လက်သင့်ရာ စားတော်ခေါ်မှုကို ချဲ့ထွင်ခြင်း
မဇ္ဈိမသတင်းဌာန
|
သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၄ မိနစ်
စစ်အစိုးရက နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း အများအပြားကို ပုဂ္ဂလိကပိုင် လွှဲပြောင်းရောင်းချမှု တပြိုင်တည်း ပြုလုပ်လာနေသည်။ စက်မှု၊ ကူးသန်းရောင်းဝယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ သမဝါယမ၊ ပြန်ကြားရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန စသည်တို့မှ Enterprise များကို ပုဂ္ဂလိသို့ ရောင်းချနေသည်။
ဈေးကွက်စီးပွားရေး ပြောင်းလဲကျင့်သုံးနေပါသည်ဟု လွန်ခဲ့သည့် အနှစ် ၂ဝ ကျော်အတွင်း ကြွေးကြော်ခဲ့သော်လည်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အားသွန်ခွန်စိုက် ပြုလုပ်လာသည်က ယခုမှ ဖြစ်သည်မှာ ထူးခြားလှသည်။
စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲပြုလုပ်ပြီး တက်လာမည့် အစိုးရသစ်အတွက် လွှဲပြောင်းရန်ဟု အကြောင်းပြထားသော်လည်း ယူနီဖောင်းပြောင်းသည့် အမည်သစ် အစိုးရသာ ဖြစ်လာဖွယ်ရှိသဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု တခုတည်းနှင့် တိုင်းပြည်အတွက် အကျိုးကျေးဇူးများနိုင်ရန် အခွင့်အလမ်း နည်းလှပေသည်။
ယခုတော့ လက်သင့်ရာ စားတော်ခေါ်စနစ်ဖြင့် နိုင်ငံ၏ သယံဇာတများကို လူတစုက ပေါင်းစားသည့် အဝန်းအဝိုင်းကို ချဲ့ထွင်လိုက်ခြင်း ဖြစ်နေသည်။ အများစု ကောင်းစားရေးထက် စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ သောက်ဘော်စားဘက်များ စားကွက်ထွင်ပေးခြင်းသာ ဖြစ်နေသည်။
တင်ဒါခေါ်ယူရောင်းချခြင်းကို ဗန်းပြထားသော်လည်း စစ်အစိုးရ၏ လက်ရင်းလူယုံ စီးပွားရေးသမားများသာ ခွဲတမ်းချ ရယူသွားမှာကတော့ သေချာလှသည်။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး တင်ဒါ မကြေညာခင် လပေါင်းများစွာကပင် စီးပွားရေး အကွက်အကွင်းအတွက် ပြင်ဆင်သူများက ပြင်ဆင်ထားကြသည်။
ရွေးကောက်ပွဲမှသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အလားအလာတော့ အင်မတန်မှ နည်းလွန်းနေသည်။ နိုင်ငံရေးအကျဉ်းသားများ ၂ဝဝ၉ ခုနှစ်တွင် ပိုမိုများပြားလာသကဲ့သို့၊ သတင်းစာဆရာများ နှစ်ရှည် ထောင်ချမှု၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ပိတ်ပင်ထားခြင်းများဖြင့် ဇာတိရုပ်ကို ပြသနေသည်။
ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူများကို လွှတ်ပေးခြင်းမရှိဘဲ ဒီမိုကရေစီသို့ ကူးပြောင်းမည်ဟု ပြောဆိုနေခြင်းကတော့ ရယ်ဖွယ်သာလျှင် ဖြစ်သည်။
ဈေးကွက်စီးပွားရေးအတွက် အရှုံးပေါ် ဟန်မကျလှသော နိုင်ငံပိုင် လုပ်ငန်းများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်ငန်းများ ဖြစ်ထွန်းအောင် ပုဂ္ဂလိကပိုင် စီးပွားရေး အခန်းကဏ္ဍကို တိုးချဲ့ရန် လိုအပ်သည် မှန်သော်လည်း ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုတို့က မရှိမဖြစ် အရေးပါလှသည်။
ထို့ပြင် အလုပ်လက်မဲ့နှုန်း တိုးမြင့်လာမည့်အရေးနှင့် အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုတို့ ပိုမို ခံရလာဖွယ်ကလည်း ရှိနေပြန်သည်။
ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အပြောင်းအလဲ ဖြစ်ထွန်းလာနိုင်သည်ဟု မျှော်လင့်နေလျှင် စစ်အစိုးရအပေါ် မတန်မဆ လျှော့တွက်ခြင်းသာ ဖြစ်ပါလိမ့်မည်။