ဆိုက်ဘာ ဥပဒေ အတိအကျပြဌာန်းမှသာ ဆိုက်ဘာပြစ်မှုများကို အရေးယူနိုင်လိမ့်မည်ဟု MMCERT ပြော

ဆိုက်ဘာ ဥပဒေ အတိအကျပြဌာန်းမှသာ ဆိုက်ဘာပြစ်မှုများကို အရေးယူနိုင်လိမ့်မည်ဟု MMCERT ပြော

ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်း၌ ဆိုက်ဘာ ဥပဒေကို အတိအကျပြဌာန်းရန် လိုအပ်နေပြီး ယင်းကဲ့သို့ ပြဌာန်းပြီးမှသာ ဆိုက်ဘာ ပြစ်မှုများကို အရေးယူနိုင်လိမ့်မည်ဟု Myanmar Computer Emergency Response Team (MMCERT) ၏  အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးရဲကျော်သိန်းက ပြောသည်။

၂၀၁၅ ခုနှစ်အတွင်း လက်ရှိအချိန်အထိ ဆိုက်ဘာ လုံခြုံရေးနှင့် ပတ်သက်ပြီး MMCERT ကို အကူအညီတောင်းခံ မှုများတွင် ပုဂ္ဂလိက အကူအညီတောင်းခံမှု လေးခုခန့်ရှိပြီး အွန်လိုင်းပေါ်တွင် ပေါက်ကြားခဲ့ရသည့် နာမည်ကျော် ရုပ်ရှင်ဇာတ် ကားတစ်ကားလည်း ပါဝင်ခဲ့သည်။

ဝန်ကြီးဌာနများဘက်မှ အကူအညီတောင်းခံမှုများလည်းရှိနေပြီး သမ္မတရုံး ဝက်ဘ်ဆိုက် အပါအဝင် စုစုပေါင်း အကူအညီတောင်းခံမှု ၁၅ ခုခန့်ရှိသည်ဟု ဦးရဲကျော်သိန်းက ဆိုသည်။

၎င်းက "ဆိုက်ဘာ လုံခြုံရေးနဲ့ ပတ်သက်တာတွေ အကူအညီတောင်းရင် စစ်ပေးလိုက်တာပဲ ရှိမယ်။ တကယ်လုံခြုံဖို့က သူတို့ လုပ်မလုပ်နဲ့ပဲ ဆိုင်တယ်။ ပုဂ္ဂလိက အကူအညီတောင်းတာတွေအတွက်က ဥပဒေ အတိအကျရှိမှပဲ အရေးယူလို့ ရနိုင်မယ်။ မဟုတ်ရင် လွတ်သွားနိုင်တယ်" ဟု ဆိုသည်။

လူမှုကွန်ရက် ဖေ့ဘွတ်ပေါ်တွင် ပေါက်ကြားခဲ့သည့် ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်ပြီး ဦးရဲကျော် သိန်းက "MMCERT ကို အကူအညီတောင်းလာတာ ရှိတယ်။ ဒါပေမယ့် ဒီဟာ ဘယ်ကလာ သလဲဆိုတာကို ဖေ့ဘွတ်ဘက်က ထုတ်ဖော်မှာ မဟုတ်ဘူး။ လူမှုကွန်ရက် သုံးသူတွေအတွက် သူတို့က ကာကွယ်ပေးမှာပဲ။ ဒါက တရားမဝင်တဲ့အတွက် ဖျက်ပေးတာမျိုးပဲ လုပ်လို့ရမယ်" ဟု ဆိုသည်။

ပြည်တွင်း ဆိုက်ဘာ လုံခြုံရေးအတွက် ဆောင်ရွက်ရာတွင် MMCERT ကို ပိုမိုကောင်းမွန်သည့် နည်းပညာများ အသုံးပြုပြီး အင်အားတောင့်တင်းစေရန် ပြင်ဆင်ဖွဲ့စည်းသင့်သည်ဟုလည်း ဦးရဲကျော်သိန်းက တိုက်တွန်းခဲ့သည်။

ပြည်တွင်း၌ ဆိုက်ဘာပြစ်မှုများနှင့် ပတ်သက်ပြီး ဥပဒေ အတိအကျမရှိသေးသော်လည်း အွန်လိုင်းမှတဆင့် နှောက်ယှက်ခြင်း၊ ဖုန်းမှတဆင့် ခြိမ်းခြောက်နှောက်ယှက်ခြင်းများကို ၂၀၁၃ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(က) ဖြင့် အမှုဖွင့်အရေးယူနိုင်ပြီး ငွေဒဏ်နှင့် ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်း၏ စခန်းမှူးက ပြောထားသည်။

မြန်မာနိုင်ငံတွင် ဆိုက်ဘာ ရာဇဝတ်မှုများကို အရေးယူနိုင်ရန် ဥပဒေတစ်ရပ် ပြဌာန်းသင့်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က သက်ဆိုင်ရာဌာနများကို အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly