အာဘော်နှင့်အမြင် အာဘော် မျိုးချစ်စစ်သည်များ အလိုရှိသည်
မျိုးချစ်စစ်သည်များ အလိုရှိသည် Print E-mail
အယ်ဒီတာ့အာဘော်
မဇ္ဈိမသတင်းဌာန   
တနင်္လာနေ့၊ ဇွန်လ 30 2008 14:28 - မြန်မာစံတော်ချိန်

အကျပ်အတည်းတွေ့လျှင် ရှောင်ဖယ်လေ့ရှိသည့် တပ်မတော် အကြီးအကဲ ဆိုသူက ပုန်းအောင်းနေပြီး မတတ်သာသည့် အခြေအနေရောက်မှ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို မျက်နှာပြရဲတော့သည်။ စစ်ခေါင်းဆောင်၏ မိုက်မဲမှုကြောင့် နောက်ထပ်လည်း တမြေ့မြေ့ ကျွမ်းလောင်သော ဆင်းရဲဒုက္ခအပေါင်းကို ပြည်သူပြည်သား အများစု လူဖြစ်ရကျိုးမနပ် ခံကြရပေတော့မည်။ မျိုးချစ် တပ်မတော်သားများ စွန့်လွှတ် စွန့်စားဖြင်းဖြင့် တိုင်းပြည်ကို ကယ်သင့်ပေပြီ။

လူပေါင်း ၁၃၄ဝဝဝ သေဆုံး သို့မဟုတ် ပျောက်ဆုံးနေဆဲ ဖြစ်ခဲ့ရသည့် နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး တလခွဲခန့် ကြာမြင့်သော ယခုအချိန်တွင် တတ်နိုင်သည့်ဘက်က အားတက်သရော လုပ်အားပေးလုပ်ခဲ့သူ စေတနာရှင် ပုဂ္ဂိုလ်များ ဖမ်းဆီးခံရသူ ခံရကာ ကျန်သူများလည်း ခြေကုန်၊ လက်ပန်းကျလာကြသည်။ ပမာဏကြီးမားသော ကယ်ဆယ် ထောက်ပံ့ရေးအတွက် စနစ်တကျ စုစည်းထားသော အင်အားစုများ လိုအပ်ပြီး အချိန်နှင့်တပြေးညီ ဉာဏနှင့် ငွေကြေးပံ့ပိုးနိုင်မှု ရှိရမည်။

ကျယ်ပြန့်လှသော ဒေသများမှ လူသန်းပေါင်း ၂ ဒဿမ ၄ သန်းခန့်မှာ ဆိုင်ကလုံးဒဏ် ဆိုးရွားစွာ ခံခဲ့ရသူများဖြစ်ပြီး ထောင်ပေါင်းများစွာသော ဒုက္ခသည်များမှာ သင့်တင့် လုံလောက်သော အစားအသောက်၊ နေရာထိုင်ခင်းနှင့် ထောက်ပံ့မှုများ မရသေးဘဲ ဖြစ်နေဆဲပင်။ အဆိုးထဲက အကောင်းမှာ ဒုက္ခသည် အများအပြားမှာ အုံးရေသောက်၊ ငှက်ပျောဖူးစား နေခဲ့ရသော်လည်း စိုးရိမ်ထားသလို ‘ဒုတိယအသုတ် သေမင်းတမာန်’ ဖြစ်စေမည့် ကပ်ရောဂါဘေး ကြုံတွေ့ရမှု မရှိသေးခြင်းပင်။ 

နှောင့်နှေးမှုနှင့် ပွင့်လင်းမှု မရှိခြင်းများကြောင့် မသေသင့်ဘဲသေ၊ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရသည်ကို အစိုးရအနေဖြင့် သင်ခန်းစာ မယူနိုင်သေးဘဲ ရာဇဝတ်မှု ဆက်လက် ကျူးလွန်လျက် ရှိပြန်သည်။ ကယ်ဆယ် ထောက်ပံ့ရေး လုပ်သည့် နိုင်ငံတကာနှင့် ဒေသခံ အန်ဂျီအိုများကို ထိန်းချုပ်သည့် ‘လိုက်နာရန် စည်းကမ်းများ’ ချမှတ်ပြီး ကွပ်နှောင်ရေးကို ဦးစားပေးနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆန်အိုးကြီးကို မှောက်လှဲသွားခဲ့ပြီးနောက် ပြန်လည်ထူမတ်ရန် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကုန်ကျမည်ဟု စစ်အစိုးရက ပြောကြားကာ နိုင်ငံခြား တိုင်းပြည်များမှ အကူအညီပေးပါရန် တောင်းဆိုခဲ့သည်။ အကယ်၍သာ ယခုပြောသည့် ပမာဏမှာ ချဲ့ကားထားခြင်း မဟုတ်လျှင် မြန်မာနိုင်ငံ အနေဖြင့် ကိုယ့်အားကိုယ်ကိုး ရုန်းထရန်မှာ အင်မတန်မှ လေးလံလှသော ဝန်ထုပ်ဖြစ်ပြီး လက်တွေ့မကျပေ။

နိုင်ငံတကာ၏ ပံ့ပိုးမှုလိုပေသည်။ သို့သော် အလှူရှင်များ လိုလားသော လှိုက်လှဲပျူငှာ ကြိုဆိုမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံနိုင်မှု၊ သမာသမတ်ကျမှုနှင့် သတင်းလွတ်လပ်ခွင့်တို့အတွက် လုပ်ဆောင်ခြင်း မရှိ၍ လှူတန်းလိုသူများ လူမိုက်အားပေး မလုပ်ဘဲ ရှောင်ဖယ်ကြရင်ဖြင့် တိုင်းပြည် နစ်သထက်နစ်ကာ ဤဒဏ်ကို အာဏာရှင်နှင့် သူ၏ အပေါင်းပါ လက်တဆုတ်စာ လူတစုမှလွဲလျှင် မျိုးဆက်နှင့်ချီ လှိမ့်ခံရပေတော့မည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved