ဒေါ့တ်မွန်တိုက်စစ်မှူး အူဘာမီယန်း၏ စိတ်ဝင်စားဖွယ်ရာများ

ဒေါ့တ်မွန်တိုက်စစ်မှူး အူဘာမီယန်း၏ စိတ်ဝင်စားဖွယ်ရာများ

 EPA

ဒီနှစ် ဘောလုံးရာသီမှာ ဒေါ့တ်မွန်အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်းကို ဘောလုံးပရိသတ်တွေ သတိထားမိကြမှာပါ။ ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၇ ပွဲ ကစားပြီးချိန်မှာ ၁၈ ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ အူဘာမီယန်းကို ဥရောပထိပ်သီး အသင်းကြီးတွေကတောင် မျက်စိကျနေကြပါပြီ။

ဒီရာသီမှာ အူဘာမီယန်းရဲ့ ခြေစွမ်းပြနိုင်မှုကြောင့် ဒေါ့တ်မွန်အသင်းလည်း အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေနိုင်ပါတယ်။ သူ့ရဲ့ ခြေစွမ်းပြမှုကို အာဖရိက ဘောလုံးအသိုင်းအဝိုင်းကလည်း လျစ်လျူရှုမထားနိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ၂၀၁၅ ခုနှစ်ရဲ့ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။ အူဘာမီယန်းရဲ့ ဘဝမှာ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာအချို့ ရှိနေပါတယ်။ ရှာဖွေရသလောက် ပရိသတ်ကြီးကို ဝေမျှလိုက်ပါတယ်။

ပြင်သစ်မှာ မွေး အီတလီမှာ ကြီးပြင်းတဲ့ ဂါဘွန်သား

အူဘာမီယန်းကို ၁၉၈၉ ခုနှစ်က ပြင်သစ်နိုင်ငံ လာဗယ်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဖခင်က ဂါဘွန်နိုင်ငံသားဖြစ်ပြီး မိခင်ကတော့ စပိန်နိုင်ငံသူ ဖြစ်ပါတယ်။ သူ့ကို မွေးဖွားပြီးနောက်မှာ သူတို့မိသားစု အီတလီကို ပြောင်းရွှေ့ခဲ့လို့ အူဘာမီယန်းဟာ ငယ်ဘဝကို အီတလီနိုင်ငံမှာ ဖြတ်သန်းကြီးပြင်းခဲ့ရပါတယ်။ ဖခင်ဖြစ်သူက အေစီမီလန်အသင်းရဲ့ ဘောလုံးကင်းထောက် တစ်ဦးဖြစ်တာကြောင့် အူဘာမီယန်းလည်း လူငယ်ကစားသမားဘဝကို အေစီမီလန်မှာ စတင်ခဲ့ရပါတယ်။ သူဟာ ပြင်သစ်မှာ မွေးပြီး အီတလီမှာ ကြီးပြင်းခဲ့ပေမယ့်လည်း ဖခင်ရဲ့ နိုင်ငံဖြစ်တဲ့ ဂါဘွန်နိုင်ငံသားအဖြစ်ပဲ ခံယူခဲ့ပါတယ်။

အူစီယန်ဘော့နှင့် အပြိုင်

အူဘာမီယန်းကို လူသိများစေခဲ့တဲ့ အကြောင်းက မြန်ဆန်လွန်းတဲ့ ပြေးနှုန်းကြောင့် ဖြစ်ပါတယ်။ သူဟာ မီတာ ၃၀ ကို ၃ ဒသမ ၇ စက္ကန့်ထဲနဲ့ ပြေးနိုင်ခဲ့သူပါ။ ဒါကြောင့် သူက မီတာ ၁၀ဝ ကမ္ဘာ့ချန်ပီယံ အူစီယန်ဘော့ထက် ပိုမြန်အောင် ပြေးနိုင်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒါကို ဘယ်တုန်းကမှ သက်သေမပြနိုင်ခဲ့ပါဘူး။ ဂျာမနီရဲ့ မီတာ ၁၀ဝ အပြေးချန်ပီယံ ဂျူလီယံရုစ်က အူဘာမီယန်းကို ပြိုင်ပြေးဖို့ စိန်ခေါ်ခဲ့သေးပေမယ့် ဒေါ့တ်မွန်တိုက်စစ်မှူးက ငြင်းပယ်ခဲ့ပါတယ်။

ဘောလုံးမိသားစု

အူဘာမီယန်းရဲ့ ဖခင် ပီရီအူဘာမီယန်းဟာ ဂါဘွန်လက်ရွေးစင် နောက်ခံကစားသမားတစ်ဦးဖြစ်ပြီး ပြင်သစ်ကလပ် Stade Lavallois မှာ ကစားခဲ့သူ ဖြစ်ပါတယ်။ အစ်ကိုတွေဖြစ်ကြတဲ့ ကက်တီလီနာနဲ့ ဝီလီတို့ကလည်း အေစီမီလန် လူငယ်အသင်းတွေမှာ ကစားခဲ့ကြသူတွေဖြစ်ပါတယ်။ အူဘာမီယန်းလောက်တော့ ဘယ်သူမှ အောင်မြင်မှု မရခဲ့ကြပါဘူး။

ပေါင် ၂၅၀ဝ တန်ဖိနပ်

စိန့်အက်တီနီအသင်းမှာ ကစားနေစဉ်တုန်းက အူဘာမီယန်းဟာ လိုင်ယွန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အဖိုးတန်ကျောက်တွေနဲ့ စီချယ်ထားတဲ့ ဘောလုံးကန်ဖိနပ်ကို စီးပြီး ကစားခဲ့ပါတယ်။ နိုက်ကုမ္ပဏီက ထုတ်လုပ်ပေးတဲ့ အဲ့ဒီဖိနပ်မှာ ကျောက်အပွင့်ပေါင်း ၄၀ဝ၀ ပါဝင်ပြီး အူဘာမီယန်းရဲ့ နာမည်ကို ရေးထိုးပေးထားပါတယ်။ တန်ဖိုးကို ပေါင် ၂၅၀ဝ(အမေရိကန်ဒေါ်လာ ၃၉၁၈ ဒေါ်လာ) တန်ကြေးရှိပါတယ်။ ဖိနပ်အရောင်ကတော့ စိန့်အက်တီနီအသင်းရဲ့ အစိမ်းရောင်နဲ့ အဖြူကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါက ပထမဆုံး ဂါဘွန်ကစားသမား

အူဘာမီယန်းဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ပထမဆုံးကစားခွင့်ရရှိတဲ့ ဂါဘွန်နိုင်ငံသား ဘောလုံးသမားဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါနဲ့ ဂျာမနီရဲ့ အမှတ်ပေးလိဂ်တိုင်းမှာ ဘယ်ဂါဘွန် ကစားသမားမှ မကစားဖူးပါဘူး။ ၂၀၁၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့မှာ ဒေါ့တ်မွန်အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရရှိခဲ့ပြီး အဲ့ဒီပွဲမှာပဲ ပထမဆုံး ဟက်ထရစ်ကို သွင်းယူပေးခဲ့ပါတယ်။

အာဖရိက အကောင်းဆုံး ပထမဆုံးဂါဘွန်ကစားသမား

အူဘာမီယန်းဟာ မန်စီးတီးရဲ့ ကွင်းလယ်ကစားသမား ယာယာတိုရေးနဲ့ ဆွမ်ဆီး တိုက်စစ်ကစားသမား အန်ဒရီအယူးတို့ကို ကျော်ဖြတ်ပြီး ၂၀၁၅ ခုနှစ် အာဖရိကအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။ ဂါဘွန် ကစားသမား တစ်ဦးအနေနဲ့ ဒီဆုကို ပထမဆုံးရရှိသူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်ဆက်တိုက် ဆုရရှိခဲ့တဲ့ ယာယာတိုရေးအတွက်တော့ အူဘာမီယန်းက စံချိန်ကျိုးပျက်စေသူ ဖြစ်ခဲ့ပါတယ်။

ဂါဘွန်ရဲ့ အိုလံပစ်ဂိုးရှင်

၂၀၁၂ ခုနှစ်က အူဘာမီယန်းဟာ ဂါဘွန်နိုင်ငံ ကိုယ်စားပြုပြီး လန်ဒန်အိုလံပစ်မှာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဂါဘွန်အသင်းရဲ့ ပထမဆုံးအဖွင့်ပွဲက ဆွစ်ဇာလန်အသင်းနဲ့ တွေ့ဆုံခဲ့ပြီး အူဘာမီယန်းက တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးက အိုလံပစ်ပြိုင်ပွဲမှာ ဂါဘွန်အသင်း ရရှိတဲ့ တစ်လုံးတည်းသော ဂိုးဖြစ်ပါတယ်။ ဒီဂိုးက ဂါဘွန်နိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ဂိုးတည်းသော အိုလံပစ်ဂိုးလည်း ဖြစ်ပါတယ်။

တူချယ်နဲ့ အလောင်းအစား

ဒေါ့တ်မွန်နည်းပြ တူချယ်နဲ့ အူဘာမီယန်းတို့ ဒီရာသီမှာ အလောင်းအစားတစ်ခု ပြုလုပ်ထားပါတယ်။ အဲ့ဒါကတော့ အူဘာမီယန်း ဒီရာသီမှာ ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၂၀ သွင်းနိုင်၊ မသွင်းနိုင် ဆိုတာပါပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီအလောင်းအစားက တူချယ်ရှုံးဖို့ သေချာသလောက်ဖြစ်သွားပါပြီ။ အူဘာမီယန်းက ပွဲစဉ် ၁၇ ပွဲ အပြီးမှာပဲ ၁၈ ဂိုးသွင်းယူထားပြီး ဖြစ်ပါတယ်။ "ဒီရာသီမှာ ကျွန်တော် ဂိုး ၂၀ သွင်းချင်ပါတယ်။ ဒါက ကျွန်တော် လိုချင်တဲ့ အောင်မြင်မှု ရည်မှန်းချက်ပါပဲ။ နည်းပြနဲ့လည်း အလောင်းအစား လုပ်ထားပါတယ်။ ဂိုး ၂၀ သွင်းနိုင်ဖို့ အစွမ်းကုန်ကြိုးစား ပေးဆပ်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ပိုမို တိုးတက်လိုတာကြောင့်ပါ" လို့ အူ ဘာမီယန်းက ပြောဆိုခဲ့ပါတယ်။

သစ်ဆန်းတဲ့ အောင်ပွဲခံဟန်

အူဘာမီယန်းကို ပရိသတ်တွေ သတိထားမိစေတဲ့ အချက်တစ်ခုကတော့ ဂိုးသွင်းအပြီး အောင်ပွဲခံတဲ့ ပုံစံကြောင့်ပါပဲ။ ဒေါ့တ်မွန်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၂-ဝ နဲ့ နိုင်တဲ့ပွဲမှာ ဂိုးသွင်းယူပြီးတဲ့နောက် အူဘာမီယန်းဟာ ပင့်ကူလူသား မျက်နှာဖုံးကို ထုတ်ဝတ်ပြီး ပင့်ကူမျှင်တွေနဲ့ ပစ်တဲ့ ဟန်လုပ်ကာ အောင်ပွဲခံခဲ့ပါတယ်။ ဒီလိုအောင်ပွဲခံဟန်ကို ဒေါ့တ်မွန်ရောက်မှ လုပ်တာ မဟုတ်ပါဘူး။ စိန့်အက်တီနီအသင်းမှာ ကစားနေစဉ်ကတည်းက လုပ်ခဲ့တာဖြစ်ပါတယ်။ ရှော်လ်ကေးအသင်းကို ၃-ဝ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်တုန်းကလည်း အူဘာမီယန်းနဲ့ မာကိုရုစ်တို့ဟာ လင်းနို့လူသားနဲ့ ရော်ဘင်တို့ရဲ့ မျက်နှာဖုံးတွေကို ဝတ်ပြီး အောင်ပွဲခံခဲ့ကြလို့ ပရိသတ်တွေ သဘောကျခဲ့ရပါတယ်။

ဒီအချက်တွေက အူဘာမီယန်းရဲ့ ဘဝမှာ ထူးခြားတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ သူ့ရဲ့ အသက်က ၂၆ နှစ်ပဲ ရှိသေးလို့ ဒီထက်ပိုပြီး တိုးတက်လာဖို့ ရှိနေသေးတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ သူဟာ ဂါဘွန် လက်ရွေးစင်အသင်းကြီးအတွက် ၄၅ ပွဲကစားအပြီးမှာ ၁၉ ဂိုး သွင်းယူပေးထားပါသေးတယ်။ ဒါကလည်း သူတို့နိုင်ငံအသင်းမှာ စံချိန်တစ်ခုဖြစ်ပါတယ်။ အူဘာမီယန်းဟာ ဂါဘွန်နိုင်ငံသားတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးမယ့် မျှော်လင့်ချက် တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်လို့နေပါတယ်။ အူဘာမီယန်းတစ်ယောက် ဂါဘွန်နဲ့ ဒေါ့တ်မွန်မှာ ဘယ်လောက်အထိ အောင်မြင်မှုတွေ ရယူနိုင်ဦးမလဲဆိုတာကတော့ . . .

Hyper Sport Magazine No. 26

.page-node-9991 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly