စင်္ကာပူမှာ လျှပ်စစ်ကား အငှားလုပ်ငန်း ဝန်ဆောင်မှု ဒီဇင်ဘာလမှာ စတင်မည်

စင်္ကာပူမှာ လျှပ်စစ်ကား အငှားလုပ်ငန်း ဝန်ဆောင်မှု ဒီဇင်ဘာလမှာ စတင်မည်
(ဓာတ်ပုံ - အေအက်ဖ်ပီ)

စင်္ကာပူနိုင်ငံမှာ လျှပ်စစ်ကား အငှားလုပ်ငန်း ဝန်ဆောင်မှုတစ်ခုကို လာမယ့် ဒီဇင်ဘာလမှာ စတင်မယ်လို့ ၎င်းအစီအစဉ်ရဲ့ နောက်ကွယ်မှ ကုမ္ပဏီတစ်ခုက စက်တင်ဘာ ၂၇ ရက်နေ့က ပြောဆိုခဲ့ပြီး ဒါဟာ အရှေ့တောင်အာရှမှာ ပထမဆုံး ဝန်ဆောင်မှုဖြစ်လာမယ်လို့ သိရပါတယ်။

ပြင်သစ်နိုင်ငံမှ Bollore အုပ်စုရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ BlueSG က ယာဉ်ခေါ်ယူမှုနှင့် ပြန်ချထားနိုင်မယ့် ဂိတ် ၃၀ နှင့်အတူ ကာအစီးရေ ၈၀ ဖြင့် ဒီနှစ်ကုန်မှာ လုပ်ငန်းကို စတင်လည်ပတ်မှာဖြစ်ပါတယ်။

အဆိုပါအုပ်စုဟာ ၎င်းရဲ့ Bluecars များကို ၂၀၂၀ ပြည့်နှစ်မှာ ဂိတ်နှင့် အားသွင်းတဲ့ နေရာများကိုလည်း အများအပြား တိုးချဲ့သွားမှာဖြစ်သလို အစီးရေ ၁၀၀၀ အထိ တိုးချဲ့သွားဖို့ စီစဉ်နေပါတယ်။

ယေဘုယျအားဖြင့် ဒေသတွင်းမှ ယာဉ်အလွန်ကြပ်တဲ့ မြို့များနှင့် ယှဉ်ပါက ဆန့်ကျင်ဘက်ဖြစ်နေတဲ့ စင်္ကာပူနိုင်ငံဟာ သယ်ယူပို့ဆောင်ရေး ဆန်းသစ်တီထွင်မှုများအတွက် စမ်းသပ်မှုနေရာတစ်ခုဖြစ်လာပါတယ်။ ပြီးခဲ့တဲ့နှစ်က စင်္ကာပူနိုင်ငံဟာ ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ အငှားယာဉ်လုပ်ငန်းကို အကန့်အသတ်ဖြင့် စမ်းသပ်ခဲ့ပါတယ်။

အာရှဈေးကွက်သို့ ဝင်ရောက်ရန် စင်္ကာပူနိုင်ငံဟာ ၎င်းတို့ကုမ္ပဏီအတွက် စတင်ရာ နေရာလို့ Blue Solutions ကုမ္ပဏီမှ မာရီဘိုလိုရယ်က ဆိုပါတယ်။

Blue Solutions ဟာ လျှပ်စစ်ကား အငှားလုပ်ငန်း ဝန်ဆောင်မှုမှာ ကမ္ဘာ့အကြီးဆုံး အော်ပရေတာဖြစ်ပါတယ်။ ပြင်သစ်မှာ ပါရီနှင့် လိုင်ယွန်မြို့၊ အီတလီမှာ တူရင်နှင့် အမေရိကန်မှာ အင်ဒီယာပိုလစ်စ်တို့ အပါအဝင် မြို့ကြီး ၈ မြို့မှာ လျှပ်စစ်ကား ၅,၀၀၀ ဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။

စင်္ကာပူမှာ အသုံးပြုသူများဟာ လျှပ်စစ်ကား ငှားရမ်းရန် အွန်လိုင်း သို့မဟုတ် မိုဘိုင်း app တစ်ခုမှ ကြိုတင်ဘွတ်ကင်နိုင်ပါပြီး အဆိုပါကားကို ငှားရမ်းသူတို့ သွားမယ့် ခရီးအကွားအဝေးထက် အချိန်ကိုကြည့်ပြီး ငှားရမ်းခပေးဆောင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် နေ့စဉ် သို့မဟုတ် နှစ်စဉ်အလိုက်အဖွဲ့ဝင်အဖြစ်လည်း ငှားရမ်းအသုံးပြုနိုင်ခွင့် ရှိပါတယ်။

Bluecars လျှပ်စစ်ကားဟာ စမတ်ကားထက် အနည်းငယ်ပိုပြီးပြီး တံခါးပေါက် နှစ်ပေါက်နှင့် ထိုင်ခုံ ၄ ခုံပါရှိပါတယ်။

Nissan ကလည်း အလားတူ ဝန်ဆောင်မှု တစ်ခုကို တိုကျိုတောင်ပိုင်း ပိုကိုဟားမားမှာ မတ်လက စတင်ခဲ့ပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly