တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့အာဘော် > မြစ်ဆုံမှသည် ငြိမ်းချမ်းရေးသို့

မြစ်ဆုံမှသည် ငြိမ်းချမ်းရေးသို့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ အကုန်အကျဖြင့် တရုတ်နိုင်ငံက တည်ဆောက်မည့် ကချင်ပြည်နယ် အတွင်းက
မေခ (အင်မိုင်ခ) - မလိခ မြစ်ဆုံဆည် စီမံကိန်းကို သမ္မတဦးသိန်းစိန်က သူ့အစိုးရ လက်ထက်၌ ရပ်ဆိုင်းထားမည်
ဟု စက်တင်ဘာ ၃ဝ ရက်နေ့တွင် လွှတ်တော်ကို အသိပေး ကြေညာလိုက်မှုသည် ၂ဝ၁၁ ခုနှစ် မြန်မာ့နိုင်ငံရေး
ဖြစ်စဉ်အနက် မထင်မှတ်ထားသော အလှည့်အပြောင်းတခု ဖြစ်သည်။

လူထုအကြား ကြိမ်မီးအုံးတောက် လာခဲ့သော အဖြစ်အပျက်ကို လိုက်လျောခြင်းအားဖြင့် လူထုဆန္ဒကို အစိုးရက လိုက်လျောမှု ပြုလိုက်တာ ဖြစ်သလို တိုင်းပြည် အနာဂတ်ကိုပါ ပုံဖော်မည့် အပြောင်းအလဲ တခုပါ။ ဆက်လက်ပြီး မှန်ကန်စွာ ကိုင်တွယ်နိုင်လျှင် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် များစွာ အထောက်အကူပြုမည့် အဖြစ်အပျက် ဖြစ်သည်။
maykamalika
မြန်မာနိုင်ငံ ဧရိယာ၏ ၅၈ ရာခိုင်နှုန်းခန့်ရှိ ရေဝေဧရိယာ ဖြစ်စေသော ၂၁၇ဝ ကီလိုမီတာ ရှည်လျားသည့် ဧရာဝတီ
မြစ်ကြီး စတင်ရာ မေခ-မလိခ မြစ်နှစ်သွယ် ဆုံစည်းရာ၌ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၆ဝဝဝ ရှိ မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းကို တရုတ်နိုင်ငံပိုင် China Power Investment (CPI) က တည်ဆောက်မှာဖြစ်ပြီး ကချင်
ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာ မြစ်ဝှမ်း စီမံကိန်း ၈ ခုထဲမှ တခုဖြစ်သည်။

ယခု ဆည်စီမံကိန်းများ အတွက် နှစ်နိုင်ငံ သဘောတူညီစာချုပ် ချုပ်ဆိုစဉ်က သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ရန်၊ ဒေသခံများ၏ လက်ခံ သဘောကျမှု ဆိုခြင်းထက် လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းရန်
သာ ယခင်စစ်အစိုးရက အာရုံပြုခဲ့တာ ဖြစ်သည်။ ကုလသမဂ္ဂတွင် ဗီတို အာဏာပိုင်ရှင် နိုင်ငံလည်း ဖြစ်သော
ကြောင့် နိုင်ငံရေးအရ ကျောထောက်နောက်ခံ ပေးနိုင်စွမ်းရှိကာ စွမ်းအင် လုံခြုံရေး အတွက် ဇောကပ်နေသည့် တရုတ်နိုင်ငံနှင့် လမ်းပြမြေပုံဖြင့် ထွက်ပေါက်ယူသည့် မြန်မာအစိုးရများ၏ မြစ်ဆုံဆည် ဇာတ်လမ်းမှာ ဧပြီ ၂ဝ၁ဝ ခုနှစ်အတွင်း ဗုံးပေါက်ကွဲမှုများ ကြုံတွေ့ခဲ့ရပြီး ဆန့်ကျင်ခြင်း လက္ခဏာများနှင့် အစကတည်းက ယဉ်သကို ဖြစ်ခဲ့ရ သည်။
Myitsone
မြစ်ဆုံဆည်က စင်္ကာပူနိုင်ငံထက် ကြီးသော အကျယ်အဝန်းကို ရေလွှမ်းမိုးသွားစေမှာ ဖြစ်သလို ကျေးရွာပေါင်း ၆၃ ရွာမှ လူပေါင်း ၁၂၀၀၀ ဝန်းကျင်လည်း အခြေပျက် သွားစေသည်။  ထို့အပြင်  ဓနအင်အားနှင့် နည်းပညာ အားနည်း သည့် မြန်မာပြည်၌ အကျင့်ပျက် ခြစားမှုကို အခွင့်ကောင်းယူကာ စည်းကမ်းမဲ့ စီးပွားရှာနေသော တရုတ် ကုမ္ပဏီများ
ကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီး စိတ်ပျက်နေသူ ဒေသခံများအတွက် စီမံကိန်းများကနေ ရလာမည့် အကျိုးအမြတ်များအပေါ် အယုံအကြည်မဲ့ ခဲ့ကြသည်။ ပွင့်လင်းမြင်သာမှု မရှိခြင်း၊
ဒေသန္တရ ပါဝင်ဆုံးဖြတ်ခွင့် မရခြင်းနှင့် နိုင်ငံရေး ပဋိပက္ခများ ကလည်း သံသယများကို ပိုမိုခိုင်မာစေခဲ့တော့သည်။

၂ဝ၁၁ ခုနှစ် မတ်လအတွင်းက နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းခိုင်းရာမှ အပစ်အခတ်ရပ်စဲမှု ပျက်ပြား သွားခဲ့သော ကချင်လွတ်မြောက်ရေးအဖွဲ  KIO မှ ဥက္ကဋ္ဌ လရော်ဇောင်းဟရား လက်မှတ်ရေးထိုးကာ တရုတ်
သမ္မတ ဟူကျင်းတောင်ထံ အိတ်ဖွင့်ပေးစာ ရေးသားရာ၌  ‘‘အကယ်၍ ဤရေအားလျှပ်စစ် စီမံကိန်းနှင့် ဆည် တည်ဆောက်ရေး စီမံကိန်းတို့ကြောင့် ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့လျှင် မိမိတို့တွင် တာဝန်မရှိကြောင်း” ရေးသား ထားသည်ကို ကြည့်လျှင် မည်မျှပင် ပဋိပက္ခ ကြီးထွားလာခဲ့သည်ကို တွေ့မြင်နိုင်သည်။ မြစ်ဆုံ စီမံကိန်းအနီး၌ပင်
KIO ၏ အရေးပါသော စစ်ဌာနချုပ်များလည်း ရှိနေသည်။

ဧရာဝတီ ဂေဟစနစ် ပျက်လျှင် မြစ်ဝကျွန်းပေါ်သားများကိုလည်း ထိခိုက်မည် ဖြစ်သည်။ မြစ်ဆုံဆည် တည်ဆောက်
မှု ကန့်ကွက်ခြင်းတွင် ကချင်နှင့်အတူ လူထုလူတန်းစား ပေါင်းစုံဖြင့် မြေပြန့်သားတို့လည်း တညီတညွတ်တည်း
ပူးပေါင်း ပါဝင်ခဲ့ကြသည်။
 
“ မြန်မာအစိုးရ အဆက်ဆက်သည် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရန် ပျက်ကွက်ခဲ့သည်ဟူသော ကချင်အမျိုးသားတို့၏ ခံယူချက်များကို ပိုမို နက်ရှိုင်းလာခဲ့ပါသည်” ဟု အတိုက်အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် က သတိပေးခဲ့သည်။

ဆည်စီမံကိန်းကဖြင့် ရပ်တန့်သွားပေပြီ။ သို့သော် နောက်ဆက်တွဲ ဇာတ်လမ်းများ ကျန်ပါသေးသည်။ China Power Investment Corporation က တရားတဘောင်များ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ထုတ်ပြောလာတော့သည်။

အိမ်နီးချင်းကောင်း ပီသစွာ ချစ်ကြည်ရေး မပျက် မျှတမှုရအောင် အဖြေရှာကြရတော့မှာ ဖြစ်သည်။ ထို့အပြင် သယံဇာတ ပေါကြွယ်ဝသော ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး ရရှိရန် လိုနေပါသေးသည်။ ကိုယ်ပိုင်
ပြဋ္ဌာန်းခွင့်နှင့် သဟဇာတဖြစ် ယှဉ်တွဲနေထိုင်မှုကို ဦးတည်၍ ငြိမ်းချမ်းရေး အတွက် အဖြေရှာရာ၌ သက်ဆိုင်ရာ
နိုင်ငံရေး အင်အားစုများအကြား ဆွေးနွေးမှုများတွင် ရိုးသားပွင့်လင်းမှုကို အခြေခံ၍ အများပြည်သူများ ကိုယ်တိုင် ပါဝင်နိုင်သော အခြေအနေများကိုပါ ဖန်တီးကာ ကြိုးစားသင့်ပေသည်။