သောကြာ, ၀၃ စက်တင်ဘာ ၂၀၁၀

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၅

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၅

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

dawsu35


(၁၂၂)
ဂန္ဒီတောင်းဆိုချက်အတိုင်း စစ်အုပ်စုက စက်တင်ဘာလအတွင်း လွှတ်တော် မခေါ်ပေးခဲ့လျှင်….၊ မည်သို့ ဆက်လုပ်မည်နည်း….။

ဤမေးခွန်းက …. အဖွဲ့ချုပ်၏ ခေါင်းဆောင်များအတွင်း၊ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွင်း….၊ အဖွဲ့ချုပ်အဖွဲ့ဝင်များအတွင်း….၊ ညီနောင် ဒီမိုကရေစီလိုလားသည့် နိုင်ငံရေး အင်အားစုများအတွင်း ….၊ ပြည်သူလူထုကြီးအတွင်း…၊ ဖြေရှင်းကြရမည့် ပုစ္ဆာတပုဒ်…..။

စစ်ခေါင်းဆောင်များက …. အာဃာတကင်းစင်သော အထွေထွေ သဟဇာတဖြစ်မှုဆီသို့ ရှေးရှုလိုဟန်မရှိ၊ တမျိုးသားလုံး ပြန်လည်သင့်မြတ် စေရေးအတွက် ငြိမ်းချမ်းချောမွေ့သော နည်းလမ်းကို ရွေးလိုသည့် ဆန္ဒမတွေ့ရ…..။ သူတို့၏ ကြေညာချက်အမှတ် ၁/၉ဝ ကိုသာ အသေဆုပ်ကိုင်ပြီး အရာရာကို အာဏာစက်နှင့် ရှင်းမည့်ဟန်….။
၁/၉ဝ တွင် …

“ ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းခြင်းအား လုပ်ဆောင်ပေးမည်”။

ရက်ပေါင်း ၆ဝ အတွင်းတော့မဟုတ်….။ ဘယ်နေ့ဟူ၍လည်း အတိအကျမပြော….။ မဆလ ၏ နောက်ဆုံးမင်းဆက် ဒေါက်တာမောင်မောင် ပြောသကဲ့သို့ မိုးလေသာသည့် နေ့တနေ့….။

“ယာယီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီး အစိုးရဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်ခံမည်မဟုတ်….၊ ပြင်းပြင်းထန်ထန် အရေးယူမည်။ အာဏာစက်သုံး၍ အရေးယူမည်”။ ၁/၉ဝ ကို နိုင်ငံရေးပါတီ အဖွဲ့အစည်းများကလည်း လိုက်နာကြရန် အမျိုးမျိုး ဖိအားပေး၏။ အဓမ္မ အကျပ်ကိုင်နေ၏။

ရက် ၆၀ က တရွေ့ရွေ့နှင့် နီးကပ်၍လာပြီ။

(၁၂၃)
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နှင့် ထိန်းသိမ်းခဲ့ပြီးသည့်နောက်တွင် …. စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ လှုပ်ရှားမှုများက ရန်ကုန်တွင် အနည်းငယ်ငြိမ်၍သွား၏။ ရန်ကုန်လှုပ်ရှားမှု ဖော်ဆောင်ရာတွင် အနည်းငယ် အေးနေခဲ့သော်လည်း အထက်ဗမာပြည်၊ မန္တလေးတွင်မူ …. ဆရာတော် ဦးရေဝတ ဦးဆောင်သည့် “သံဃာသမဂ္ဂီ” က NISC ကို လျှို့ဝှက်ဖွဲ့စည်းခဲ့၏။ NISC တွင် (ဗကသ) အထက်ဗမာပြည်၊ ဖျက်သိမ်းခြင်း ခံခဲ့ရသည့် အမျိုးသား နိုင်ငံရေးတပ်ပေါင်းစု (မနတ) ၊ ပြည်သူ့တိုးတက်ရေးပါတီ၊ အမြဲစိမ်းလူငယ်များအဖွဲ့၊ ကျောင်းဆရာများသမဂ္ဂ၊ ရှေ့နေများသမဂ္ဂ၊ ဈေးချိုတော်သမဂ္ဂ၊ လယ်သမားသမဂ္ဂ တို့ပါဝင်ပြီး၊ ရှစ်လေးလုံး ၂ နှစ်ပြည့် တိုက်ပွဲမှသည် …. ရက် ၆ဝ ပြည့် ပြည်သူ့လွှတ်တော် ဖွဲ့စည်းရေးတိုက်ပွဲဆီသို့ … လူထုလှုပ်ရှားမှု ဖော်ဆောင်ရန် ကြိုးပမ်းလှုပ်ရှားလျက်ရှိ၏။

၁၉၉၀ ခုနှစ် သြဂုတ်လ ၅-၆-၇ ရက်များတွင် … မန္တလေးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း … အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၅)၊ အမှတ် (၉)၊ အမှတ် (၁၅)၊ အမှတ် (၁၆) တို့တွင် ကျောင်းသားဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့၏။

၁၉၉၀ ခုနှစ် သြဂုတ်လ ၈ ရက်၊ ရှစ်လေးလုံး ၂ နှစ်မြောက် … နံနက်တွင် မန္တလေးမြို့ရှိ လေးပြင်လေးရပ်မှ သံဃာအပါး ၁ဝဝဝ ကျော်ခန့်က မြို့ပြရှိ လမ်းများထက် စီးတန်း၍ “ရှစ်လေးလုံး ၂ နှစ်မြောက်” အထိမ်းအမှတ် ဆွမ်းခံထွက်ကြ၏။ လူထုကလည်း လမ်းလုံးပြည့် ဆွမ်းထွက်လောင်းကြ၏။ လုံခြုံရေးတပ်သားတို့ကလည်း လမ်းများပေါ်တွင် ပစ်ခတ်ရန်အသင့်…။ အခြေအနေက တင်းတင်းမာမာ….။ အဆုံးတော့ သွေးစွန်းခဲ့ရသည်။

(၁၂၄)
၁၉၉ဝ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်….။

အမှတ် (၃၉၃)၊ ဗိုလ်အောင်ကျော်လမ်း….။

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဌာနချုပ်ရုံးခန်းတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ တွေ့ဆုံ၍ မျက်မှောက်ဖြစ်ရှိနေသော နိုင်ငံရေးအခြေအနေများ ဆွေးနွေးကြ၏။

၁၉၉ဝ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၇ဝ ကို ကိုယ်စားပြုသည့် ဆွေးနွေးပွဲဟု ဆိုရမည်။ အဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များအားလုံး တက်ရောက်ကြပြီး၊ ပြည်နယ် ၇ ပြည်နယ်မှ ဗဟိုဦးစီးအဖွဲ့ဝင် ၇ ဦးလည်း တက်ရောက်သည်။

အဖွဲ့ချုပ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ ဗိုလ်အောင်ကျော်လမ်း တွေ့ဆုံမှုက …. ယခုအကြိမ်သည် ဒုတိယအကြိမ် တွေ့ဆုံခြင်းဟု ဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခြင်း မခံရမီ ရက်ပိုင်းခန့်က ….. အမှတ် (၃၉၃) ၊ ဗိုလ်အောင်ကျော်လမ်းရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြ၏။ ထိုစဉ်က….. အဓိကဆွေးနွေးခဲ့ကြသည်က …. “ ပြည်ထောင်စု တည်ဆောက်ရေး” …..။

အဖွဲ့ချုပ်က ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် အဖွဲ့ချုပ်၏ ကြေညာချက် အမှတ် ၉ ကို ရှင်းပြ၍ “ပြည်ထောင်စုသစ် တည်ဆောက်ရေး” လုပ်ငန်းစဉ်ကို ဆွေးနွေး၏။
ဖက်ဒရယ်နှင့် ပတ်သက်၍ မူ…. ထိုဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က သူ၏ အမြင်ကို ရိုးရိုးရှင်းရှင်းပင် ဆွေးနွေးခဲ့၏။

“(Federal) ဆိုတာကလည်း စောစောက သဘာပတိကြီး ရှင်းပြသွားတဲ့အတိုင်းပဲ (Federal) ဆိုတာကတော့ အင်္ဂလိပ်စကားလုံး တခုပဲဖြစ်ပါတယ်။ (Federal) ဆိုတာဟာ ခွဲထွက်ရေးမဟုတ်ပါဘူး။ ကျမတို့ အားလုံးသိပြီးသားပါ။ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာ ကျမတို့ လက်ခံပါတယ်။ ဒါပေမဲ့ (Federal) ဆိုတာ အမျိုးမျိုးရှိပါတယ်။ (Federal) ဆိုတော့ (Central Government) နဲ့ (Local Government) တို့ကြားထဲမှာ ဘယ်လို အာဏာခွဲရလဲ။ ဒါဟာ (Federal) ရဲ့ အဓိကပြဿနာပဲ၊ ဒါကို ဆုံးဖြတ်ရမှာပဲ” ယခု ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲက ….. ပြည်ထောင်စုသစ် တည်ဆောက်ရေး မူပိုင်းဆိုင်ရာ မျှော်မှန်းချက်များကို ဆွေးနွေးကြခြင်းမဟုတ်….။ လျှောက်လှမ်းမည့် လမ်းအတွက် လမ်းညွှန်မြေပုံကို ဆွေးနွေးခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ ၉၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ဆွေးနွေးပွဲ…။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအရ၊ ပြည်သူလူထု ၉၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသူတို့၏ ဆွေးနွေးပွဲ….။
ဆွေးနွေးပွဲပြီးသည်နှင့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်၏။

“ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက် …. အမှတ် (၁)” ဟူ၍ ဖြစ်သည်။ ကြေညာချက်၏ အဓိက အနှစ်သာရက ….

“ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအခန်း (၂)၊ ပုဒ်မ (၃) အရ ပြည်သူ့လွှတ်တော်ကို ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလအတွင်း ခေါ်ယူဖွဲ့စည်းရေးအတွက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ တောင်းဆိုကြောင်းနှင့် ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာပြီးလျှင် ပြည်သူ့လွှတ်တော်က တင်မြှောက်သော အစိုးရဖွဲ့စည်းပြီး အလျင်အမြန်ဆုံးသော ကာလအတွင်း ပြည်သူ့လွှတ်တော်၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား လူမျိုးများနှင့် ပါဝင်သင့်၊ ပါဝင်ထိုက်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များပါဝင်သည့် အမျိုးသား ညှိနှိုင်းမှု ညီလာခံကြီးတရပ် ကျင်းပ၍ ပြည်ထောင်စု ထူထောင်ရေးအတွက် လမ်းညွှန်မှုများ ချမှတ်မည်။

ယင်းလမ်းညွှန်မှုများနှင့်အညီ ပြည်သူ့လွှတ်တော်က ရေရှည်တည်တံ့ခိုင်မြဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲပြဋ္ဌာန်းအတည်ပြုရမည်ဟု ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က တညီတညွှတ်တည်း သဘောတူကြသည်” ဟူ၍ ဖြစ်သည်။ ပြီးလျှင် …..

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အာဏာပိုင် ကိုယ်စားလှယ်အဖွဲ့နှင့် (နဝတ) အာဏာပိုင် ကိုယ်စားလှယ်အဖွဲ့တို့ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းရေးအတွက် တိုက်တွန်း၏”

စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းရေး တောင်းဆိုမှုတိုက်ပွဲက ပိုမို၍ကျယ်ပြန့်ပြီး အင်နှင့်အားနှင့်…..။

(၁၂၅)
၁၉၉ဝ ခုနှစ် စက်တင်ဘာလအတွင်း စစ်အုပ်စုမှ လွှတ်တော် ခေါ်ယူဖွဲ့စည်းပေးခြင်း မရှိလျှင် …. အဖွဲ့ချုပ်အနေနှင့် မည်သို့ လုပ်ဆောင်မည်နည်း….။ အဖွဲ့ချုပ်ခေါင်းဆောင်မှုအတွင်း အုပ်စု ၃ စုဖွဲ့၍ နည်းလမ်း ၃ သွယ်ကို စဉ်းစားကြ၏။ အပျော့…အမာ၊ အထူ….အပါး၊ အရင့်….အဖျော့၊ အလိုက် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် နည်းလမ်း ၃ သွယ်….။

အဖွဲ့ချုပ် လျှောက်လှမ်းမည့် ရွေးလမ်း ၃ ခု…။ မည်သည့်ရွေးလမ်းကို ရွေးချယ်၍ လျှောက်လှမ်းမည်ကိုမူ …. မသတ်မှတ်ကြရသေး….။ မဆုံးဖြတ်ကြရသေး….။ စစ်ဗိုလ်ချုပ်ကြီးများကမူ …. အဖွဲ့ချုပ်ကို ၁/၉ဝ မှလွဲ၍ မည်သည့် ရွေးချယ်ခွင့်ကိုမျှ ခွင့်မပြု….။ အဖမ်းအဆီးများ စတော့၏။ ၁၉၉ဝ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အဖွဲ့ချုပ် ယာယီဥက္ကဋ္ဌ ဦးကြည်မောင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးချစ်ခိုင်တို့ကို ဖမ်း၏။ အဖွဲ့ချုပ်၏ အလံကိုင်သူများကို ပစ်ချခြင်း….။ ပြီးလျှင် …. အဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုဦးစီးအဖွဲ့ဝင်များကို ဆက်၍ ဆက်၍ … ဖမ်းဆီး၏။

စက်တင်ဘာလ ဒုတိယပတ်အတွင်း၌ အဖွဲ့ချုပ်မှတ်တမ်းလွှာ ၁၃/၉ဝ နှင့် ပတ်သက်၍ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဦးစိန်လှဦးတို့ကို အာဏာပိုင်တို့က ထိန်းသိမ်းထားလိုက်၏။ ဗဟိုအလုပ်မှုဆောင်အဖွဲ့အတွင်း …. မျိုးချစ်ရဲဘော်ဟောင်းများမှ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးရွှေတို့ ၃ ဦး ကျန်ရှိပြီး၊ တတ်သိပညာရှင်များမှ …. ဒေါ်မြင့်မြင့်ခင်၊ ဦးကျော်မင်း (ဗိသုကာ ကျော်မင်း)၊ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးစိုးသိမ်း (မောင်ဝံသ) တို့ ၄ ဦး ရှိကြ၏။

၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့အစည်းအဝေး ကျင်းပ၏။ အစည်းဝေးအတွင်း အယူအဆရေးရာ ငြင်းခုန်မှုများက ပြင်းပြင်းထန်ထန်….။ ဗဟိုအလုပ်မှုဆောင် အဖွဲ့အတွင်းမှာပင်….. အယူအဆရေးရာက တသဘောတည်းမကျ….။ ဒေါ်မြင့်မြင့်ခင်၊ ဦးကျော်မင်း (ဗိသုကာကျော်မင်း) တို့က … ဂန္ဒီလမ်းကြောင်းအတိုင်း ဆက်၍ ချီတက်ရန်ဖြစ်ပြီး၊ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးစိုးသိမ်း (မောင်ဝံသ) တို့က ဂန္ဒီလမ်းကြောင်းကို သွေဖယ်၍ စဉ်းစားလာကြ၏။ စစ်အုပ်စု၏ ၁/၉ဝ စီးကြောင်းအတွင်းသို့ မျှော၍ ဝင်လိုနေကြသည်။

နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအစည်းအဝေးက အများသဘောတူညီမှုဖြင့် ဆုံးဖြတ်ချက်များ ချ၏။ ကြေညာချက် ထုတ်ပြန်၏။ အဖွဲ့ချုပ်၏ ကြေညာချက် အမှတ် ၅/၉ဝ ….။

၅/၉ဝ တွင်က …. စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းပေးရေး မတောင်းဆို….။ ဂန္ဒီတွင် ချမှတ်ခဲ့သည့် …. အဖွဲ့ချုပ်မှ ရေးဆွဲထားပြီးဖြစ်သည့် ၁၉၉ဝ ခုနှစ် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ဖြင့် ဥပဒေနှင့်အညီ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်ကို ကြောခိုင်းလိုက်၏။ ပြီးလျှင် ….
“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ရေးဆွဲရမည်ဖြစ်သည်” ဟူ၍ အနှစ်ချုပ်သည်။

ထိုအတွင်း …. ဦးချမ်းအေး (မောင်စူးစမ်း) ၏ “အားလုံးပြီးစီးနေသော အခြေအနေများမှ ရလဒ်ကောင်းများ ထွက်ပါစေ” စာတမ်းတစောင် ထွက်လာ၏။

ထိုနေ့က …. ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း မတရား ထိန်းသိမ်းခံနေခဲ့ရသည့် ရက်ပေါင်း ၄၂၄ ရက်မြောက်သည့်နေ့ ……။

ကိုးကား ……

- ရွှေခမောက်မှတ်တမ်းလွှာ
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်းအမှတ် စာစောင်
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း
- ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း ၁ဝ နှစ်မြောက် အထိမ်းအမှတ် စာစောင်
- နဝတ၏ ကြေညာချက်အမှတ် ၁/၉ဝ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဂန္ဒီခမ်းမ ကြေညာစာတမ်း
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသား လူမျိုးများအရေးနှင့် စပ်လျဉ်း၍ ထားရှိသော သဘောထားများ
- ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာစာတမ်း အမှတ် ၁

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၄
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၃

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၂

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၁

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃ဝ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၉

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၈

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၇

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ- အပိုင်း - ၂၆

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၅

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၄

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၃

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၂)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၁)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၀)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၉)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၈)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၇)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၆)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၅)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၄)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၃)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၂)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၁)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၀)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း - ၉)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၈)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ …" အပိုင်း (၇)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၆)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၅)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၄)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၃)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၂)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း(၁)