ကမ္ဘာ့အချမ်းသာဆုံး ၁ ရာခိုင်နှုန်းက ကျန်သူအားလုံးပေါင်းထက် ပိုမိုကြွယ်ဝ

ကမ္ဘာ့အချမ်းသာဆုံး ၁ ရာခိုင်နှုန်းက ကျန်သူအားလုံးပေါင်းထက် ပိုမိုကြွယ်ဝ

ပါရီ၊ ဇန်နဝါရီ ၁၈ ။            ။ ကမ္ဘာ့လူဦးရေ၏ ၁ ရာခိုင်နှုန်းသာရှိသည့် အချမ်းသာဆုံးပုဂ္ဂိုလ်များ၏ ကြွယ်ဝမှုမှာ ကျန်လူဦးရေအားလုံးထက် ပိုင်ဆိုင်မှုပိုမိုများပြားကာ ပိုမိုချမ်းသာကြွယ်ဝလျက်ရှိသည်ဟု ဒါဗို့စ်တွင် ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF) အစည်းအဝေး မတိုင်မီ တစ်ရက်အလိုတွင် အကူအညီပေးရေးအုပ်စု Oxfam က ဇန်နဝါရီ ၁၈ရက်တွင် ထုတ်ပြန်ခဲ့သည်။

"အရမ်းကာရောဖြစ်နေတဲ့ မညီမျှမှုတွေကြောင့် လူ ၆၂ ယောက်လောက်က ကမ္ဘာ့လူဦးရေရဲ့ အဆင်းရဲဆုံးတစ်ဝက်လောက်က ပိုင်သလောက်ကို ချမ်းသာနေပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က လူ ၃၈၈ယောက်လောက် ပိုင်ဆိုင်သလောက်ကနေ လျော့ကျသွားတာပါ"ဟု နှစ်စဉ်ပြုလုပ်သည့် WEF မတိုင်မီ ဆင်းရဲမွေတေမှုတိုက်ဖျက်ရေးအေဂျင်စီ Oxfam ကထုတ်ပြန်သည်။ WEF သည် ကမ္ဘာ့ဘဏ္ဍာရေးနှင့် နိုင်ငံရေးထိပ်သီးနိုင်ငံများ၏ ဖိုရမ်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာမညီမျှနှု၏ ဒဏ်ကို အမျိုးသမီးများက အချိုးအစားမမျှတစွာ ခံစားနေရကြောင်း An Economy for the 1% ဟုအမည်ပေးထားသော အေဂျင်စီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မညီမျှမှုမြင့်မားလာခြင်း၏ နောက်ကွယ်မှ သော့ချက်ကျသော အကြောင်းရင်းတစ်ခုမှာ ဖွံ့ဖြိုးပြီးနိုင်ငံအားလုံးနီးပါးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုရှိ အလုပ်သမားများထံသို့ အမျိုးသားဝင်ငွေဝေစုရောက်ရှိမှု ကျဆင်းခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းဝင်ငွေနိမ့် အလုပ်သမားအများစုမှာ အမျိုးသမီးများဖြစ်သည်ဟု အစီရင်ခံစာက ဖော်ပြခဲ့သည်။

မညီမျှမှုကို ကိုင်တွယ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်များက ပို၍ပို၍ပြောဆိုနေသော်လည်း အချမ်းသာဆုံးသူများနှင့် ကျန်လူများကြား ကွာဟချက်မှာ လွန်ခဲ့သည့် ၁၂ လအတွင်း အဆမတန်ကွာဟလာခဲ့သည်ဟု အောက်စ်ဖမ်က ဆိုသည်။

လွန်ခဲ့သည့်နှစ် ဒါဗို့စ်အစည်းအဝေးမတိုင်မီကလည်း ကမ္ဘာ့အချမ်းသာဆုံး ၁ ရာခိုင်နှုန်းက ကျန်သူအားလုံးထက် ပိုမိုချမ်းသာမည်ဟု အောက်စ်ဖမ်က ခန့်မှန်းချက်မှာ ၂၀၁၅ တွင် အမှန်တကယ်ဖြစ် လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags