လူကြိုက်မများတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာ

လူကြိုက်မများတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာ

လူကြိုက်မများတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာ

ဒီယေဂိုကော်စတာဆိုတာ လက်ရှိဘောလုံးကမ္ဘာမှာ ထိပ်တန်းတိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်ပါတယ်။ တိုက်စစ်မှူးဖြစ်ပေမယ့် သူ့ရဲ့ ကြမ်းတမ်းပြီး ပရိယာယ်များတဲ့ ကစားပုံနဲ့ စောဒကတက်မှုတွေကြောင့် မကြာခဏ အဝါကတ်၊ နီကတ်တွေ ပြသခံရသူလည်း ဖြစ်ပါတယ်။ ကော်စတာရဲ့ ပုံစံက ပြိုင်ဘက်အသင်းနဲ့ ပရိသတ်တွေအတွက် မုန်းစရာကောင်းပေမယ့် သူကိုယ်စားပြုကစားတဲ့ အသင်းအတွက်တော့ အကျိုးရှိစေတယ်ဆိုတာ ငြင်းမရပါဘူး။ ဒီလို ထိပ်တန်းအဆင့်ကို ရောက်ဖို့ ခက်ခဲတဲ့ ဘောလုံးသမားဘဝကို ဖြတ်သန်းလာခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ဘဝမှာ အမှတ်ရစရာတွေ အများကြီးရှိတဲ့ အထဲက အချက်အလက်အချို့ကို ဖော်ပြလိုက်ပါတယ်။

လမ်းပေါ်က ဘောလုံးသမား

ကော်စတာဟာ ဘရာဇီးက နာမည်ကျော် ဘောလုံးသမားများနည်းတူ လမ်းပေါ်မှာပဲ ဘောလုံးကစားရင်း ကြီးပြင်းလာသူဖြစ်ပါတယ်။ သူ့ရဲ့မွေးရပ်မြေ ဘရာဇီးနိုင်ငံ၊ လာဂါတိုမြို့က လမ်းမတွေဟာ ကော်စတာရဲ့ ဘောလုံးကွင်းတွေပဲ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်အရွယ်အထိ ဘောလုံးဝတ်စုံ တစ်စုံနဲ့ တစ်ရံတည်းသော ဘောကန်ဖိနပ်ကိုသာ ဝတ်ဆင်ကစားခဲ့ရသူ ဖြစ်ပါတယ်။

ပထမဆုံး ပရော်ဖက်ရှင်နယ်ကလပ်

ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် ကော်စတာ ပထမဆုံးကစားခဲ့တဲ့အသင်းက ပေါ်တူဂီကလပ် ဘရာဂါအသင်းပဲ ဖြစ်ပါတယ်။ သူအသက် ၁၈ နှစ်အရွယ်မှာ စတင်ကစားခဲ့တာ ဖြစ်ပါတယ်။ ဘရာဂါအသင်းမှာ ကစားနေစဉ် ပီနာဖီးလ်မှာ အငှားသွားရောက် ကစားခဲ့ရပါတယ်။ အဲ့ဒီနောက် ၂၀ဝ၇ ခုနှစ်မှာ အက်သလက်အသင်းကို ရောက်ရှိခဲ့ပေမယ့် တည်ငြိမ်တဲ့ ကစားသမားဘဝကို မရရှိခဲ့ပါဘူး။ ဘရာဂါ၊ ဆယ်လ်တာဗီဂို၊ အယ်လ်ဘာစီတီနဲ့ ဗယ်လ်ကာနိုအသင်းတွေထံ အငှားသွားရောက် ကစားခဲ့ရပါတယ်။

၂၀ဝ၉ ခုနှစ်မှာတော့ အက်သလက်က ဂိုးသမားအဆန်ဂျိုကို ခေါ်ယူလိုတာကြောင့် ကော်စတာကို ဗယ်လာဒိုးလစ်အသင်းထံ အလိုက်သဘောမျိုးနဲ့ ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ပြန်လည်ဝယ်ယူလိုရင် ယူရို ၁ သန်းနဲ့ ပြန်ဝယ်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။

