ဗီယက်နမ် ယူ - ၂၁ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ တတိယနေရာလုပွဲ မြန်မာနှင့် ထိုင်းအသင်း ယနေ့ညနေပိုင်း ကစားမည်

ဗီယက်နမ် ယူ - ၂၁ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ တတိယနေရာလုပွဲ မြန်မာနှင့် ထိုင်းအသင်း ယနေ့ညနေပိုင်း ကစားမည်
(ဓာတ်ပုံ - MFF)

ဗီယက်နမ် သတင်းစာ ဖိတ်ခေါ်ဖလားပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၂ ရက် ယနေ့ညနေပိုင်းမှာ ဗီယက်နမ်နိုင်ငံ၊ ကန်တိုမြို့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

တတိယနေရာလုပွဲမှာ မြန်မာ ယူ - ၂၁ အသင်းဟာ ထိုင်းအသင်းနှင့် ကစားရမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ အိမ်ရှင် ဗီယက်နမ် ယူ - ၂၁ အသင်းက လက်ရှိ ချန်ပီယံ ယိုကိုဟားမား ယူ - ၂၁ အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာ ယူ-၂၁ အသင်းဟာ အုပ်စုပွဲစဉ် (၄) ပွဲ ကစားပြီးချိန် တစ်ပွဲနိုင် တစ်ပွဲသရေ နှစ်ပွဲရှုံး ရမှတ် (၄) မှတ် ရရှိထားတာကြောင့် တတိယနေရာလုပွဲ ကစားရတာဖြစ်ပါတယ်။

မြန်မာ ယူ-၂၁ အသင်းဟာ အဆိုပါပြိုင်ပွဲမှာ ဗီယက်နမ် ယူ-၁၉ အသင်းကို တစ်ဂိုးစီ သရေ၊ ထိုင်း ယူ-၂၁ အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်၊ ဗီယက်နမ် ယူ-၂၁ အသင်းကိုတော့ နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဂျပန်ကလပ် ယိုကိုဟားမားအသင်းကို ငါးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ရမှတ် (၄) မှတ်ဖြင့် အုပ်စု တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်များကို ဒီဇင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်း ယူ - ၂၁ အသင်းဟာ အိမ်ရှင် ဗီယက်နမ် ယူ - ၂၁ အသင်းနှင့် ၃ ဂိုးစီသရေကျခဲ့တာကြောင့် တတိယနေရာလုပွဲမှာ မြန်မာအသင်းနှင့် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ် ယူ-၁၉ အသင်းဟာ အုပ်စုပွဲစဉ်များအားလုံး ကစားပြီးချိန်မှာ ရမှတ် (၂) မှတ်သာ ရရှိခဲ့ပြီး အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်ခဲ့တာကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

မြန်မာ ယူ-၂၁ အသင်းဟာ အုပ်စုပွဲစဉ်မှာ ထိုင်း ယူ-၂၁ အသင်းနှင့် ကစားခဲ့ရာ မြန်မာ ယူ-၂၁ အသင်းက ဟိန်းထက်အောင်ရဲ့ ဂိုးနဲ့ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားပါတယ်။

တတိယနေရာလုပွဲကို မြန်မာစံတော်ချိန် ၃ နာရီခွဲ၊ ဗိုလ်လုပွဲကို ညနေ ၆ နာရီမှာ ကျင်းပမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly