တနင်္လာ, ၁၅ မတ် ၂၀၁၀

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၆

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၆

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


(၁၂၆)

၁၉၉ဝ ခုနှစ် စက်တင်ဘာ ၂ဝ ရက်နေ့ ….။

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နှင့် မတရား ထိန်းသိမ်းခံနေရသည်မှာ ရက်ပေါင်း ၄၂၆ ရက်ရှိပြီ။ လွန်ခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း၊ ထပ်မံ၍ ၃ နှစ် တိုးမြှင့်လိုက်သည့်အကြောင်း ထောက်လှမ်းရေး ဗိုလ်မှူးကြီးမှတဆင့် အကြောင်းကြားလာ၏။ ၁၉၉၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ နေအိမ်အကျယ်ချုပ် သက်တမ်း တိုးမြှင့်ကြောင်း၊ အကြောင်းကြားစာ လာပေးပြီးနောက် ….. ထူးခြားသည်က …. ဒေါ်အောင်ဆန်းစုကြည် မိသားစုထံမှ ပေးပို့နေကျဖြစ်သည့် စာ၊ အစားအစာနှင့် စာအုပ်စာတမ်းများကို အာဏာပိုင်တို့က ပိတ်ပင်တားဆီးလိုက်ခြင်းဖြစ်သည်။ ယခင်ကမူ မိသားစုနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် မပြုသော်လည်း မိသားစုထံမှ ပေးပို့သည့် ပစ္စည်းများကို အာဏာပိုင်တို့က ကြည့်ရှုမွှေနှောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံ ထပ်ဆင့်၍ ပေးပို့ခဲ့သည်။

ထိန်းသိမ်းထားသည့် နေအိမ်အကျယ်ချုပ် ဥပဒေအရတွင် …… ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ၏ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ကို ခွင့်ပြုထား၏။ ဥပဒေအရ… တားမြစ်မှုတွင် နိုင်ငံရေးပါတီ အဖွဲ့အစည်းများနှင့် သံတမန်များသာ ဖြစ်သည်။ ယခုမူ…. မိသားစုထံမှ ပေးပို့နေကျ ပစ္စည်းများကိုပင် ပိတ်ဆို့တားမြစ်လိုက်သဖြင့် အခြေအနေသည် တင်းမာမှုဆီသို့ ရွေ့လျားနေလေပြီ။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံလိုက်ရသည့်နေ့မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် သူမကိုယ်သူမ တင်းကျပ်သော စည်းကမ်းအတွင်း အသားကျစွာ နေထိုင်နိုင်ရန် လုံ့လထုတ်ခဲ့၏။ နံနက် ၄ နာရီခွဲလျှင် အိပ်ယာမှထ၏။ တရားထိုင်၏။ တရားထိုင်ရသည်မှာ အစပထမတွင်မူ အခက်အခဲအနှောင့်အယှက်များစွာနှင့် ကြုံရသည်။

ပြီးလျှင် …. ခင်ပွန်းသည် မိုက်ကယ် ပေးပို့လိုက်သည့် Gsatadaw Y Oabdata Teachings of the Buddha စာအုပ်ကို အကြိမ်ကြိမ်ဖတ်၏။ “ဘဝသံသရာမှ လွတ်မြောက်၍ ဗုဒ္ဓ၏ ဟောကြားဆုံးမချက်များ” ကို သေချာစွာ လေ့လာပြီး တရားထိုင်သည့် အချိန်တွင် တွေ့ကြုံရမည့် အခက်အခဲများကို မည်သို့ကျော်လွှားရမည်။ အကျိုးကျေးဇူးများက မည်သို့ ….. စသဖြင့်၊ စသဖြင့် သိလာခဲ့၏။

(၁၂၇)
နံနက်စောစော တရားထိုင်ပြီးသည်နှင့် BBC ၊ VOA အသံလွှင့်ဌာနများ၏ နံနက်ပိုင်း အစီအစဉ်များကို နားထောင်သည်။ ရေဒီယိုနားထောင်သည်ကပင် တနာရီမျှ ကြာ၏။ ပြီးလျှင် …. ကိုယ်လက်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်၏။ ပြီးလျှင်မူ …. ဗုဒ္ဓစာပေများ ဖတ်သည်။ နံနက် ၁ဝ နာရီခန့်တွင်မူ ရေချိုး၏။ ကိုယ်လက်သန့်စင် ရေမိုးချိုးပြီးသည်နှင့် စာပြန်ဖတ်သည်။ ဂန္ဒီကြီး၏ စာများကို ပြန်ဖတ်ဖြစ်၏။ ပြီးလျှင် ….. ဒဿနိက၊ နိုင်ငံရေးနှင့် အတ္ထုပတ္တိစာပေများ ဖတ်ဖြစ်သည်။ တခါတရံတွင်လည်း အိမ်မှုကိစ္စလေးများကို အညောင်းပြေလုပ်၏။ နေ့စဉ် နံနက် ၁၁ နာရီနှင့် ၁၂ နာရီကြားတွင်မူ … နေ့လယ်စာ ပုံမှန်စား၏။ ပြီးလျှင် ….. ဒုတိယအကြိမ် တရားပြန်ထိုင် …. စာဖတ်၊ တေးဂီတ နားထောင်နှင့် အချိန်ဇယားအတိုင်း ပုံမှန်လှုပ်ရှား၏။ BBC အသံလွှင့်ဌာန၏ အင်္ဂလိပ်ပိုင်း အစီအစဉ်များကိုမူ၊ ထုတ်လွှင့်သည့် အချိန်တိုင်းတွင် ရေဒီယိုကို ဖွင့်၍ ဒေါ်အောင်ဆန်းစုကြည် နားထောင်၏။ ညပိုင်း ….. BBC မြန်မာပိုင်းအစီအစဉ် ပြီးဆုံးသည်အထိ ရေဒီယိုကို နားထောင်ပြီးမှ အိပ်ယာသို့ ဝင်၏။

အထိန်းသိမ်းခံနေခဲ့ရသည့် တနှစ်ကျော်ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် သူမကိုယ်သူမ စည်းကမ်းကန့်သတ်မှုအတွင်း၌ အသားကျစွာ လှုပ်ရှားရင်းနှင့် နေ့စဉ်ဘဝကို ဖြတ်သန်း၍ နေခဲ့၏။

(၁၂၈)
ရွေးကောက်ပွဲပြီးသည့်နောက်ပိုင်း …. နိုင်ငံရေးဖြစ်ထွန်းမှုများက မှန်မှန်ကန်ကန်နှင့် သဘာဝကျစွာ ဖြစ်ထွန်းတိုးတက်မှုဆီသို့ မရွေ့လျား….။

ရွေးကောက်ပွဲအပြီး ….. လွှတ်တော်ဖွဲ့စည်းရေး၊ အာဏာလွှဲပြောင်းရေး အစီအစဉ်များနှင့်ပတ်သက်၍ စစ်ဗိုလ်ချုပ်များသည် လုံးဝလျစ်လျူရှု….၊ ထိုးသိပ်ထားလိုဟန် ရှိသည်။ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူလူထုကြီး၏ ဆန္ဒကို အသိအမှတ်ပြု၍ လေးစားလိုက်နာလိုသည့်ဟန်က အလျဉ်းမရှိ….။ ၎င်းတို့သည်သာ အာဏာကို ဆက်၍ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်သွားမည့်ဟန်သာ ပေါ်နေ၏။ သဘောထားက တင်းတင်းမာမာ…..။

ပထမသတိထားမိသည်က …. သူမနှင့် တိုက်ရိုက်သက်ဆိုင်သည့်အပိုင်း….။ ၁၉၉ဝ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့တွင် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားသည့် သက်တမ်းပြည့်၏။ ဆက်၍ ထိန်းသိမ်းထားမည်လား….။ လွှတ်ပေးမည်လား….။

ဤနေရာတွင် စစ်အုပ်စုအနေဖြင့် စဉ်းစားရမည်က …. ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲပြီးပြီ၊ ရွေးကောက်ပွဲရလဒ်များအရ …. ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထု ထောက်ခံမှု ၈၂ ရာခိုင်နှုန်း ကျော် အနိုင်ရထားသည့် နိုင်ငံရေးအဖွဲ့အစည်း၏ ခေါင်းဆောင်….။ ရွေးကောက်ပွဲအပြီး “အာဏာလွှဲပြောင်းရေး” ကိစ္စရပ်ကို ငြိမ်းချမ်းချောမွေ့စွာနှင့် အသွင်ကူးပြောင်းမည်ဟု သဘောထားရှိလျှင် ….. ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်သည့်နေ့တွင် လွှတ်ပေးရမည်….။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းထပ်မံ၍ တိုးလိုက်၏။ ၃ နှစ်….။ ပြီးလျှင် …. ရွေးကောက်ပွဲမတိုင်မီက မိသားစုနှင့် ဆက်သွယ်ခွင့် ရရှိမှုများကိုလည်း ပိတ်ပစ်လိုက်၏။

ဒုတိယတွေ့ရသည်က …. ၁၉၉ဝ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် နဝတ၏ ကြေညာချက်အမှတ် ၁/၉ဝ ….။ ပြီးလျှင် …. ၁/၉ဝ အတိုင်း လိုက်နာကြရန်လည်း စစ်အုပ်စုက နိုင်ငံရေးအဖွဲ့အစည်းများကို အတင်းအကျပ် ဖိအားပေးနေ၏။

တတိယအချက်က …. လွန်ခဲ့သည့် စက်တင်ဘာလ ပထမအပတ်အတွင်း၌ အဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌ ဦးကြည်မောင်နှင့် အတွင်းရေးမှူး ဦးချစ်ခိုင်တို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း ဖြစ်၏။

ဤ ၃ ချက်အရ …. စစ်အုပ်စုသည် ရွေးကောက်ပွဲရလဒ်ကို လွယ်လွယ်ကူကူနှင့် အသိအမှတ်ပြုပြီး အကောင်အထည် ဖော်ပေးလိမ့်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် နားလည်လိုက်၏။

ရွေးကောက်ပွဲ ပြီးမြောက်ခဲ့သည်မှာ …. ၄ လရှိခဲ့ပြီ …။ ထိုကာလအတွင်း အဖွဲ့ချုပ်၏ လုပ်ဆောင်ခဲ့သည်တို့ကို ဒေါ်အောင်ဆန်းစုကြည် ပြန်၍သုံးသပ်ကြည့်မိ၏။

ရွေးကောက်ပွဲရလဒ်က အဖွဲ့ချုပ်အတွင်း ညီညွှတ်မှုကို တည်ဆောက်ပေးနိုင်ခဲ့သည်။ ပြီးလျှင် …. လူထုထောက်ခံမှုက အဖွဲ့ချုပ်ကို ရှေ့သို့တိုး၍ ချီတက်ရန် တွန်းအားတရပ် ဖြစ်စေခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည် ယူဆမိ၏။

ဤအတွက်ပင် … အဖွဲ့ချုပ်သည် … ဂန္ဒီကြေညာစာတမ်းကို ထုတ်ပြန်၍ … စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းပေးရေး တောင်းဆို၏။ ပြီးလျှင် …. သြဂုတ်လ ၂၉ ရက်နေ့၌ အဖွဲ့ချုပ်၏ ဗဟိုကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးပြီး ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက် အမှတ် ၁ ကို ထုတ်ပြန်ပြီး …. စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းပေးရေး ထပ်မံ၍ တောင်းဆိုသည်။

ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ….. တဆင့်ပြီးတဆင့် ….။ တလှမ်းပြီး တလှမ်း ငြိမ်းအေးချမ်းမြေ့စွာ အာဏာလွှဲပြောင်းရေးအတွက် အသွင်ကူးပြောင်းနိုင်ရန် ပြည်သူ့လွှတ်တော် ဖွဲ့စည်းရေးကို ခြေလှမ်းမှန်မှန် လျှောက်လှမ်းရင်း တောင်းဆို၍နေခဲ့၏။ အဖွဲ့ချုပ်က …. ခြေလှမ်းလည်း မှန်၍၊ လျှောက်သော လမ်းလည်း မှန်၏။ ဤသို့ပင် …. ဒေါ်အောင်ဆန်းစုကြည် နားလည်ခံယူမိသည်။

(၁၂၉)
၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၊ ရက်စွဲနှင့် အဖွဲ့ချုပ်မှ ကြေညာချက်အမှတ် ၅/၉ဝ ထုတ်ပြန်သည့် သတင်းကို BBC မြန်မာပိုင်း အစီအစဉ်မှတဆင့် ဒေါ်အောင်ဆန်းစုကြည် သိရသည်။ သတင်းအရမူ …. ၅/၉ဝ က ….. ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်းခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရန် တာဝန်ရှိသည် … ဟူ၍ ဖြစ်သည်။ ဤသို့ပင် သတင်းများအရ ဒေါ်အောင်ဆန်းစုကြည် နားလည်မိ၏။ ဤတွင် မေးခွန်းထုတ်ရန် ရှိလာ၏။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် “လွှတ်တော်” သည် မည်သို့သော လွှတ်တော်နည်း ….။ ဥပဒေပြုရေးအာဏာသာ ရှိသည့် တိုင်းပြုပြည်ပြု လွှတ်တော်လား ….။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာ ၃ ရပ်ကို ပိုင်စိုးသည့် “ပြည်သူ့လွှတ်တော်” လား …. ဟူ၍ မေးစရာများနှင့်။

မေးခွန်း ၂ ရပ်၊ အဖြေ ၂ ရပ်၊ အယူအဆ ၂ ရပ် ပြဿနာများက … အဖွဲ့ချုပ်အတွင်း ကြီးမားလာနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် တွေးပူမိ၏။ သတင်းများအရလည်း ပြဿနာသည် အဖွဲ့ချုပ်အတွင်း ဗဟိုမှသည် အောက်ခြေအထိ ပေါ်ပေါက်၍နေပြီဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ရှင်းလင်းပြတ်သားစွာ ခံယူထားသည်က …. ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၂၊ ပုဒ်မ ခွဲ (က) တွင်က ….“ လွှတ်တော်ဆိုသည်မှာ ပြည်သူ့လွှတ်တော်ကို ဆိုလိုသည်” ဟူ၍ ရေးသားပြဋ္ဌာန်းထား၏။ ဤအချက်ကြောင့်ပင် ….. ၁၉၉ဝ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းရမည့် လွှတ်တော်သည် “တိုင်းပြုပြည်ပြုလွှတ်တော် မဟုတ်…။ ပြည်သူ့လွှတ်တော်” သာ ဖြစ်ရမည်။ ပြီးလျှင် ….. ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းနိုင်ရေးကို လက်လွှတ်၍ မဖြစ်…..။
စစ်မှန်သော ဒီမိုကရေစီနိုင်ငံများ၏ ကျောရိုးသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှတဆင့် တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော် ဖြစ်ပါသည်။ ထိုကြောင့် ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် ဒီမိုကရေစီအရေးကို မည်ကဲ့သို့ခွဲခြား၍မရ….။

ဤသို့ ဒေါ်အောင်ဆန်းစုကြည် မြင်၏။ ဤအတွက်ပင် ….. လက်ငင်း နိုင်ငံရေးတောင်းဆိုမှုသည် …. ပြည်သူ့လွှတ်တော် အမြန်ဖွဲ့စည်းရေးပင် ဖြစ်၏။

ကိုးကား ……

- ရွှေခမောက်မှတ်တမ်းလွှာ
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်းအမှတ် စာစောင်
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း
- ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း ၁ဝ နှစ်မြောက် အထိမ်းအမှတ် စာစောင်
- နဝတ၏ ကြေညာချက်အမှတ် ၁/၉ဝ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဂန္ဒီခမ်းမ ကြေညာစာတမ်း
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသား လူမျိုးများအရေးနှင့် စပ်လျဉ်း၍ ထားရှိသော သဘောထားများ
- ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာစာတမ်း အမှတ် ၁
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်က လာတဲ့စာအတွဲ ၂
- Nation News Talk, Channel 9 တွင် ထုတ်လွှင့်ခဲ့သည့် နေရှင်းသတင်းစာအယ်ဒီတာချုပ် ဆူသီချိုင်းယွန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း
- အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချဒ်ဆန်၊ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ ဂျေဟန်ရာဟင်မ်နှင့် New York Times (NYT) သတင်းထောက် ဖီးလစ်ပ်ရှယ်နွန်တို့ ၃ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၅

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၄
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၃

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၂

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၁

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃ဝ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၉

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၈

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၇

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ- အပိုင်း - ၂၆

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၅

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၄

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၃

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၂)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၁)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၀)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၉)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၈)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၇)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၆)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၅)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၄)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၃)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၂)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၁)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၀)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း - ၉)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၈)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ …" အပိုင်း (၇)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၆)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၅)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၄)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၃)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၂)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း(၁)



 

Editor's choice

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...