၂၀၁၀ မှာတော့ အဂူရိုနဲ့ ဖော်လန်တို့ရဲ့ အရန်အဖြစ်ထားရှိဖို့ အက်သလက်က ကော်စတာကို ပြန်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၁-၁၂ မှာ ဗယ်လ်ကာနိုအသင်းထံ အငှား သွားကစားရပါသေးတယ်။ ၂၀၁၂-၁၃ ရာသီ ရောက်မှသာ အက်သလက်မှာ နေရာရလာတာ ဖြစ်ပါတယ်။

အောင်မြင်မှုများဆီသို့

၂၀၁၂-၁၃ ရာသီမှာ ကော်စတာဟာ အက်သလက်အတွက် ၄၄ ပွဲ ကစားပြီး ဂိုး ၂၀ အထိ သွင်းကာ အဓိက တိုက်စစ်မှူးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ၂၀၁၃-၁၄ မှာတော့ အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူးဖြစ်လာခဲ့ပြီး ပြိုင်ပွဲစုံမှာ ၃၆ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။ အဲ့ဒီနှစ်မှာ အက်သလက်တို့ လာလီဂါဖလားကို ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပါတယ်။

ချယ်လ်ဆီးသို့

အက်သလက်မှာ ခြေစွမ်းပြခဲ့လို့ ချယ်လ်ဆီးက ကော်စတာကို ပေါင် ၃၂ သန်း တစ်ပတ် လစာငွေ ပေါင် ၁ သိန်းခွဲနဲ့ ခေါ်လိုက်ပါတယ်။ ပထမဆုံးရာသီမှာပဲ ချယ်လ်ဆီးအတွက် ၂၁ ဂိုးသွင်းယူပြီး ပရီးမီးယားလိဂ်ဖလားနဲ့ ကက်ပီတယ်ဝမ်း ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပထမဆုံးချယ်လ်ဆီးနေ့

ချယ်လ်ဆီးအသင်း အဝတ်လဲခန်းကို ပထမဆုံးရောက်တဲ့နေ့မှာ ကော်စတာက တစ်နိုင်ငံတည်းသား အော်စကာနဲ့တွေ့ဆုံပြီး အသင်းရဲ့ အဓိကကျတဲ့ အမာခံကစားသမားတွေကို ခေါ်ယူပေးဖို့ ပြောခဲ့ပါတယ်။ သူက ဒီလိုပြောတော့ အော်စကာက တယ်ရီ၊ အိုင်ဗန်နိုဗစ်၊ ကာဟေးလ်နဲ့ မာတစ်တို့ကို ခေါ်လာခဲ့ပါတယ်။ အားလုံးကို ကော်စတာက လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူတို့ မျက်လုံးတွေကို သေချာကြည့်ကာ 'ငါ စစ်ပွဲထဲကို သွားမယ်။ မင်း ငါနဲ့လိုက်မလား' ဆိုပြီး အင်္ဂလိပ်လို ပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်နဲ့ ကော်စတာ

ချယ်လ်ဆီးကို မရောက်ခင် ပထမ တစ်နှစ်မှာ လီဗာပူးလ်အသင်းက ကော်စတာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ လီဗာပူးလ်တို့က ပေါင်သန်း ၂၀ အထိပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ဒီယေဂို ကော်စတာက အက်သလက်အသင်းမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်သူ

ကော်စတာဟာ ဟန်ဆောင်သူ၊ ပြိုင်ဘက်ကို လေးစားမှု မရှိသူ၊ ခပ်ညစ်ညစ် ကစားတတ်သူ စသဖြင့် အများစုက ဝေဖန်လေ့ရှိကြပါတယ်။ သူဟာ ကွင်းထဲမှာလည်း အဲ့ဒီလို ကစားတတ်သူဆိုတာ သက်သေတွေ အများကြီးရှိသလို သူကိုယ်တိုင်ကလည်း ဝန်ခံထားပါ။

"ကွင်းထဲမှာ ဆိုရင် ဘယ်သူနဲ့ ဖြစ်ဖြစ် ကျွန်တော် တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီလိုအချိန်မှာ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ပါဘူး။ ဘယ်သူ့ကိုမှ လေးစားမှုမရှိသလို ဘယ်သူ့ကိုဖြစ်ဖြစ် စော်ကားခဲ့ပါတယ်။ သူတို့ကို သတ်ဖို့အထိတောင် တွေးမိပါတယ်" လို့ ကော်စတာက ပြောဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် သူ့ရဲ့ ကစားသမားဘဝမှာ အနီကတ် ၇ ကတ်အထိ ပြသခံထားရတာ မဆန်းကျယ်လှပါဘူး။

အိမ်နီးချင်းကောင်း မဟုတ်သူ

အယ်လ်ဘာစီတီအသင်းမှာ ကစားနေစဉ်တုန်းက ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ ကော်စတာရဲ့ သူငယ်ချင်းက ညစ်ညမ်းဗီဒီယိုကားကို အသံအကျယ်ကြီးဖွင့်ပြီး ကြည့်နေတာကို ဆင်းရဲတဲ့ အိမ်နီးချင်းမိန်းမ တစ်ဦးက အသံတိုးဖို့ ပြောဆိုပါတယ်။ ဒါကို ကော်စတာက ခပ်ပြုံးပြုံးကြည့်ပြီး "ဘာဖြစ်လို့လဲ။ ခင်ဗျား ဒီလိုချစ်ကြတာကို မကြိုက်ဖူးလား" ဆိုပြီး ပြောခဲ့ပါတယ်။

ဘရာဇီးနဲ့ စပိန်တို့ရဲ့ ကော်စတာတိုက်ပွဲ

အက်သလက်မှာ ကော်စတာခြေစွမ်းပြနေချိန် ၂၀၁၃ ခုနှစ်က ဘရာဇီးနည်းပြ စကိုလာရီဟာ ကော်စတာကို အီတလီ၊ ရုရှတို့နဲ့ ကစားမယ့် ချစ်ကြည်ရေးခြေစမ်းပွဲတွေအတွက် ခေါ်ယူခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့၊ အီတလီနဲ့ပွဲမှာ တိုက်စစ်မှူး ဖရက်ဒ်ရဲ့အစား ဝင်ရောက်ပြီး ဘရာဇီးအတွက် ပထမဆုံး ကိုယ်စားပြုကစားခဲ့ပါတယ်။ အဲ့ဒီနောက် ရုရှနဲ့ပွဲမှာလည်း ကာကာရဲ့အစား လူစားဝင်ရောက်ကစားခဲ့ပါတယ်။

၂၀၁၃ ခုနှစ် စက်တင်ဘာမှာတော့ စပိန်ဘောလုံးအဖွဲ့ချုပ်က ကော်စတာကို စပိန်ကိုယ်စားပြုကစားဖို့ ဖီဖာထံ စာတင်လိုက်ပါတယ်။ ကော်စတာကလည်း စပိန်အတွက် ကစားဖို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို အကြောင်းကြားလိုက်ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် နည်းပြစကိုလာရီနဲ့ ဘရာဇီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဖီဖာရဲ့ စည်းမျဉ်းအရ ကစားသမားတစ်ဦးဟာ လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပြိုင်ပွဲ တစ်ပွဲ ကစားပြီးရင် အခြားနိုင်ငံကို ကိုယ်စားပြုခွင့် မရှိပေမယ့် ကော်စတာက ခြေစမ်းပွဲနှစ်ပွဲသာ ကစားထားတာကြောင့် စပိန်ကိုယ်စားပြုခွင့် ရသွားခဲ့ပါတယ်။

စပိန်အသင်းနဲ့အတူ မွေးရပ်မြေ ဘရာဇီးမှာ ကမ္ဘာ့ဖလားပွဲနွှဲခဲ့ပေမယ့် အောင်မြင်မှု မရခဲ့သလို အခုအချိန်အထိ စပိန်အတွက် တစ်ဂိုးသာ သွင်းနိုင်ပါသေးတယ်။ ဒါတွေက ကော်စတာရဲ့ ဘဝထဲက စိတ်ဝင်စားစရာ အချက်တွေဖြစ်ပါတယ်။

သူ့ရဲ့ကစားသမားဘဝမှာ အခက်အခဲတွေနဲ့ စိတ်ဝင်စားစရာ အချက်တွေ အများကြီးရှိပါသေးတယ်။

အခွင့်ကြုံရင်တော့ ထပ်ပြီး ရေးသားသွား ဦးမှာပါ။ အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြမယ်လို့မျှော်လင့်ပါတယ်။

HYPERSPORTS NO.17 Pg. 20

.page-node-9297 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly