သောကြာ, ၀၃ စက်တင်ဘာ ၂၀၁၀

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၃

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၃

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


“နိုင်ငံတော် အာဏာနဲ့ပတ်သက်လို့လည်း တို့ အကြိမ်ကြိမ် ပြောပြီးပြီပဲဖြစ်တယ်။ ရွေးကောက်ပွဲပြီးတာနဲ့ ဥပဒေနဲ့အညီ အစိုးရဖွဲ့ကြ၊ ယူကြပေါ့။ အဲ့ဒီအစိုးရ ဖြစ်လာအောင် ရွေးကောက်ပွဲက လုပ်ပေးရမှာပဲ။ ဒါက တို့တာဝန်ပဲ။ ရွေးကောက်ပွဲပြီးရင် တရားဥပဒေအရ အစိုးရတခု ဖြစ်လာဖို့ကတော့ တို့တပ်မတော်တာဝန် မဟုတ်ဘူး။ ဒါ အတိအလင်း ပွင့်ပွင့်လင်းလင်း အခုကတည်းက ပြောထားတာဖြစ်တယ်”

“အခုတမျိုး၊ အခုတမျိုးဆိုရင် ကတိမတည်၊ ကတိမတည်လို့ရှိရင်၊ သံသယစိတ်တွေဖြစ်တယ် ဆိုတာမျိုးတော့ တပ်မတော်အနေနဲ့ အဖြစ်မခံနိုင်ဘူး”

ဗိုလ်ချုပ်ကြီးစောမောင်
(ဥက္ကဋ္ဌ)
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့
၁၉၉ဝ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်။

(၁၁၆)
ရွေးကောက်ပွဲပြီးသည့်နောက် ….. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်သို့ ကြေညာချက်တစောင် ထုတ်ပြန်၏။

“….. အလုံးစုံသော နိုင်ငံရေးလုပ်ပိုင်ခွင့်များကို ပြည်သူလူထုက ယုံကြည်စွာ အပ်နှံခြင်းကိုခံရသော အဖွဲ့ချုပ်က ပြည်သူလူထု၏ ဆန္ဒကို အစဉ်နာခံ၍ ပြည်သူပြည်သားတို့ ပေးအပ်သည့် တာဝန်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း…..” အဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထား၏။

ရွှေဂုံတိုင်လမ်း …. အဖွဲ့ချုပ်ရုံးက ….. သံတမန်များနှင့် စည်းကား၍နေသည်။ ရန်ကုန်မြို့ရှိ သံရုံးများက အဖွဲ့ချုပ်၏ အောင်မြင်မှုအပေါ် ဝမ်းသာဂုဏ်ပြုကြောင်း သဝဏ်လွှာများ ပေးပို့ကြ၏။ သံအမတ်ကြီးများက အဖွဲ့ချုပ်ရုံးသို့လာပြီး အဖွဲ့ချုပ်၏ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံကာ ဂုဏ်ပြုကြ၏။ ဝမ်းမြောက်ကြောင်း စကားဆိုကြ၏။ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးက အဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌ ဦးကြည်မောင်၊ ဦးအောင်ရွှေတို့နှင့် တနာရီကျော်မျှ လာရောက်တွေ့ဆုံပြီး ဆွေးနွေး၏။

၁၉၉၀ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ ရက်စွဲနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်ထံသို့ အကြောင်းကြားစာတစောင် ရေးသားပေးပို့ခဲ့၏။ စာတွင် ….. “အမျိုးသားအကျိုးစီးပွားအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် နိုင်ငံရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ကိစ္စရပ်များအား ဆွေးနွေးရန်၊ တွေ့ဆုံကြဖို့” တောင်းဆိုထား၏။

အဖွဲ့ချုပ်မှ တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် ….. ဦးစွာကမ်းလှမ်းချက်ဟု ဆိုရမည်။ နဝတ က မည်သို့မျှ မတုံ့ပြန် ….။ အဖွဲ့ချုပ်၏ တွေ့ဆုံဆွေးနွေးကြရန် အဆိုပြုချက်အား ဆိတ်ဆိတ်နေခြင်းနှင့် ငြင်းပယ်နေ၏။

၁၉၉၀ ခုနှစ် ဇွန်လ ၂၈-၂၉ ရက်များ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ကျင်းပ၏။ အစည်းအဝေးအမှတ် ၂/၉၀ ဖြစ်၏။

၂/၉၀ မှ ဆုံးဖြတ်ချက် ၃ ရပ်အား အတည်ပြုချမှတ်ခဲ့ကြ၏။
(၁) ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး
(၂) ပြည်သူလူထုဆန္ဒနှင့်အညီ အေးချမ်းချောမွေ့စွာ အာဏာလွဲပြောင်းရေး
(၃) အဝေးရောက် ကျောင်းသားလူငယ်များ မိဘရင်ခွင် ပြန်လည်ရောက်ရှိပြီး တက္ကသိုလ်ကောလိပ်များ ပြန်လည်ဖွင့်လှစ်ရေး ဟူ၍ ဖြစ်၏။ ပြီးလျှင် …. လုပ်ငန်းစဉ် ၃ ရပ်အား တပြိုင်တည်း၊ တပေါင်းတည်း ကြိုးပမ်းရန် လက်ငင်းအရေးအကြီးဆုံးသော တာဝန်တရပ်အဖြစ် ကြိုးပမ်းလုပ်ဆောင်သွားရန် ဆုံးဖြတ်ကြ၏။

၁၉၉၀ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌထံသို့ ထပ်မံ၍ တွေ့ဆုံဆွေးနွေးရေးအတွက် အကြံပြုချက်စာအား ရေးသားပေးပို့ပြန်သည်။

“….. ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃ နှင့်အညီ လွှတ်တော်ဖွဲ့စည်းမှုဆိုင်ရာ အစီအစဉ်နှင့် ပတ်သက်၍ ….. ဆွေးနွေးညှိနှိုင်းရန်အတွက်” …. တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထား၏။

နဝတ က …. အဖွဲ့ချုပ်၏ တွေ့ဆုံဆွေးနွေးရန် ဒုတိယအကြိမ်မြောက် ကမ်းလှမ်းချက်အား မသိကျိုးကျွံပြုနေပြန်သည်။ စစ်အုပ်စုက …. ကနဦးကတည်းကပင် …. ဆွေးနွေးညှိနှိုင်းရေးလမ်းစဉ်ဟူ၍ မရှိလေရော့သလား ….. မသိ။ မည်သို့မျှ မတုံ့ပြန် …..။

(၁၁၇)
၁၉၉၀ ခုနှစ် ဇူလိုင်လ ၂၈-၂၉ ရက်များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၊ အမျိုးသား ဒီမိုကရေစီပါတီတို့မှ ရွေးကောက်တင်မြောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြရန် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဆုံးဖြတ်ထား၏။

၁၉၉၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ ရက်စွဲနှင့် ပြည်နယ်/တိုင်း အသီးသီးရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ စည်းဝေးပွဲဖိတ်စာအား ပို့၏။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်များ (ပထစ) အကြိမ် ပဏာမညှိနှိုင်းအစည်းအဝေး” ဟူ၍ ခေါင်းစဉ်တပ်ပြီး အစည်းအဝေး ဖိတ်စာအား ဖိတ်၏။

နေရာက …. ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်း၊ မဟတ္တမဂန္ဒီခန်းမ ….။
နေ့ရက်က …. ၁၉၉၀ ခုနှစ်၊ ဇူလိုင်လ ၂၈-၂၉ ရက် …..။

“အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ (ပထမ) အကြိမ် ပဏာမညှိနှိုင်းမှု အစည်းအဝေး” က ….. ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ကျင်းပခဲ့သည့် “(ဖဆပလ) ပဏာမ ပြင်ဆင်မှုညီလာခံ …..” ကဲ့သို့ …..။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၈ဝ ရာခိုင်နှုန်းကျော် တတ်ရောက်သည့်အတွက် ….. ပြည်သူ့လွှတ်တော် အစည်းအဝေးကြီး တရပ်ပမာအလား …..။

အစည်းအဝေး ကျင်းပမည့်ရက်များက ….. ဇူလိုင်လ ၂၈-၂၉ ရက်များ ဖြစ်သော်လည်း ပြည်နယ်အလိုက်၊ တိုင်းများအလိုက် အကြိုညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ရန်ရှိသည့်အတွက် …. ရန်ကုန်သို့ ဇူလိုင်လ ၂၇ ရက်နေ့တွင်၊ ရောက်ရှိနေရန်လည်း အစည်းအဝေးဖိတ်စာတွင် မှတ်ချက်အနေနှင့် ထည့်ထား၏။

ဇူလိုင်၏ မိုးရေစက်များနှင့်အတူ …. အနယ်နယ် … အရပ်ရပ်မှ … လွှတ်တော်ကိုယ်စားလှယ်များ …. ဖွဲဖွဲသည်းသည်းနှင့် မြို့တော်၏ ရင်ခွင်သို့ တိုးဝင်လာခဲ့ကြ၏။

(၁၁၈)
မဟတ္တမဂန္ဒီခန်းမ၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့ ….။

ရန်ကုန်၏ ကောင်းကင်သည် ကြည်လင်ပြီး ဝင်းပ၍လည်းမနေ။ မိုးတိမ်စိုင်ခဲများနှင့် အုံ့မှိုင်းပြီး ဆိုင်းဆိုင်းညို၍မနေ ….။ ရန်ကုန်မြစ်ပြင်အား ဖြတ်သန်းတိုက်ခတ်လာသောလေတွင် ရေးခိုးရေငွေ့တို့၏ အငွေ့အသက်ကိုမရ …..။ မြစ်ပြင်မှ လေရည်သွေးက သော့၍၊ ရမ်း၍ ….. မြို့တော်၏ လမ်းများဆီသို့ တိုးဝင်၏။

ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်း ဂန္ဒီခန်းမရှိရာဘက် …. ပလက်ဖောင်းထက်တွင်က …… အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များက လူချင်းထပ် ….။ လက်ချင်းဆက်၍ လုံခြုံရေးတာဝန်အား ထမ်းဆောင်နေကြ၏။ လမ်း၏ တဖက် …. ပလက်ဖောင်းထက်တွင်က ….. လူထု ….။ လမ်းမ၏ အလယ်စည်းပေါ်တွင်က ….. မောင်းပြန်ရိုင်ဖယ် သေနတ်များ၊ ဒိုင်းများ၊ ဒုတ်များနှင့် သံဆူးကြိုးအကာအကွယ်များချရန် စောင့်နေကြသည့် နဝတ ၏ လုံခြုံရေးတပ်သားများ …..။

ဤလုံခြုံရေးတပ်သားများက မျက်ကွယ်မဲ့ …. ကျည်ကွယ်မဲ့တွင် ချထားသည့် ဟန်ပြလုံခြုံရေး စစ်သည်တို့ဖြစ်၏။ ကုန်သည်လမ်း၏တဖက် ကမ်းနားလမ်းဘက်ခြမ်းရှိ အဆောက်အဦးတခု၏ အမိုးပေါ်တွင်က …. မောင်းပြန်ရိုင်ဖယ်များနှင့် လုံခြုံရေးစစ်သည်တို့အား လိုအပ်ပါက ချေမှုန်းပစ်ရန် ချေမှုန်းရေးတပ်သားတို့အား ကင်းပုန်းဝပ်၍ ချထား၏။

လူထုက …. လမ်း၏တဖက် ပလက်ဖောင်းထက်မှ လမ်းမပေါ်သို့ပြို၍ … ပြို၍ ဆင်းလာ၏။ လမ်းအလယ်စည်းရှိ လုံခြုံရေးတပ်သားတို့နှင့် လူထုသည် လက်တကမ်းပင် မကွာတော့ ….။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်း ….. ငြိမ်ငြိမ်သက်သက်ပင် ……။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တဦးပြီးတစ်ဦး ရောက်လာကြ၏။ လူထုကြားမှ ဖြတ်ကာ …. ဂန္ဒီခန်းမဆီသို့ သွားကြ၏။

လူထုကြီးက …. ဖြစ်လျှောက်သွားနေကြသည့် လွှတ်တော်ကိုယ်စားလှယ်များအား …. နှုတ်ခွန်းဆက်၏။ ကြိုဆို၏။ လူထုကြီးက …. အားမာန်အပြည့်နှင့် ထောက်ခံ၏။ ဇွဲသတ္တိအပြည့်နှင့် ဝန်းရံ၏။ စိတ်ဓာတ်ကြံ့ခိုင်စွာနှင့် ပံ့ပိုး၏။

ကောင်းကင်သည် …. ငွေအိုရောင်အဆင်းတလှည့် …. ကြည်ပြာရောင်အဆင်းတလှည့် ...၊ ပြောင်းနေ၏။

အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး။ အာရှ၏ သားကောင်းရတနာ …။ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ၏ ကြီးမားသော အဆင်းနှင့် သင်္ကေတ ….။ မဟတ္တဂန္ဒီ ….။ ဤအမည်ကပင် နိုင်ငံရေးအနှစ်သာရများ လွှမ်းခြုံ၍ ထုံမွှန်း၍ နေပြီ။

မဟတ္တဂန္ဒီခန်းမ ….။

စင်မြင့်၏ နောက်ခံအရောင်များ အားလုံးက အနီ ….။ ရဲ၍ …. ရဲလျက် ….။ အလယ်တွင် အဖွဲ့ချုပ်၏ အလံတော်အား ချိပ်ထား၏။ အနီရောင်အောက်ခံ၊ ကြယ်ဖြူကြီးနှင့် ရွှေဝါရောင်ခွပ်ဒေါင်း …..။ အလံတော်၏ အထက်တွင်မူ ….. ဖခင်ဗိုလ်ချုပ်၏ ဓာတ်ပုံ …..။ ဂျပန်ခေတ် စစ်အဝတ်အစားနှင့် ဗိုလ်ချုပ်သည် ခန်းမ၏ စင်မြင့်နံရံထက်မှ ခန်းမတခုလုံးအား ဆီး၍မိုးထား၏။

စင်မြင့်၏ ဘေး၊ ဝဲ၊ ယာတွင်မူ ပြည်ထောင်စုအလံနှင့် အဖွဲ့ချုပ်အလံတို့အား တိုင်ထူ၍ လွှင့်ထား၏။ အလံနှစ်ခု၏ တဖက်စီတွင်က …. ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ပန်းချီကားချပ်ကြီးများအား ချိပ်ထား၏။ စကားပြောစင်မြင့်၊ သဘာပတိ၏ နေရာ၊ အခမ်းအနားမှူးတို့၏ နေရာနှင့် ခန်းမ၏ စင်မြင့်သည် အနည်းငယ် ကျပ်သိပ်နေသည်ဟု ထင်ရ၏။ အသံချဲ့စက်ကြီးများက ပြူတင်းတံခါးမှတဆင့် လမ်းမထက်ပရိသတ်ဆီသို့ လှည့်ထားပေးရ၏။

၁၉၉၀ ခုနှစ် …. ဇူလိုင်လ ၂၈ ရက် ….။
ပထမနေ့ အစည်းဝေး၏ သဘာပတိက …. ဦးကြည်မောင် (ယခုကွယ်လွန်) ဖြစ်၏။ ဝ
အခမ်းအနားမှူးကမူ …. ဦးစိန်လှဦး (ယခု၊ အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရဆဲ)
၀၉း၀၀ နာရီ ….။

ဦးစိန်လှဦးက …. “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ (ပထမ) အကြိမ် ပဏာမညှိနှိုင်းအစည်းဝေး” …. စတင်သည့်အကြောင်း ကြေညာ၏။

ဦးကြည်မောင်က …. သဘာပတိမိန့်ခွန်းအား ချွေ၏။

“….. အော် … သူတို့ပါ၊ ဒီအစည်းဝေးကြီးမှာ ရှိနေရင်၊ ဘယ်လောက်ကောင်းလိုက်မလဲ …..”
သဘာပတိ၏ အသံသည် တိမ်၍ …. တိုးသွား၏။ အားလုံးက ငြိမ်သက်၍ နေသည်။ အပြင်တွင်မူ …. ကြည်ပြာရောင်အဆင်းနှင့် ကောင်းကင်သည် မှိုင်းညို့၍ …..။ ငြိမ်သက်နေသော ပရိသတ်သည် … ခဏငယ်မျှပင် …..။ ပြီးလျှင် …. ကျယ်လောင်သော သြဘာသံတို့က မြည်ဟီး၍လာ၏ …။ လက်ခုပ်သံတို့က မစဲတော့ …..။

ဦးကြည်မောင်က ပဘာပတိမိန့်ခွန်းအား ဆက်၍ပြော၏။ ကြည်၍ …. ရွှင်နူးသော ဦးကြည်မောင်၏ အသံသည် ရွန်းရွန်းလက်လက် ….။

“ကျနော်တို့အားလုံး မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းမှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတခုကို စတင် ဆောင်ရွက်နေကြပါတယ်။ လွန်ခဲ့တဲ့လ ၂၀ လောက်က နဝတ အစိုးရက တာဝန်ယူဆောင်ရွက်ခဲ့တဲ့ တာဝန်တရပ်ကို ဝိုင်းဝန်းကူညီပြီး အပြီးသတ်နေတာလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ ကျနော် ရွေးကောက်ပွဲ ကျင်းပပေးပါမယ်၊ မယုံမရှိကြပါနဲ့။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြပါ။ အင်အား အများစုအနိုင်ရတဲ့ အဖွဲ့ကို အာဏာလွှဲပေးမှာပါ။ ပြီးရင် ကိုယ်တို့ တာဝန်ပြီးလို့ တပ်စခန်း ပြန်ရုံပေါ့ဆိုတဲ့ တာဝန်ကို ကျနော်တို့ ဝိုင်းဝန်းကူညီ အပြီးသတ်ပေးတာပါ။ ဒါ အဓိက အနှစ်သာရပါ”

