မြေနေရာအစားပေးမည်ဟု ဝန်ကြီးချုပ်ဆိုသော်လည်း ရမရ မသေချာဟုထွေအုပ်အသိပေး

မြေနေရာအစားပေးမည်ဟု ဝန်ကြီးချုပ်ဆိုသော်လည်း ရမရ မသေချာဟုထွေအုပ်အသိပေး

ရန်ကုန်၊ ဇန်နဝါရီ ၁၈။          ။ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာနေထိုင်နေရသူများကို မြေနေရာချ ပေးမည်ဟု ပြည်နယ် ခေတ္တ ဝန်ကြီးချုပ်က ဆိုသော်လည်း ရမရ မသေချာဟု မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးက စစ်ဘေးရှောင်များသို့ ဇန်နဝါရီ ၁၈ရက်က အသိပေးကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ဦးကျော်ကျော်ဆန်းက မဇ္ဈိမကိုပြောသည်။

"ဝန်ကြီးချုပ်မလာခင်တစ်ရက်အလိုက ဒီမှာအကြာကြီးနေလို့မရဘူး၊ ၂၀ရက်နေ့အမီပြောင်းပေးဖို့ ပြောသွားတယ်။ မနေ့က ဝန်ကြီးချုပ်လာကြည့်ပြီး မြေနေရာပေးမယ်လို့ပြောတယ်။ ကျောက်တော်ဆိုလည်း အရင်နေတဲ့ အကျယ်ပြန်ပေးမယ်လို့ပြောသွားတယ်။ ဒါပေမယ့် ဒီမနက်ကျတော့ အုပ်ချုပ်ရေးမှူးက ရမရကို မသေချာဘူး ပြန်ပြောတယ်။ သူကအထက်ကို တင်ပေးမယ်လို့လည်းပြောတယ်။" ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် ခေတ္တဝန်ကြီးချုပ်ဖြစ်သူ ဦးမြအောင်က တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများကို ဇန်နဝါရီ ၁၇ရက်၊ နေ့လည် ၁၂နာရီတွင် လာရောက်ကြည့်ရှု့ကာ မြေနေရာအစားထိုးပြန်လည်ပေးအပ်မည်ဟု ဆိုခဲ့ကြောင်း မြောက်ဦးမြို့နယ်နေ၊ စစ်ဘေးရှောင်ကူညီရေးစခန်းများမှသိရသည်။

"ဝန်ကြီးချုပ်မလာရင်တစ်ရက်က ကိုယ့်နီးစပ်ရာဆွေမျိုးတွေရှိတဲ့နေရာမှာ သွားနေပါ၊ ဒီမှာအကြာကြီးနေလို့ မရဘူး၊ ၂၀ရက်နေ့ကို နောက်ဆုံးထားပြီးပြောင်းပေးရမယ်လို့ မြောက်ဦးအုပ်ချုပ်ရေးမှူးက လာပြောသွားတယ်။" ဟု မြောက်ဦးမြို့နယ်နေ ဒေါ်ဝင်းဘုက ဇန်နဝါရီ ၁၈ရက်တွင် မဇ္ဈိမကိုပြောသည်။

မြေနေရာချထားပေးမည့်ကိစ္စနှင့် အုပ်ချုပ်ရေးမှူးက စစ်ဘေးရှောင်များသို့ အသိပေးသည့်ကိစ္စနှင့် ပက်သက်ပြီး မဇ္ဈိမက မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးးဘိုဘိုမင်းသိုက်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပထမဦးဆုံးအချိန်တွင် ၎င်း၏ ကားဆရာဆိုသူက အုပ်ချုပ်ရေးမှူးအစည်းအဝေးတက်နေပြီး ပြန်လည်ခေါ်ဆိုပါ ဟုဖြေကြားသည်။ မဇ္ဈိမက ထပ်မံပြန်လည်ခေါ်ဆိုသော်အခါ ဖုန်းကိုင်ဖြေကြားခြင်းမပြုတော့ပေ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးဦးလှသိန်းကလည်း အစည်းအဝေးတက်ရောက်နေသဖြင့် ပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိသေးကြောင်း ဖုန်းကိုင်ဖြေကြားသည့် ၎င်း၏ကိုယ်ရေးအရာရှိက မဇ္ဈိမကိုပြောသည်။

ဒီဇင်ဘာ ၂၇ရက်မှ ဇန်နဝါရီလဆန်းအထိ အစိုးရတပ်မတော်၏ စ.က.ခ(၉) လက်အောက်ခံ ၅၃၉ တပ်ရင်းနှင့် AA တို့သည် ကျောက်တော်၊ မြောက်ဦး နှင့် ပလက်ဝမြို့နယ် သုံးခုအစပ်ရှိ ပီးချောင်းအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ မြောက်ဦးမြို့နယ် သံတံတားရွာနှင့် ဗာအီရွာတို့တွင်နေထိုင်သည့် ဒေသခံများက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းလည်းဖြစ်သည်။

သံတံတားရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ၇၀ဦးကို မြောက်ဦးမြို့နယ်ရှိ ကျီရာပြင်ရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ ဗာအီရွာမှ ၆၆ဦးကို စေတီတောင်ရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း အသီးသီး ကယ်ဆယ်ထားခြင်းဖြစ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags