ကြိုးဝိုင်းပေါ်က ကြေးစားများ

ကြိုးဝိုင်းပေါ်က ကြေးစားများ

မြန်မာနိုင်ငံမှာ ဘောလုံးအားကစားပြီးရင် အရူးအမူးအားပေးကြတဲ့ နောက်ထပ် အားကစားနည်းကတော့ မြန်မာ့ရိုးရာလက်ဝှေ့ ကစားနည်းပါ။ မြန်မာ့ရိုးရာ လက်ဝှေ့အားကစားနည်းကို မြန်မာလူမျိုးတိုင်း နှစ်သက်အားပေးလေ့ရှိပြီး ရိုးရာလက်ဝှေ့ကစားသမားတွေကိုလည်း ချစ်ခင်အားပေးတတ်ကြပါတယ်။ မြန်မာ့ရိုးရာ လက်ဝှေ့ကစားနည်းဟာ မြန်မာရိုးရာကစားနည်း စစ်စစ်ဖြစ်ပြီး ကမ္ဘာက မြန်မာကို သိစေတဲ့ အားကစားနည်း ပြောနိုင်ပါတယ်။ ၂၀ဝဝပြည့်နှစ် ဝန်းကျင် လောက်ကစပြီး မြန်မာ့ရိုးရာလက်ဝှေ့ဖိတ်ခေါ်ပြိုင်ပွဲတွေကို ပြည်ပနိုင်ငံသားတွေ လာရောက် ယှဉ်ပြိုင်ကြသလို ပြည်ပနိုင်ငံတွေမှာ ကျင်းပပြုလုပ်တဲ့ ရိုးရာလက်ဝှေ့ဖိတ်ခေါ်ပြိုင်ပွဲတွေကိုလည်း မြန်မာလက်ဝှေ့သမားတွေ သွားရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ရိုးရာလက်ဝှေ့ အစ

မြန်မာ့ရိုးရာလက်ဝှေ့ကစားနည်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက မြန်မာနိုင်ငံမှာ ကစားခဲ့ပြီး ပွဲကျောင်းလို့ခေါ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ကိုယ်ခံပညာတစ်ရပ်အနေနဲ့ သင်ကြားပေးကြပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေကို အရင်က ဘုရားပွဲတွေ၊ ၁၂လ ရာသီပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေမှုအဖြစ် တင်ဆက်လေ့ရှိပါတယ်။

ရှေးယခင်က မြန်မာ့လက်ဝှေ့ပွဲတွေမှာ အလဲထိုး၊ အကွဲထိုးဆိုပြီး စည်းမျဉ်းအတိအကျ မရှိပေမယ့် ဒီဘက်ခေတ်မှာတော့ မြန်မာ့ရိုးရာ လက်ဝှေ့က အားကစား ပိုဆန်လာပါပြီ။ ဒီစနစ်ဟာ အားကစား ပိုဆန်တဲ့အတွက် နိုင်ငံတကာကပါ အသိအမှတ်ပြု လက်ခံလာပေမယ့် ဒိုင်တွေရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေ၊ မွေထိုင်းနဲ့ရောထွေးလာနိုင်တဲ့ အချက်၊ မြန်မာ့ရိုးရာလက်ဝှေ့ အနှစ်သာရ လျော့ကျစေတဲ့ အားနည်းချက်တွေ ရှိနေပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ် အများစုကတော့ ခံနိုင်ရည်နဲ့ ကြံ့ခိုင်မှုကို ဦးစားပေးရတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ အနှစ်သာရ ပျောက်သွားမှာ စိုးတဲ့အတွက် အမှတ်ပေးစနစ်ကို မကြိုက်ကြပါဘူး။

ကြေးစားလက်ဝှေ့သမားတွေ

မြန်မာ့ရိုးရာလက်ဝှေ့သမားတွေဟာ ဟိုယခင်ကတည်းက ဆုကြေးငွေအတွက် ထိုးသတ်ကြတဲ့ ကြေးစားလက်ဝှေ့သမားတွေပါ။ အရင်ခေတ်က ဘုရားပွဲမှာလုပ်တဲ့ ရိုးရာလက်ဝှေ့ပွဲတွေမှာ နိုင်တဲ့သူက ဆုကြေးဘယ်လောက်ရမယ်ဆိုပြီး သတ်မှတ်ထိုးရသလို ဒီဘက်ခေတ်နောက်ပိုင်းမှာတော့ မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် တစ်ဦးရဲ့တစ်ပွဲထိုးသတ်ကြေးက သိန်းဆယ်ချီပြီး ရှိနေပါပြီ။ “လက်ဝှေ့သမားတစ်ဦးဟာ သူ့အသက်ကိုတောင် ရင်းပြီး ထိုးသတ်ရတာပါ။ ဒီအတွက် ထိုက်တန်တဲ့ ထိုးသတ်ကြေး ရသင့်ပါတယ်။ ဒီအလုပ်က ပရော်ဖက်ရှင်နယ် အလုပ်ဖြစ်ပြီး ကျွန်တော်တို့ မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေကလည်း ကြေးစားလက်ဝှေ့သမားတွေပါ” လို့ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုင်းဇော်ဇော်က ပြောပါတယ်။

ဒီနေ့ခေတ်မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေ ခံစားခွင့်ရနေတဲ့ ထိုးသတ်ကြေးက အမြင့်ဆုံး သိန်းသုံးဆယ်ကနေ၊ အနိမ့်ဆုံး သုံးသိန်းဝန်းကျင်အထိ ရှိနေပါတယ်။ ဒီနေ့ နာမည်ကျော် မြန်မာ့ရိုးရာလက်ဝှေ့ ကစားသမားတွေတောင် တစ်လကို နှစ်ပွဲလောက်ပဲ ထိုးခွင့်ရနေပြီး လူငယ်လက်ဝှေ့သမားတွေကတော့ တစ်လ တစ်ပွဲ ထိုးခွင့်ရဖို့တောင် မသေချာတဲ့အတွက် ဒီပမာဏဟာ ဘဝနေထိုင်ရပ်တည်ဖို့အတွက် လုံလောက်တယ်လို့ မဆိုသာပါဘူး။ ဒါပေမဲ့ လက်ဝှေ့သမားအများစုကတော့ ငွေကြေးထက် ဝါသနာကို အရင်းခံပြီး ထိုးသတ်နေကြတာပါ။

“ကျွန်တော်တို့က ဟိုအရင် ပိုက်ဆံဘယ်လောက်မှ မရတဲ့အချိန်ကတည်းက ထိုးလာတာ။ ကျွန်တော်တို့အတွက် ပိုက်ဆံက အရေးမကြီးပါဘူး။ လက်ဝှေ့ထိုးခွင့်ရနေတာကိုပဲ ကျေနပ်နေတာပါ” ဒီစကားတွေကိုတော့ မြန်မာ့ရိုးရာ လက်ဝှေ့အကျော်အမော် တူးတူးက ပြောတာပါ။

မြန်မာ့ရိုးရာလက်ဝှေ့သမားတွေဟာ ငွေကြေးအတွက် လက်ဝှေ့ထိုးနေတာ မဟုတ်တဲ့အတွက် မိသားစုရဲ့ နားလည်မှုကို မရနိုင်ကြပဲ ပတ်ဝန်းကျင်ရဲ့အထင်အမြင်လွဲမှားမှုတွေနဲ့လဲ ရင်ဆိုင်နေကြရတာပါ။ အိမ်မှာ မိသားစုက စားစရာမရှိနေလဲ သူတို့ကတော့ ဆိုင်းသံကြားတာနဲ့ ကြိုးဝိုင်းထဲကို ပြေးဝင်သွားကြတာဖြစ်ပြီး ပတ်ဝန်းကျင်ကလည်း စိတ်ကြမ်းလူကြမ်းတွေလို့ သတ်မှတ်ပြီး အပေါင်းအသင်းလုပ်ဖို့ လက်ရှောင်ကြသလို ဝဋ်ကြွေးကြောင့် လက်ဝှေ့သမား ဖြစ်နေရတာလို့လည်း ဝေဖန်ပြောဆိုကြပါတယ်။

“လက်ဝှေ့သမားတွေကို ဝဋ်ကြွေးကြောင့် လက်ဝှေ့ထိုးနေရတာလို့ ပြောတာကို ကျွန်တော် ကန့်ကွက်ပါတယ်။ သူတို့က သူတို့ ဝါသနာပါတဲ့ အားကစားနဲ့ အသက်မွေးဝမ်းကျောင်းလုပ်နေတာပါ။ လက်ဝှေ့ထိုးရလို့ စိတ်ညစ်တဲ့ လက်ဝှေ့သမား မရှိပါဘူး။ သူတို့က လက်ဝှေ့မထိုးရရင်သာ စိတ်ညစ်နေကြတာပါ။ စိတ်ဓာတ်ပိုင်းအရလည်း သူတို့က ရိုးသားတဲ့လူတွေပါ” လို့ ဦးစိုင်းဇော်ဇော်က ပြောပါတယ်။ တကယ်တော့ မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေဟာ ကမ္ဘာကျော် လက်ဝှေ့သမားတွေလို ဇိမ်ခံအိမ်တွေ၊ ကားတွေနဲ့ စည်းစိမ်ခံစားနိုင်တဲ့ လူတန်းစားမဟုတ်ပါဘူး။

အိုလံပစ်အားကစား ဖြစ်လာဖို့မရှိတဲ့ ရိုးရာလက်ဝှေ့

အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ရိုးရာကစားနည်းဖြစ်တဲ့ မွေထိုင်း အားကစားနည်းကို အိုလံပစ် အားကစားနည်းဖြစ်လာဖို့ ထိုင်းတွေက ကြိုးပမ်းနေကြပြီး အခုဆို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ တရားဝင် ထည့်သွင်းကျင်းပနေပါပြီ။ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်းကို ကမ္ဘာက အသိအမှတ်ပြုဖို့ မွေထိုင်းလို အိုလံပစ် အားကစားနည်းဖြစ်လာအောင် လုပ်စေလိုတဲ့ ဆန္ဒလည်း မြန်မာပရိသတ်တွေမှာ ရှိနေပါတယ်။ ဒါပေမဲ့ မြန်မာ့ရိုးရာလက်ဝှေ့က ဆုကြေးစား ကစားနည်းဖြစ်ပြီး တကယ်လို့ အိုလံပစ်ကစားနည်းသာ ဖြစ်သွားရင် အပျော်တမ်းအဆင့် ဖြစ်သွားမှာဖြစ်လို့ ကြိုးပမ်းမှာ မဟုတ်ဘူးလို့ ဦးစိုင်းဇော်ဇော်က ပြောပါတယ်။

“ကျွန်တော်တို့ ကစားနည်းကို ဘာလို့ အိုလံပစ် အားကစားနည်းဖြစ်အောင် မကြိုးပမ်းလဲဆိုတော့ အချက် နှစ်ချက်ရှိပါတယ်။ ပထမအချက်က ငွေအရမ်းကုန်တယ်။ ဆီးဂိမ်းမှာ ပါခွင့်ရဖို့ လုပ်မယ်ဆိုရင် အာဆီယံ ဆယ်နိုင်ငံမှာ အဖွဲ့ချုပ်တွေရှိလာဖို့ ကျွန်တော်တို့က ဦးဆောင်စီစဉ် ပေးရမယ်။ မွေထိုင်းလဲရှိနေတော့ စည်းကမ်းလဲ သိပ်မကွာတဲ့အတွက် ကျွန်တော်တို့ကို မွေထိုင်း အတုကြီးလို့ အပြောမခံနိုင်ဘူး။ ဒုတိယတစ်ချက်က ကျွန်တော်တို့ ကစားနည်းက ကြေးစား ကစားနည်းဗျ။ တကယ်လို့ အိုလံပစ်ကစားနည်းဖြစ်သွားရင် အပျော်တမ်း ဖြစ်သွားလိမ့်မယ်။ အဲ့ဒီအခါကျရင် ကစားသမားတွေက လစာပဲ ရတော့မယ်။ သူတို့ ဘယ်လို ရပ်တည်မလဲ။ အခုလဲ တိုင်းပြည်အတွက် ကျွန်တော်တို့ မွေထိုင်း လက်ရွေးစင်အသင်းအတွက် ကစားသမားတွေ ပံ့ပိုးပေးထားပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၃ ကြိမ် မြောက်ဆီးဂိမ်းမှာ မွေထိုင်းအားကစားနည်းကို စတင်ကျင်းပခဲ့ပြီး ၂၀၁၅ စင်ကာပူဆီးဂိမ်းမှာတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ “ကျွန်တော်တို့က တိုင်းပြည်အတွက်ဆိုလည်း ကစားမှာပါ။ ဒါပေမဲ့ ပိုက်ဆံ မရရင်တော့ ကျွန်တော်တို့ ဘဝရပ်တည်မှုတွေ ရှိသေးတယ်။ နိုင်ငံအတွက် လိုအပ်ရင် ကစားပြီး ကျန်တဲ့အချိန်တွေမှာ ပွဲတွေ ထိုးခွင့်ရနေတဲ့အတွက် ဒီအတိုင်းပဲ ကောင်းပါတယ်”လို့ မြန်မာ့ရိုးရာလက်ဝှေ့ အကျော်အမော် စောငမန်းကလည်း သူ့အမြင်ကို ပြောပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့အသိုင်းအဝိုင်းက လူတွေကတော့ သူတို့ ကစားနည်းကို ရိုးရာကစားနည်းအနေနဲ့ပဲ ကမ္ဘာက သိအောင်လုပ်လိုတဲ့ ဆန္ဒ တညီတညွတ်တည်း ရှိနေကြတာပါ။

ကမ္ဘာအထိ ခြေဆန့်လာတဲ့ မြန်မာ့လက်ဝှေ့

မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်းကို ကမ္ဘာကလည်း စိတ်ဝင်စားပြီး မြန်မာနိုင်ငံကို လာရောက်လေ့လာမှုတွေ လုပ်ကြသလို နောက်ပိုင်းနှစ်တွေမှာ ပြည်ပနိုင်ငံတွေမှာလည်း မြန်မာ့ ရိုးရာလက်ဝှေ့ပွဲတွေကို ကျင်းပပြုလုပ်လာပါတယ်။ ၁၉၉၀ ဝန်းကျင်နှစ်တွေက ရွှေဓူဝံ၊ ရွှေဝါထွန်း၊ ဝမ်ချိုင်း စတဲ့ နာမည်ကျော် လက်ဝှေ့သမားတွေ အမေရိကန်နိုင်ငံမှာ သွားရောက် ထိုးသတ်ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သလို လက်ရှိအချိန်ကာလမှာလည်း မြန်မာ့လက်ဝှေ့ အကျော်အမော်တွေနဲ့ ပြည်ပလက်ဝှေ့သမားတွေ ပြည်တွင်းရောပြည်ပမှာပါ ယှဉ်ပြိုင်ထိုးသတ်မှုတွေ ရှိလာပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ကို ပြည်ပနိုင်ငံတွေမှာ စိတ်ဝင်စားမှု မြင့်တက်လာပေမယ့် ပြည်တွင်းမှာတော့ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုတဲ့ ပရိသတ်အရေအတွက်ဟာ ယခင်နှစ်တွေထက်စာရင် ကျဆင်းမှုတွေ ရှိလာနေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး “ရိုးရာလက်ဝှေ့ပွဲတွေမှာ ပရိသတ်ကျဆင်းလာတာက နောက်ပိုင်းမှာ ရုပ်သံတွေက တိုက်ရိုက်ထုတ်လွှင့်နေတာကြောင့်လည်း ပါတယ်။ နောက်ပြီး အရင်က ရိုးရာလက်ဝှေ့ပရိသတ်တွေက အလဲထိုး၊ အကွဲထိုးမှ ကြိုက်ကြတာ။ နောက်ပိုင်းမှာ ကျွန်တော်တို့က နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အားကစားနည်းအနေနဲ့ကစားနိုင်ဖို့အတွက် စည်းမျဉ်းတွေ၊ နည်းစနစ်တွေကို ဦးစားပေးလာတာကြောင့် ပွဲအေးသလိုဖြစ်နေတဲ့အတွက်ပါ” လို့ ဦးစိုင်းဇော်ဇော်က ဖြေရှင်းပြောကြားခဲ့ပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်အနေနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိုမိုပြန့်ပွားလာစေဖို့အတွက် ရုပ်သံလိုင်းတွေနဲ့ ချိတ်ဆက်ပြီး ရုပ်သံအစီအစဉ်တွေ တင်ဆက်နိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်းရဲ့ အောင်မြင်မှုဟာ ကမ္ဘာ့အဆင့်ရှိနေပြီး မေလထဲမှာ ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆလိုဗက်ကီးယားနိုင်ငံမှာ ပထမဆုံးမြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက တူးတူးနဲ့ ရဲကျော်သူတို့ သွားရောက် ထိုးသတ်ခဲ့ကြပါသေးတယ်။

ထိန်းသိမ်းရမယ့် အမွေအနှစ်

မြန်မာ့ရိုးရာလက်ဝှေ့ဟာ မြန်မာ့အမွေအနှစ် တစ်ရပ်ဖြစ်ပြီး မြန်မာလူမျိုးတိုင်း ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ရိုးရာလက်ဝှေ့ အားကစားနည်းကို တစ်နိုင်ငံလုံးအတိုင်းအတာအထိ စိတ်ဝင်စားမှု ရှိလာစေဖို့ ကြိုးပမ်းရမှာဖြစ်သလို ရိုးရာလက်ဝှေ့သမားတွေ မွေးထုတ်ပေးနေတဲ့ ရိုးရာလက်ဝှေ့ကလပ်တွေကိုလည်း အဖွဲ့ချုပ်အနေနဲ့ ထောက်ပံ့ပေးသင့်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုးရာလက်ဝှေ့ ကလပ်တွေဟာ နိုင်ငံတစ်ဝှမ်းမှာရှိနေပြီး အားလုံးက ကိုယ်ထူကိုယ်ထ တည်ထောင်ထားရတာပါ။ တကယ်တော့ မြန်မာ့ရိုးရာလက်ဝှေ့သမားတွေရဲ့ဘဝဟာ ကြမ်းတမ်းပါတယ်။ ရိုးရာလက်ဝှေ့သမားတွေဟာ ထမင်းကြမ်းခဲနဲ့ ငပိရည်စားပြီး ကမ္ဘာက မြန်မာကို သိအောင် သူတို့ချစ်တဲ့ အားကစားနဲ့ ပုခုံးထမ်း တင်ပေးနေတာပါ။ သူတို့ဟာ ကြေးစားကစားသမားတွေဆိုပေမယ့် သူတို့ ရနေတဲ့ ထိုးသတ်ကြေးက သူတို့ ဘဝရပ်တည်မှုအတွက် လုံလောက်တဲ့ ငွေပမာဏတော့ မဟုတ်ပါဘူး။ ရိုးရာလက်ဝှေ့ဟာ လူသတ်နေတာ မဟုတ်တာ မဟုတ်ပါဘူး။ ရိုးရာလက်ဝှေ့ကစားသမားတွေဟာ ဝဋ်ကြွေးကြောင့် ကစားနေတာ မဟုတ်ပါဘူး။ လူသတ်သမားတွေ မဟုတ်ပါဘူး။ သူတို့ အသက်ထက် ပိုမြတ်နိုးတဲ့ အားကစားကို ကစားပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်ဖို့ ကြိုးစားနေကြ သူတွေပါ။ ဒါကြောင့် ရိုးရာလက်ဝှေ့ အားကစားနည်းကို အားပေးပြီး နိုင်ငံရဲ့ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းဖို့ အားလုံးမှာ တာဝန်ရှိကြောင်း...။

HyperSports Magazine No.24 Pg. 24 1st January 2016

.page-node-9339 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly