ဓါးပြများက ယခင်အပတ်က...