ထိုင်းရှိ နိုင်ငံခြားမာဖီးယားဂိုဏ်းများကို ဖြိုခွင်းရန် ဒုဝန်ကြီးချုပ် အမိန့်ထုတ်

ထိုင်းရှိ နိုင်ငံခြားမာဖီးယားဂိုဏ်းများကို ဖြိုခွင်းရန် ဒုဝန်ကြီးချုပ် အမိန့်ထုတ်

ဘန်ကောက်၊ ဇန်နဝါရီ ၁၈ ။           ။ ထိုင်းနိုင်ငံ ကော့ဖန်ဂန်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က ဘားဆိုင်တစ်ဆိုင်အတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကော့ဖန်ဂန်နှင့် ကော့စမွီတို့ရှိ နိုင်ငံခြားသားမာဖီးယားဂိုဏ်းများကို အမြစ်ဖြုတ်ရန် ဆူရတ်ဌာနီက ဒေသအာဏာပိုင်များအား ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝန်ဆူဝန်က အမိန့်ပေးညွန်ကြားထားသည်။

ဘားဆိုင်ပစ်ခတ်မှုတွင် အများပြည်သူများ ထိတ်လန့်တကြားဖြစ်ခဲ့ရသော်လည်း ဒဏ်ရာထိခိုက်ရရှိမှုများ မရှိခဲ့ပေ။ အဆိုပါ ဘားတိုက်ခိုက်မှုအတွက် သံသယရှိ ရုရှတစ်ဦးနှင့် ထိုင်းနိုင်ငံသားသုံးဦးအား ထိန်းသိမ်းဖမ်းဆီးထားသည်။

ဗိုလ်ချုပ်ကြီး ပရာဝတ်၏ အမိန့်အရ ဆူရတ်ဌာနီပြည်နယ်အုပ်ချုပ်ရေးမှူး ဝန်သီရိဖရွမ်ချာနာက ပြည်နယ်တွင်းရှိ အစိုးရဌာနဆိုင်ရာအားလုံးကို ပြည်နယ်တွင်း နိုင်ငံခြားသားမာဖီးယားဂိုဏ်းများကို နှိမ်နှင်းရေး စစ်ဆင်ရေးတွင် ဝိုင်းဝန်းအားဖြည့်ကြရန် ပြောထားကြောင်း ရဲမှူးချုပ် အပီချက်ဘွန်းဆရီရော့က ဇန်နဝါရီ ၁၇ ရက်၌ ပြောသည်။

ယခုကဲ့သို့ ညွန်ကြားအမိန့်ထုတ်ပြီးဖြစ်၍ ကော့စမွီနှင့် ကော့ဖန်ဂန်တို့တွင် နိုင်ငံခြားသားမာဖီးယားဂိုဏ်းများကို အပြင်းအထန်ဖြိုခွင်းလာတော့မည်ဖြစ်ကြောင်း အပီချက်က ပြောခဲ့သည်။

ကော့စမွီ၊ ကော့ဖန်ဂန်နှင့် ကော့တောင်ခရိုင်တို့တွင် စားသောက်ဆိုင်များနှင့် အပန်းဖြေစခန်းများ တရားမဝင်ဖွင့်လှစ်ကာ နိုင်ငံခြားသားများက စီးပွားရေးလုပ်ကိုင်နေကြသည့် အစီရင်ခံစာများကိုလည်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဝန်သီရိက ရရှိထားသည်။

အထက်ပါနေရာများကား နိုင်ငံခြားမာဖီးယားဂိုဏ်းများ ၎င်းတို့၏ တရားမဝင်ကွန်ရက်များကို ဖြန့်ကြက်ရာ ဆုံမှတ်နေရာများလည်းဖြစ်သည်။

“ကျွန်တော်က အစိုးရဌာနဆိုင်ရာတွေကို ဒီစီးပွားရေးလုပ်ငန်းတွေအပေါ် မျက်စိဒေါက်ထောက် စောင့်ကြည့်ထောက်လှမ်းဖို့နဲ့ ငွေကြေးလမ်းကြောင်းတွေကို စစ်ဆေးထောက်လှမ်းမှုများ လုပ်ဆောင်ကြဖို့ အမိန့်ပေးထားတယ်။”ဟု ဝန်သီရိက ဆိုသည်။

အစိုးရ ဌာနဆိုင်ရာအရာရှိကြီးငယ်များ နိုင်ငံခြားသားမာဖီးယားဂိုဏ်းများနှင့် ပါဝင်ပတ်သက်နေမှုကို တွေ့ရှိရပါက ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly