“နိုင်ငံရေးပါတီ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်မှ ကြီးမှူးကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ရန် ပါတီအဖွဲ့အစည်း တဖွဲ့လျှင် ၁၀ ဦးသာလျှင် တက်ရောက်ခွင့်ပြုမည်။ တက်ရောက်ကြမည့် ပုဂ္ဂိုလ် ၁၀ ဦး၏ အမည် စာရင်းများအား ကြိုတင်၍ စာရင်းပေး ပို့ကြရမည်” …. ဟူ၍ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့လည်း အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်မည့် သူ၏ အမည်စာရင်း အား တောင်းခံသည့်စာ ပို့၏။
နဝတ ၏ အာဇာနည်နေ့ အခမ်းအနားသို့ တပါတီလျှင် ၁၀ ဦးသာ တတ်ရောက် ‘ဂါဝရ’ ပြုရန် ခွင့်ပြုသည် ဆိုသည့် အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် လုံးဝ လက်မခံနိုင်ချေ….။ အာဇာနည်နေ့က အများပြည်သူ အားလုံးနှင့် သက်ဆိုင်သည့်နေ့ ဖြစ်သည်။ အများပြည်သူ အားလုံး လွတ်လပ်စွာ တက်ရောက်၍ ချီတက်အလေးပြုနိုင်ကြရမည်။ ယခုကဲ့သို့ ၁ဝ ဦးသာ တက်ရောက်ခွင့် ပြုမည်ဟူသည့် နဝတ ၏ ကန့်သတ်ချက်သည် မတရားသော ကန့်သတ်သည့် အမိန့် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်မှ သဘောပေါက်မိ၏။ ယခင် ပါလီမန်ဒီမိုကရေစီခေတ်က ….. အာဇာနည် နေ့တွင် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် တက်ရောက်၍ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါဝရပြု၏၊ အလေးပြု ကြ၏။ မဆလ ခေတ်မှစ၍ တဖြည်းဖြည်း အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် အလေးထား လေးစားမှု လျော့နည်း လာခဲ့ရာ ….. အာဇာနည်နေ့ အခမ်းအနားများတွင် သာမန်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးတဦးက သာလျှင် ကြီးမှူး၍ တက် ရောက်အလေးပြုကြတော့၏။ ယခုတွင်မူ …. လူထုပရိသတ်မှ တက်ရောက်အလေးပြုရေးကိုပင် …. ၁၀ ဦးဟူ၍ ကန့် သတ်လာလေပြီ။
ဤကား….. အာဇာနည် ခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍအား မှေးမှိန်အောင် အစီအစဉ်တကျ လုပ်ဆောင်နေခြင်း ဖြစ်၏။ အာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းအား ဖျောက်ပစ်ရန် တစတစ ကြိုးစားနေကြခြင်းသာ ဖြစ်၏။ ဤသို့ ပင်…. ဒေါ်အောင်ဆန်းစုကြည် ခံစားရ၏၊ တွေးမြင်မိ၏။ မဖြစ်…..။ ဤအတိုင်း ….စစ်အုပ်စုမှ လုပ်ဆောင်နေခြင်းအား ငြိမ်၍ ကြည့်နေ၍ မဖြစ်….။
အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးက စစ်အုပ်စု၏ အာဇာနည်နေ့ အစီအစဉ်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားအား ဆွေးနွေး ဆုံးဖြတ် ကြ၏။ ဆုံးဖြတ်ချက်က….
- နဝတ ၏ အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားသို့ ပါတီအဖွဲ့အစည်းတဖွဲ့လျှင် ၁၀ ဦးသာ တတ်ရောက်ခွင့် ပြုမည် ဟူသည့် ကန့်သတ်ချက် အမိန့်သည် မတရားသော အမိန့်အာဏာ ဖြစ်သည့် အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် လိုက်နာ နိုင်မည် မဟုတ်။ နဝတ မှ ဦးစီးပြုလုပ်မည့် အာဇာနည်နေ့ အခမ်းအနားသို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် တက်ရောက် မည်လည်း မဟုတ်….။
- မိမိတို့အဖွဲ့ချုပ်၏ အစီအစဉ်နှင့် မိမိတို့ ပြည်သူလူထုကြီးနှင့်အတူ လက်တွဲ၍ လွတ်လပ်စွာ ချီတက်၍ အာဇာနည်နေ့ အခမ်းအနားအား အာဇာနည်ကုန်းတွင် ပြုလုပ်မည်…ဟူ၍ ဖြစ်သည်။
ပြီးလျှင် …… အဖွဲ့ချုပ်၏ သဘောထားအား နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်ထံသို့ ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးအနေဖြင့် စာရေးသား၍ ပေးပို့သွားရန် ဆုံးဖြတ်၏။ အစည်းအဝေး ပြီးသည့်နှင့် နဝတ ဥက္ကဋ္ဌထံသို့ ပေးပို့မည့် စာကြမ်းအား ဒေါ်အောင်ဆန်းစုကြည် ရေး၏။
သို့
ဗိုလ်ချုပ်ကြီးစောမောင်
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့။
ရက်စွဲ။ ။ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။
အကြောင်းအရာ။ ။ အစိုးရမှ ဦးစီးပြုလုပ်မည့် ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားအား ပေးပို့ခြင်း။
၁။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ဦးစီး၍ ကျင်းပပြုလုပ်မည့် ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ မိမိတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် တက်ရောက်မည် မဟုတ်ကြောင်း ကြိုတင်၍ အသိပေး အပ်ပါသည်။
၂။ မိမိတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထုကြီးနှင့်အတူ လက်တွဲ၍ မိမိတို့၏ အစီအစဉ်နှင့် မိမိတို့ ဘာသာ အာဇာနည်ဂူဗိမာန်သို့ ချီတက်၍ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးအနက် ဂါဝရပြုကြမည် ဖြစ် သည်။
၃။ ပြည်သူလူထုကြီးသည် အာဇာနည် ဂူဗိမာန်သို့ ချီတက် အလေးပြု ကြရာတွင် ဆူပူအုံကြွမှု မဖြစ်ရန် မိမိတို့အနေနှင့် အပြည့်အဝ တာဝန်ယူသွားမည် ဖြစ်သည်။
၎။အာဏာပိုင်များအနေနှင့် ချီတက် အလေးပြုကြမည့် ပြည်သူလူထုကြီးအား စစ်သားများ စေလွှတ်၍ နှောင့်ယှက် ခြင်း၊ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်းများ မပြုလုပ်ပါရန်လည်း အလေးအနက် အသိပေးအပ် ပါသည်။
ဗဟို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ …..
ပုံ
အောင်ဆန်းစုကြည်
အထွေထွေ အတွင်းရေးမှူး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်။
ရန်ကုန်တိုင်း အတွင်းရှိ အဖွဲ့ချုပ်မြို့နယ်ရုံးများသို့ သွားရောက်၍ အဖွဲ့ဝင်များနှင့်တွေ့၏။ ပြည်သူလူထုကြီးနှင့် တွေ့၏။ စစ်အစိုးရမှ ကျင်းပမည့် ၄၂ နှစ်မြောက် အာဇာနည်နေ့အစီအစဉ်… ‘ကန့်သတ်မိန့်များ ဖီဆန်ရေး’ တရားဟောရ၏။ အဖွဲ့ချုပ်၏ သီးသန့်အစီအစဉ်အား ဆွေးနွေးရ၏။
အဖွဲ့ဝင်ထုနှင့် ပြည်သူလူထုကြီးက ‘မတရားသည့် အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ရေး’ အလံတော်အောက်၌ ….တတ်တတ်ကြွကြွ၊ ထက်ထက်သန်သန်….။ ကျောက်တံတား….၊ ပန်းပဲတန်း….၊ တာမွေ….၊ စမ်းချောင်း….၊ ဗိုလ်တထောင်။ တရုံးပြီး တရုံးကူး၍ ဟောပြောရသည်။ အင်းစိန်မြို့နယ် အဖွဲ့ချုပ်ရုံး၌ ဒေါ်အောင်ဆန်းစုကြည်က ….. ဗိုလ်ချုပ်ကြီးစောမောင်အား ပြင်းပြင်းထန်ထန်ပင် ဝေဖန်ခဲ့၏။
“ကျမအနေနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားကို မတက် ဘဲ ပြည်သူလူထုနဲ့အတူ အလေးပြုဖို့ စီစဉ်ထားပါတယ်။ နဝတ အနေနဲ့ လက်နက်ကိုင် တပ်များကို ရုပ်ပေးပါ။ မချထား ပါနဲ့။ လက်နက်ကိုင် တပ်များကို ချထားခြင်းအားဖြင့် ဆူပူအောင် လှုံ့ဆော်တယ်လို့ ကျမတို့သတ်မှတ်ရမှာဖြစ်တယ်။ နဝတကို အသိပေးချင်ပါတယ်။ လက်နက်ကိုင် တပ်များနဲ့ ခြိမ်းခြောက်တာ မသင့်တော်ပါဘူး။ ဗိုလ်ချုပ်ကြီးစောမောင် နောက်ဆုံးပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ စိတ်မချမ်းသာစရာ ကိစ္စကတော့ ဒါပါပဲ။ ဗိုလ်ချုပ်ကြီး စောမောင်ဟာ ကျမတို့ကို ခြိမ်းခြောက်ခဲ့တာပဲ။ ပြည်သူလူထုကို ခြိမ်းခြောက်တာပါ။ ငါတို့လက်ထဲမှာ သေနတ်ရှိတယ်၊ သုံးချင်ရင်သုံးနိုင်တဲ့ အနေ အထားနဲ့ ပြောသွားတာပါ။ အင်မတန်မှ ဂုဏ်သိက္ခာ မရှိတဲ့ စကားမျိုး ဖြစ်ပါတယ်။
အခုအချိန်မှာဆိုရင် အန္တရာယ်ဟာ အင်မတန်မှ များပါတယ်။ ကျမတို့က သတိထားရမယ်။ ကြောက်စိတ်ရှိတာ၊ မရှိတာ အရေးမကြီးဘူး။ ကြောက်စိတ် ရှိရှိ၊ မရှိရှိ လုပ်သင့်လုပ်ထိုက်တာကို မှန်မှန်ကန်ကန်နဲ့ ဆက်ပြီး လုပ်သွားရမှာပဲ”
ဟောပြောပွဲများ၊ ဆွေးနွေးပွဲများအား ဇယ်ဆက်သကဲ့သို့ ပြုလုပ်ရင်း….. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်၌ အခြားသော နိုင်ငံရေး ပါတီအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်နှင့် ပတ်သက်ပြီး ရှင်းပြ၏။
“ကျမတို့အနေနဲ့ စစ်အစိုးရရဲ့ ၄၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ပါတီအဖွဲ့အစည်း တဖွဲ့ကို ဘယ်လောက်စီ တက်ရောက်ခွင့်ပြုမယ်ဆိုတဲ့ အစီအစဉ်ကို သဘောမတူပါဘူး….။ ဒီအတွက်လည်း စစ်အစိုးရဆီကို NLD မှ တက် ရောက်မယ့် ကိုယ်စားလှယ် အမည်စာရင်းကို မပေးပါဘူး။ ဒါဟာ …. မတရားတဲ့ အမိန့်အာဏာပါပဲ။ မတရားတဲ့ ကန့်သတ်အမိန့်ပါပဲ။ ဒီအတွက် …. တာဝန်အရ ကျမတို့ ဖီဆန်သွားရမှာ ဖြစ်ပါတယ်။ တက်ရောက် လာကြတဲ့ နိုင်ငံရေး ပါတီများအနေနဲ့လည်း စစ်အစိုးရရဲ့ အစီအစဉ်အတိုင်း အာဇာနည်နေ့ အခမ်းအနားကို မတက်ရောက်ဘဲ အာဏာ ဖီဆန် ကြစေလိုပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ကတော့ မိမိတို့ရဲ့ သီးခြားအစီအစဉ်နဲ့ အာဇာနည်ဂူ ဗိမာန်သို့ ချီတက်ပြီး ပန်းခွေချ၊ အလေးပြုသွားမှာ ဖြစ်ပါတယ်။ အခြားပါတီအဖွဲ့အစည်းများအနေနဲ့လည်း မိမိတို့ အဖွဲ့ချုပ်နဲ့အတူ ပူးပေါင်းပြီး အာဇာနည်နေ့ အခမ်းအနားကို အတူတကွ လက်တွဲပြီး တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်”
ပါတီ၊အဖွဲ့အစည်း အသီးသီးမှလည်း … အဖွဲ့ချုပ်၏ အစီအစဉ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အောက်၌ အတူ လက်တွဲပြီး ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား ချီတက်ကြရန် သဘောထား ပေးကြ၏။
အာဏာ ဖီဆန်ရေးတိုက်ပွဲက တစ်ထစ်ပြီး တစ်ထစ် တက်လှမ်းကာ ဒီရေမြင့်၍ လာလေပြီ……။
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခမောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲများ
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- နဝတ ၏ ၂၅ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ
- နဝတ ၏ အကြိမ် ၄ဝ မြောက် သတင်းစာရှင်းလင်းပွဲ
- နဝတ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် ၃၈
- နဝတ အတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ်ခင်ညွှန့်၏ ၁၉၈၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ
- ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သုတေသနဌာနခွဲ၏ တပ်မတော်အား ဖြိုခွဲရေး လုပ်ရပ်များ စာအုပ်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်းအမှတ် စာစောင်
- ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ သတင်းစာရှင်းလင်းပွဲ
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၇
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ- အပိုင်း - ၂၆
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၅
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၄
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၃
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၂)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၁)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၀)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၉)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၈)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၇)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၆)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၅)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၄)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၃)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၂)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၁)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၀)
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း - ၉)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၈)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ …" အပိုင်း (၇)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၆)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၅)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၄)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၃)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၂)
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း(၁)