လက်ခုပ်သြဘာသံများကြောင့် သဘာပတိသည် စကားအားရပ်၍ သြဘာသံအစဲအား စောင့်၏။ သြဘာသံများက …. ပထမ …. ခန်းမအတွင်းမှ ဆူဆူညံညံ …. ပြီးလျှင် …. လမ်းမထက်လူထုကြီးထံမှ သြဘာသံက မြည်မြည်ဟီးဟီး ….။ ခဏငယ်ပေါင်းများစွာကြာမှ …. သဘာပတိသည် သူ၏ မိန့်ခွန်းအား ဆက်ရပြန်သည်။

“ကျနော်တို့နဲ့ နဝတ အကြား ဘာပြသနာ ရှိသလဲ။ ကျနော် ရှာကြည့်တယ်။ ဘာ ပြဿနာမှ မရှိပါဘူး။ နဝတ က ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေးတာဟာ ဒီမိုကရေစီ တည်ဆောက်ချင်လို့ပါပဲ။ ကျနော်တို့ကလည်း ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မယ်လို့ မူဝါဒ ချထားတယ်။ အတူတူပါပဲ” နဝတ က တို့တာဝန် အရေးသုံးပါးလို့ ဆိုတယ်။

ကျနော်တို့လည်း" ပြည်ထောင်စုကြီး မပြိုကွဲရေးပါပဲ။ တိုင်းရင်းသား အားလုံး သွေးစည်းညီညွတ်ရေးပါပဲ။ ပြည်သူ့ အချုပ်အခြာအာဏာ တည်မြဲရေးပါပဲ …..” သြဘာသံများ စဲသည်အထိ စောင့်ရပြန်သည်။ ပြီးလျှင် …..

“ကျနော်တို့က ဒီမိုကရေစီ ထူထောင်ရေးမှာ မပါမဖြစ်တဲ့ ပြည်သူတို့ရဲ့ လွတ်လပ်ခွင့်ကိုပါ ထည့်ထားပါသေးတယ် …။ ပြည်သူတွေရဲ့ အချုပ်အခြာအာဏာကို တည်မြဲအောင်က ပြည်သူတွေလက်ထဲကို ဒီအာဏာ ပြန်ပေးပြီး၊ ပြည်သူက ရွေးချယ်တဲ့သူတွေကို အလှည့်ကျ အာဏာအပ်တဲ့နည်းပါ။ ဒါ ဒီမိုကရေစီ ရွေးကောက်ပွဲနည်းပါ။ ဒီ ရွေးကောက်ပွဲမှာ ပြည်သူက အာဏာအပ်ချင်သူကို တခဲတနက် ရွေးချယ်ခဲ့ပြီးပါပြီ။ ဒါ ဆက်လုပ်ဖို့မှာ ပြည်သူလူထုရဲ့ အထင်က တိုးတက်မှု နှေးကွေးနေတယ်။ အင်မတန်မှ နှေးကွေးလွန်းတဲ့အပြင် ပြသနေတဲ့ အရိပ်အယောင်တွေကြောင့် ပြည်သူလူထုက အလွန် စိတ်ပူလာပါတယ်။ ကျနော်တို့ကိုလည်း အားမလို အားမရ ဖြစ်နေကြပါတယ်” ။


ကိုးကား …..

- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခမောက် ဂျာနယ်များ
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်းအမှတ် စာစောင်
- ၄၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားတွင် ပြောကြားသည့် ဗိုလ်ချုပ်ကြီးစောမောင်၏ မိန့်ခွန်း
- ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်ကြီးစောမောင်၏ သတင်းစာရှင်းလင်းပွဲ
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း
- ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း ၁ဝ နှစ်မြောက် အထိမ်းအမှတ် စာစောင်
- နဝတ ၏ ကြေညာချက်အမှတ် ၁/၉ဝ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဂန္ဒီခမ်းမ ကြေညာစာတမ်း


ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၂

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၁

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃ဝ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၉

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၈

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၇

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ- အပိုင်း - ၂၆

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၅

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၄

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၃

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၂)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၁)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၀)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၉)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၈)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၇)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၆)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၅)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၄)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၃)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၂)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၁)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၀)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း - ၉)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၈)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ …" အပိုင်း (၇)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၆)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၅)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၄)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၃)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၂)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း(၁)