မြန်မာနိုင်ငံတွင် လူသတ်မှုကျူးလွန်ခဲ့သူကို စကော့တလန်တွင် တွေ့ရှိ

မြန်မာနိုင်ငံတွင် လူသတ်မှုကျူးလွန်ခဲ့သူကို စကော့တလန်တွင် တွေ့ရှိ
နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုက 'Red Notice' အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားခြင်းခံထားရပြီး အလိုရှိနေသည့် Mr Harris John Italo Binotti

ရန်ကုန်၊ ဧပြီ ၁၉ ။        ။ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် ဗြိတိန်နိုင်ငံသားတစ်ဦးကို သတ်ဖြတ်ခဲ့ရသည်​့အမှုတွင်​ နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိနေသည့် Mr Harris John Italo Binotti ကို စကော့တလန် (Scotland) ပြည်နယ်၊ Glasgow မြို့က တိုက်ခန်းတခု၌ တွေ့ရှိခဲ့သည်ဟု စကော့တလန်အခြေစိုက်သတင်းစာအချို့နှင့် ပြည်တွင်းမီဒီယာအချို့၌ ​ဖော်ပြထားသည်။

အသက် ၂၆ နှစ်အရွယ် Harris Binotti သည် အဆိုပါ တိုက်ခန်းတွင် ၎င်း၏ ရည်စားဖြစ်သည့် Belgian နိုင်ငံသူနှင်​့အတူ နေထိုင်နေခြင်းဖြစ်သည်ဟု Scotland အခြေစိုက် The Herald နှင်​့ ဗြိတိန် အခြေစိုက် Daily Mail သတင်းစာများတွင်​ ဖော်ပြချက်ကို ကိုးကားပြီး ဗီအိုအေမြန်မာပိုင်းတွင် ရေးသားထားသည်။

မြန်မာနိုင်ငံဘက်မှတောင်းဆိုချက်အရ ပြစ်မှုကျူးလွန်သူ Mr Harris John Italo Binotti  ကို နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုက Red Notice အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူထံ မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

အနီရောင်အဆင့်သတိပေးချက်အရ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိပါက အခင်းဖြစ်ပွားခဲ့သည့် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း တရားလွတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္စျိမသို့ ဖြေကြားထားသည်။

Mr. Peter Gary Ferguson သည် နိုဝင်ဘာ ၄ ရက်က သေဆုံးခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာ နေအိမ်တွင် ၎င်း၏ အလောင်းကို နိုဝင်ဘာ ၆ရက်၊ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဖြစ်​စဉ်​မှာ ၎င်း၏ သူငယ်ချင်းဖြစ်သည့် ပြစ်မှုကျူးလွန်သူ Mr Harris John Italo Binotti ၏ နေအိမ်သို့ သွားရောက်ခဲ့ပြီးနောက် နှစ်ဦးရန်ဖြစ်ရာမှ အသတ်ခံရခြင်းဖြစ်ကြောင်း Mr. Peter Gary Ferguson ၏ အမျိုးသမီးက မဇ္စျိမသို့ ၂၀၁၆ နိုဝင်ဘာ ၆ရက်က ပြောသည်။

Mr. Peter ၏ အမျိုးသမီးက နိုဝင်ဘာ ၆ရက် နံနက်ပိုင်းတွင် အခင်းဖြစ်ရာ ကျောက်တံတားမြို့နယ် ၃၉ လမ်း သို့ရောက်ရှိလာပြီး ၎င်း၏ ခင်ပွန်းဖြစ်သူမှာ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ကျောက်တံတားရဲစခန်းတွင် လာရောက်တိုင်တန်းခဲ့ကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းအချက်အလက်များအရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ်ရဲစခန်းတွင် (ပ) ၂၄၅/ ၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့်လည်​း အမှုဖွင့်ထားသည်​။

သေဆုံးသူ အသက် ၄၇ အရွယ် Mr. Peter Gary Ferguson သည် သာကေတမြို့နယ်ရှိ မြခွာညိုအိမ်ယာတွင် နေထိုင်သူဖြစ်ပြီး Horizon International School မှဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly