စနေ, ၁၃ မတ် ၂၀၁၀

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၉

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၉

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(၁၀၁)
ညီနောင် မဟာမိတ် နိုင်ငံရေး ပါတီများနှင့် ဆွေးနွေး ညှိနှိုင်းရန် သဘောတူညီမှု ရရှိပြီးနောက် ….. အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးအား ထိုင်၏။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ‘အာဇာနည်နေ့ ကျင်းပရေး ကော်မတီ’ အား ဖွဲ့စည်းပြီး တာဝန် ပေးအပ်၏။

ပြီးလျှင် …. အာဇာနည်နေ့ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးအား ဆက်၍ပြုလုပ်ကြ၏။ အစည်းအဝေးတွင် အာဇာနည်နေ့ အခမ်းအနား ချီတက်မည့် အစီအစဉ်အား အသေးစိတ် ဆွေးနွေးကြ၏။ အထူးသဖြင့် အဓိကထား ဆွေးနွေး ကြရသည်က …. ပြည်သူလူထုကြီးနှင့် စစ်သားများ အကြားတွင် ထိပ်တိုက် ရင်ဆိုင်မှုများ မဖြစ်ရေးအတွက် ရှောင်ရှားရန် နည်းလမ်းများ ရှာကြံ ကြရခြင်း ဖြစ်သည်။

အာဏာပိုင်များမှ အကြမ်းဖက် တိုက်ခိုက် လာလျှင် …. မည်သို့ တုံ့ပြန် မည်နည်း။ အကြမ်းမဖက်သော အာဏာဖီဆန် ရေး တိုက်ပွဲအတွက် အစီအမံများအား ဆွေးနွေး ကြ၏။ ဆွေးနွေးမှုများက မပြီးပြတ် နိုင်ကြ။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ မေးမြန်းရန် ချိန်းဆိုထားသည့် အစီအစဉ်ရှိ၍သာ … အစည်းအဝေးအား ရပ်နား လိုက်ကြရ၏။

ဘီဘီစီက ဒေါ်အောင်ဆန်းစုကြည်အား …. အဖွဲ့ချုပ်နှင့် နဝတ အကြား တင်းမာနေမှု အခြေအနေနှင့် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်အား မေးသည်။

ဒေါ်အောင်ဆန်းစုကြည်က …..

“ကျမတို့ဟာ မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်နေကြတာပါ။ အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ တွေကို ဖီဆန် နေတာပါ။ အဲဒီလို အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ တွေကို ဖီဆန်တာဟာ ဗိုလ်ချုပ် အောင်ဆန်း လမ်းစဉ် ဖြစ်ပါတယ်။ ကျမတို့ ဒီလိုမတရားတဲ့ အမိန့်အာဏာ တွေကို ဖီဆန်နေရာမှာ အကြမ်းဖက် ပြီးတော့ နှိမ်နင်းမယ်၊ ကျမတို့ကို တိုက်မယ်၊ ဖိနှိပ်မယ် ဆိုလို့ရှိရင်တော့ ဒါ ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်ကို ဖိနှိပ် တိုက်ခိုက်တာပဲလို့ ကျမတို့ မြင်ပါတယ်။ ဒီလိုအကြမ်းဖက် ပြီးတော့ နှိမ်နင်းတဲ့ လူများကသာလျှင် ဆူပူလှုံ့ဆော်မှု လုပ်တာကို သတ်မှတ်ရပါမယ်။ ကျမတို့ကို နှိမ်နင်းမယ် ဆိုလို့ရှိရင်တော့ ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ်ကို ပစ်ပယ် တာနဲ့ အတူတူပဲလို့ ကျမ ယူဆထင်မြင် ပါတယ်”

(၁၀၂)

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက် ….။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့မှ ‘စစ်ဥပဒေ အမှတ် ၂/၈၉ အား ထုတ်ပြန် လိုက်၏။ စစ်အုပ်စုက ထိပ်တိုက် ရင်ဆိုင်ပြီး အကြမ်းဖက် တိုက်ခိုက်မည်ဟူသည့် သဘောထားအား ပြခြင်းဖြစ်၏။ ရန်ကုန်မြို့၏ လမ်းများ အနှံ့ စစ် ထရပ်ကားကြီးများပေါ်မှ အသံချဲ့စက်များဖြင့် ၂/၈၉ အား ကြေညာ၏။

၂/၈၉ က …. အာဇာနည်နေ့ တွင် အာဇာနည်ကုန်း သို့ ချီတက် အလေးပြုရန်၊ စည်းရုံး ခေါ်ယူသောကြောင့် ဖြစ်စေ၊ မိမိ၏ ဆန္ဒနှင့်ဖြစ်စေ ချီတက်ခြင်း မပြုရန် တားမြစ်သည်။ ဤတားမြစ်ချက်အား ဖောက်ဖျက် ကျူးလွန်ပါက …. ပြစ်မှု ထင်ရှားသူများအား …..

အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် …. ထောင်ဒဏ် တသက်တကျွန်း ….။
သို့မဟုတ် သေဒဏ်။ စသည့် ပြစ်ဒဏ်တခုခု ကျခံစေရမည်။

အရေးယူရန် စစ်ခုံရုံးများကိုလည်း ဖွဲ့စည်း၏။ အကြမ်းဖက် တိုက်ခိုက် ချေမှုန်းရန် ရန်ကုန်မြို့အား စစ်ဒေသများခွဲ၍ တာဝန်ပေး၏။ ယခင် သီတင်းပတ်များ အတွင်းက ရန်ကုန်မြို့ရှိ လူမြင်ကွင်းများတွင်ပင် လူထုအား ခြိမ်းခြောက်သည့် သဘောနှင့် ‘အဓိကရုန်း’ နှိမ်နှင်းရေး သင်တန်း ပေးခဲ့သည့် သင်တန်းသား စစ်သည်တို့အား ရန်ကုန်မြို့၏ အချက် အခြာ ကျသည့် လမ်းများ၌ နေရာချထား လိုက်ကြ၏။ စစ်သားများ အပြည့် တင်ဆောင် ထားသည့် စစ်ကားကြီးများ ကလည်း ရန်ကုန်မြို့၏ လမ်းများပေါ်၌ လှည့်၍နေကြသည်။ ရန်ကုန်၏ အချက်အခြာ ကျသည့် နေရာအားလုံးတွင် လမ်းများအား ပိတ်လိုက်ပြီး စစ်သားများအား နေရာချ ထားလိုက်၏။ ဘန်ကာကတုတ်ကျင်းများအတွင်း၌ လက်နက် အသင့်နှင့် နေရာယူထားကြသည့် စစ်သည်တို့က မည်သည့်အရပ်မှ ချီတက် လာမည်ဟူ၍ မသိသည့် ရန်သူအား ရှာဖွေ စောင့်စားရင်း ကတုတ်ကျင်းများ အတွင်းမှ ပစ်ခတ်ရန် အသင့် အနေအထားနှင့် ….။

ရန်ကုန်မြို့ရှိ ဆေးရုံများ အားလုံးသို့လည်း ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှု များရှိမည် အသင့် ပြင်ဆင်ထားရန် အရေး ပေါ် ညွှန်ကြား ထား၏။ ပြီးလျှင် ….. နိုင်ငံခြားသို့ ဆက်သွယ်သည့် တယ်လီဖုန်းလိုင်းနှင့် ကြေးနန်း ဆက်သွယ်ရေး စနစ် အားလုံး အား၊ အာဏာပိုင်တို့က ဖြတ်တောက် ပစ်လိုက်ပြီး …. ရန်ကုန်အား ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ပစ် လိုက်၏။

ရန်ကုန်မြို့အတွင်း ရောက်ရှိ နေကြသည့် နိုင်ငံခြား သတင်းထောက်များ ကိုလည်း တည်းခိုရာ ဟိုတယ်အခန်းများ အတွင်းမှ အတင်းဆွဲခေါ်ပြီး ရန်ကုန်မြို့မှ ပထမဆုံး ထွက်မည့် လေယာဉ်ပေါ် တင်ပေး၍ ရန်ကုန်မှ မောင်းထုတ်လိုက် ကြ၏။ ပြီးလျှင် …. ရန်ကုန်မြို့တွင်းသို့ အသစ်ဖွဲ့စည်းလိုက်သည့် တပ်မ ၁၁ တပ်မတခုလုံးအား လက်နက်ကြီးငယ် အပြည့်အစုံနှင့် ရန်ကုန်မြို့တွင်းသို့ ထပ်မံ၍ အင်အားဖြည့်တင်းလိုက်ပြန်သည်။ စစ်အုပ်စုက ရန်ကုန်အား ပြင်ပကမ္ဘာ နှင့် ဖြတ်တောက် ပိတ်ဆို့၍ … ဇူလိုင် ၁၉ တွင် လက်နက်မဲ့ ပြည်သူလူထုကြီးအား အပြတ်အသတ် ချေမှုန်း ရှင်းလင်း ရန် ပြင်ဆင်လျက် …..။

(၁၀၃)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ‘အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟို ကော်မတီ’ မှ အစီအစဉ် အသေးစိတ် အား ရေးဆွဲ ချမှတ်ထား ပြီဖြစ်သည်။

- မဟာမိတ် နိုင်ငံရေး ပါတီ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရေး။
- အဖွဲ့ချုပ် မြို့နယ်အသီးသီးနှင့် ရန်ကုန်တိုင်းရုံး၊ ဌာနချုပ်ရုံးတို့၏ တာဝန်နှင့် လုပ်ငန်း ဆောင်ရွက်ဖွယ်ရာ ခွဲဝေ သတ်မှတ်မှု….။
- ပူးပေါင်းလာမည့် လူထုတို့နှင့် ပေါင်းဆုံမည့် ဆုံရပ်များ။
- ချီတက်မည့် လမ်းကြောင်းများနှင့် ….
အစုလိုက်၊ အဖွဲ့လိုက် ထိန်းသိမ်း တာဝန်ယူကြရမည့် တာဝန်ခံများ လုပ်ငန်း လမ်းညွှန်ချက်နှင့် စောင့်ထိန်းရမည့် စည်းရုံးရေး လက်စွဲမူ…။
ကျင်းပမည့် အခမ်းအနား အစီအစဉ်များ … အားလုံးက အသေးစိတ် ရေးဆွဲ ထားပြီး ဖြစ်သည်။
အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီက အသင့် ….။
မဟာမိတ် ညီနောင်ပါတီ များကလည်း အသင့် …..။
လူထုကလည်း ချီတက်ရန် အသင့် ….။
အားလုံးက အသင့် ….။
ထိုနည်းတူစွာပင် …. လူထုအား နှိမ်နင်း ပစ်ခတ်၊ သတ်ဖြတ် ဖြိုခွဲရန် စစ်အုပ်စုကလည်း သေနတ်ကျည် ထိုးပြီး အသင့် ….။

စစ်အုပ်စုမှ …. ‘အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်’ သည် မိမိတို့၏ အစီအစဉ် အကန့်အသတ် အတွင်းမှ အာဇာနည်နေ့ အခမ်းအနားသို့ မတက်ရောက်ဘဲ …. ၎င်းတို့၏ သီးသန့် အစီအစဉ်ဖြင့် လူထုကြီးနှင့် အာဇာနည်နေ့ အခမ်းအနားအား ကျင်းပ ပြုလုပ် နိုင်ခဲ့ပါက မိမိတို့၏ အာဏာစက်သည် လျော့ကျ၍ သွားမည်။ ထိုမှတဆင့် …. တထစ်ပြီး တထစ် လူထုကြီး နှင့်အတူ မိမိတို့မှ ထုတ်ပြန်သည့် အမိန့်အာဏာများအား တခုပြီး တခု ဖီဆန်၍ လာခဲ့လျှင် …. နောက်ဆုံး …. ‘ကြားဖြတ် အစိုးရ’ ဖွဲ့စည်းပေးရမည့် အခြေအနေ သို့ ရောက်သွားလိမ့်မည်။ ဤအတွက် … ယခု အာဇာနည်နေ့ အရေးအခင်းအား မိမိတို့မှ ပြတ်ပြတ် သားသား ဦးနှိမ် ထားနိုင်အောင် ချေမှုန်းပစ် ရမည်။ ဤအရေးအား မချေမှုန်းနိုင် ပါက နဝတ ၏ အနာဂတ်သည် … မရေရာ။ ကျဆုံး သွားရန်သာ ရှိတော့မည်။ ဤအတွက် …. ဤအရေးတော်ပုံအား ရက်ရက် စက်စက်ပင် ချေမှုန်း သတ်ဖြတ်နိုင် ရမည်။

ဤသို့ …. စစ်အုပ်စုမှ ယုံကြည် ထား၏။ ယုံကြည် ထားသည့် အတိုင်းလည်း …. တိုက်ခိုက် ချေမှုန်းရေး အတွက် ပြင်ဆင် ထား၏။

ထိပ်တိုက် ရင်ဆိုင်မှုက အပြင်းထန်ဆုံး အခြေအနေ တရပ်ဆီသို့ တည့်တည့်ကြီး ဦးတည်၍ နေသည်။

သွေးချောင်း စီးသော သတ်ဖြတ်မှုများနှင့် အာဇာနည်နေ့ …..။

စစ်အုပ်စုကလည်း လျှော့ပေးမည့်ဟန် လုံးဝမပေါ် ….။

သူ၏ အာဏာ တည်တံ့ ခိုင်မြဲရေး အတွက် ‘ကတုတ်ကျင်း’ အတွင်းမှ မဆုတ်ဘဲ ဇွတ်မှိတ်၍ ပစ်မည့်ဟန်က …. အထင်းသား ….။

ဒေါ်အောင်ဆန်းစုကြည်တို့ စဉ်းစားရပြီ။ မနက်ဖြန် …. အာဇာနည်ဗိမာန်သို့ ချီတက် အလေးပြုမည့် အခမ်းအနားကား … ပြည်သူလူထု၏ အသက်သွေး ထောင်သောင်းရင်း၍ ပေးဆပ်ရမည့် အခမ်းအနား ….။ မိမိတို့ဘက်မှ အလျှော့ပေး၍ အစီအစဉ်အား ဖျက်သိမ်း ခဲ့ပါလျှင်လည်း …. စစ်အုပ်က နောက်ထပ် တရစ်ပြီးတရစ် တင်းကျပ်သော အမိန့်ဆိုး၊ အာဏာဆိုး များကို ထုတ်ပြန်ပြီး ဒီမိုကရေစီအား လည်မျို ညှစ်၍ သတ်ဖြတ်လာ ပေလိမ့်မည်။

ညဥ့်ဦးယံ တိုင်ခဲ့ပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးအတွင်း …. မနက်ဖြန် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်အား …. ယခင် ဆုံးဖြတ်ချက် အတိုင်း ဆက်၍ ပြုလုပ်မည်လား ….။ ဒါမှမဟုတ် …. ယခင်အစီအစဉ်အား ဖျက်သိမ်း၍ အစီအစဉ် ပြောင်းမည်လား ဟူသည်ကို ဆုံးဖြတ်၍ မရနိုင်သေး ….။

မြန်မာ့လွတ်လပ်ရေး ….။ ဒုတိယ လွတ်လပ်ရေး သမိုင်းသစ်၏ ကံကြမ္မာဆိုင်ရာ အဆုံးအဖြတ် ဖြစ်၍ …. လွယ်လွယ် ကူကူ ဆုံးဖြတ်ချက် မချနိုင်ကြ။ သန်းခေါင်ယံ တိုင်ခဲ့ပြီ။

ဆုံးဖြတ်ချက် တခုခုကိုမူ သဲသဲကွဲကွဲ ချရတော့မည်။ အချိန်က …. မိုးမသောက်မီ အထိသာ ရ၏။ နံနက်လင်း၍ ဆုံးဖြတ်ချက် တခုခုအား မချမှတ်နိုင်ပါက …. လူထုကြီးသည် ယခင် ဆုံးဖြတ်ချက် အတိုင်း …. လမ်းမများပေါ်သို့ ထွက်ကာ …. အာဇာနည် ဗိမာန်ဆီသို့ ချီတက် ကြပေလိမ့်မည်။ ဤတွင် ….။

နောက်ဆုံး …. ဗဟို အလုပ်မှုဆောင်အဖွဲ့က …. ဤအဆုံးအဖြတ် ကိစ္စအတွက် …. ဒေါ်အောင်ဆန်းစုကြည်အား တာဝန် လွှဲအပ်လိုက်ကြ၏။ ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးအဖြတ်အား ဗဟို အလုပ်မှုဆောင်အဖွဲ့က လိုက်နာမည်။ ယခင် အစီအစဉ်အတိုင်း ချီတက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်လျှင်လည်း …. မနက်ဖြန်တွင် NLD အနေနှင့် အာဇာနည် ဗိမာန်သို့ ချီတက်ကြမည်။ ရင်ဆိုင် ကြုံတွေ့မည့် အရေး အားလုံးအား ရင်ဆိုင်မည်။ ဒါမှမဟုတ် …. အစီအစဉ်များအား ဖျက်သိမ်း၍ အစီအစဉ်သစ်အား ရွေးချယ်ခဲ့လျှင်လည်း ထိုအစီအစဉ် အသစ်အတိုင်း ဆက်၍ ဆောင်ရွက်ကြမည်။

အဆုံးအဖြတ်က …. ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် တည်၍ နေတော့၏။

ဇူလိုင်လ …. ၁၉ ရက်။

နေ့ကူးပြီ။ နေ့သစ်က …. အမှောင် အတွင်း၌ပင် ကူးပြောင်းခဲ့၏။ အုံ့မှိုင်း နေသော ကောင်းကင်သည် ပို၍ အုံ့မှိုင်း လာသည်။ ပြီးလျှင် …. မိုးရည်စက်များ အဖြစ် ပြို၍ ဆင်းလာကြသည်။ မိုးက သည်းသည်းမဲမဲ ပြိုဆင်းလာခြင်း မဟုတ် ….။ တဖွဲဖွဲနှင့် မစဲဘဲ စွေနေ၏။

ရန်ကုန်သည် …. အိပ်မောကျ နေသည့်လား …။ နိုးကြွနေသည့်လား …။ မခွဲခြားနိုင် …။ အရုဏ်ကျင်း၍ နံနက်ဦးတွင် …. ရန်ကုန်သည် မည်သည့် သမိုင်းအား ရေးထိုး လေမည်နည်း ….။

စက္ကန့်မလပ် …. အချိန်သည် ရှေ့သို့သာ ချီနေ၏။ ရပ်တန်းမနေ … ရွေ့လျား၍သာ သွားနေ၏။
အမှောင်ထုသည် အနက်ရှိုင်းဆုံး ဆီသို့ တိုးဝင်၍သွား၏။

အလုံးစုံဆုံးသော မဲမှောင်မှု …. ပြီးလျှင်မူ …. တဖက်တွင် တောက်ပသော အလင်းသစ်၏ အရုဏ်ဦးဆီသို့….။
အမှောင်နှင့် အလင်းက တလှည့်စီ …။

ဤကား …. သဘာဝ၏ ဓမ္မတရား …..။
သန်းကာင်ယံအား ကျော်လွန်၍ မိုးသောက်ယံသို့ပင် ဝင်လုပြီ။

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် ချလိုက်၏။

မိခင်အရင်း ဖြစ်သော်လည်း ဘီးလူးမနှင့်ယှဉ်ပြီး သားအား မလု ….။ သားငယ်၌ နာကျင်မှု ဝေဒနာအား မခံစားစေလို ….။

သမိုင်းသည် မဟော်သဓာ ပညာရှိ ကဲ့သို့ပင် တနေ့၌ အဆုံးအဖြတ် အမှန်အား ကဗ္ဗည်းထိုး လိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဆုံးဖြတ်ချက်အား စာရွက်လွတ် တရွက်တွင် ချ၍ရေး၏။

၁။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မိမိအစီအစဉ်နှင့် အာဇာနည် ဗိမာန်သို့ ပြည်သူလူထုကြီးနှင့် အတူ လက်တွဲ၍ အာဇာနည် ခေါင်းဆောင်ကြီးများအား ချီတက် အလေးပြုမည့် အစီအစဉ်အား ဖျက်သိမ်းလိုက်သည်။
၂။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နဝတ မှ ဦးစီးပြုလုပ်မည့် ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား သို့လည်း လုံးဝ (လုံးဝ) တက်ရောက် လိမ့်မည် မဟုတ်ကြောင်း၊ ပြည်သူလူထုကြီးအား အသိပေးအပ် ပါသည်။
၃။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို၊ တိုင်းနှင့် မြို့နယ် အသီးသီးတို့သည် မိမိတို့၏ ရုံးအဆောက်အဦး အတွင်း၌ သာ ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား များအား ကျင်းပ ပြုလုပ်သွားကြမည် ဖြစ်သည်။
၎။ ပြည်သူလူထု တရပ်လုံး အနေနှင့် စစ်အစိုးရ၏ မတရားသည့် အမိန့်ဆိုး များအား ဆန့်ကျင် ကန့်ကွက် သပိတ် မှောက်သည့် အနေနှင့် မိမိတို့၏ နေအိမ်အတွင်းမှ မထွက်ကြဘဲ နေအိမ် အတွင်း၌ပင် အာဇာနည် ခေါင်းဆောင် ကြီးများအား အလေးအနက် ဂါဝရပြု ကြပါရန် တိုက်တွန်း ပါသည်။

မှတ်ချက်။ ။ ဤကြေညာချက်အား အာဇာည်နေ့ ကျင်းပရေး ဗဟိုကော်မတီမှ ပြည်သူလူထုထံသို့ ထုတ်ပြန် ကြေညာ သွားပါရန်။

အောင်ဆန်းစုကြည်
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်

(၁၀၄)

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။

အာဇာနည်နေ့ ……။

နံနက်ဦးက … တဖွဲဖွဲ စွေနေသည့် မိုးရေများ အကြားမှပင် ‘သစ်’ ခဲ့ပြီ။ မိုးငွေ့ များကြောင့် နေဝန်းနီအား မမြင်တွေ့ရ ….။ အလင်းရောင်ကမူ ရှိ၏။ ဘောငွေအိုရောင် ….။

တက္ကသိုလ် ရိပ်သာလမ်း တလျှောက် …. အသွားအလာ အားလုံး ကင်းရှင်း၍ နေ၏။ ယာဉ်သွား ယာဉ်လာ မရှိ ….။ လူသွား လူလာ မရှိ။ မိုးရေစက်များ၏ အောက်၌ တက္ကသိုလ် ရိပ်သာ လမ်းမကြီးသည် ရှင်း၍ စင်းစင်းကြီး …. ငြိမ်သက်စွာနှင့် လဲလျောင်း၍ နေသည်။

အမှတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်း၏ အိမ်ခြံဝင်း တံခါးအား စစ်သားများက ပိတ်ဆို့ ထားလိုက်၏။ မောင်းပြန် သေနတ် များ ကိုင်ဆောင် ထားကြသည့် စစ်သားများက ဒေါ်အောင်ဆန်းစုကြည် ခြံတံခါးအား ပိတ်ဆို့၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ လူထုကြီးအား အဆက်ဖြတ် ပစ်လိုက်၏။ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အတွင်း ၌မူ လွန်ခဲ့သည့် ၄၂ နှစ်ဆီသို့ ….။ ပျံ့လွှင့်ကာ လွင့်မျော၏။ အတိတ်၏ အရိပ်က မှုန်မှုန် ….။ ထိုနေ့နံနက်ခင်းသည် လည်း ယခုကဲ့သို့ပင် တဖွဲဖွဲစွေနေသော မိုးနံနက်ခင်း ….။

ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗန်ကောက်လုံချည်၊ ပိုးပျော့ရင်းဖုံး၊ ပန်းနုရောင် ခေါင်းပေါင်းတို့ကို ပေါင်းကာ ….. ဘုရင်ခံ၏ အမှုဆောင် အစည်းအဝေးသို့ သွားရန် အမှတ် ၂၅ တာဝါလိမ်း လမ်းနေအိမ်မှ စွေနေသော မိုးရေစက်များ အောက်၌ပင် ထွက်သွားခဲ့၏။ ထိုစဉ်က …. အိမ်တံခါးဝအထိ ဖခင်အား သူမတို့ မောင်နှမတသိုက် လိုက်၍ ပို့ခဲ့ကြ၏။ မိုးရေထဲ၌ပင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ အပါးတော်မြဲ ဗိုလ်ထွန်းလှနှင့်အတူ ကားပေါ်သို့တက်ကာ အတွင်းဝန်များ ရုံးသို့ သွားခဲ့၏။ ထိုနေ့နံနက်က ဖခင်နှင့် အပြီးအပိုင် ခွဲခွာရလိမ့်မည်ဟု မည်သို့မျှ မသိခဲ့ ….။

ထိုနေ့က … အာဏာအား လက်နက် အားကိုး၍ အကြမ်းဖက် ရယူလိုသည့် အကြမ်းဖက်သမားတို့က သူမနှင့် သူမချစ်သည့် ဖခင်အား အပြီးအဆုံးတိုင် ခွဲခွာ ပစ်လိုက်ကြ၏။

ယခုလည်း …. အာဏာအား မတရားသဖြင့် ဆုပ်ကိုင် ထားလိုသည့် လက်နက်ကိုင် စစ်အာဏာရှင် တစုက …. သူမနှင့် သူမချစ်သည့် ပြည်သူ လူထုကြီးအား ခွဲခွာ၍ ခြားထားလိုက်လေပြီ …..။

မုတ်သုန်မိုးက …. စွေဆဲ ……။

ကိုးကား ……

- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခမောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲများ
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- နဝတ ၏ ၂၅ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ
- နဝတ၏ အကြိမ် ၄ဝ မြောက် သတင်းစာရှင်းလင်းပွဲ
- နဝတ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် ၃၈
- နဝတ အတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ
- ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သုတေသနဌာနခွဲ၏ တပ်မတော်အား ဖြိုခွဲရေးလုပ်ရပ်များ စာအုပ်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်းအမှတ် စာစောင်
- ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ သတင်းစာရှင်းလင်းပွဲ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၈

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၇

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ- အပိုင်း - ၂၆

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၅

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၄
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၃
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၂)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၁)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၀)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၉)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၈)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၇)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၆)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၅)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၄)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၃)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၂)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၁)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၀)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း - ၉)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၈)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ …" အပိုင်း (၇)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၆)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၅)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၄)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၃)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၂)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း(၁)




 

Editor's choice

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...