အသေခံဗုံးခွဲတိုက်ခိုက်ရန် ကြံစည်နေသည့် မလေးရှားနိုင်ငံသားကို နာရီပိုင်းအလိုတွင် ရဲက ဖမ်းဆီး

အသေခံဗုံးခွဲတိုက်ခိုက်ရန် ကြံစည်နေသည့် မလေးရှားနိုင်ငံသားကို နာရီပိုင်းအလိုတွင် ရဲက ဖမ်းဆီး

ကွာလာလမ်ပူ၊ ဇန်နဝါရီ-၁၇ ။             ။ အိမ်နီးချင်းအင်ဒိုနီးရှားတွင် ဗုံးပေါက်ကွဲမှုများကြောင့် အန္တရာယ်သတိပေးချက်ကို အဆင့်မြှင့်ထားသည့် အခြေအနေတွင် ကွာလာလမ်ပူရှိ   ဖျော်ဖြေရေးနေရာတစ်ခုတွင် ကိုယ့်ကိုယ်ကို ဗုံးခွဲရန် ကြံစည်နေသည့် မလေးရှားနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု အစိုးရအရာရှိတစ်ယောက်က ဇန်နဝါရီလ ၁၇ရက်နေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်ရဲတပ်ဖွဲ့ အကြီးအကဲ ခါလစ် အဘူ ဘာခါ၏ ပြောကြားချက်အရ အဆိုပါ ၂၈နှစ်အရွယ် မလေးရှားနိုင်ငံသားကို ကွာလာလမ်ပူရှိ မိုးပျံရထားဘူတာရုံတစ်ခုတွင် သောကြာနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုအမျိုးသားက ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့ဝင်များထံမှ ညွှန်ကြားချက်များ လက်ခံရရှိပြီးနောက် မိမိကိုယ်ကို အသေခံဗုံးခွဲတိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ရဲချုပ် အဘူ ဘခါက ပြောကြားခဲ့သည်။

အဆိုပါအမျိုးသားမှာ မလေးရှား အနောက်မြောက်ပိုင်း တီရန်းဂနုပြည်နယ်မှ အာမခံအရောင်းသမားတစ်ယောက် ဖြစ်သည်ဟု ပြောရေးဆိုခွင့်မရှိသောကြောင့် အမည်မဖော်လိုသည့် အစိုးရအရာရှိတစ်ယောက်က ပြောကြားခဲ့သည်။

ဖျော်ဖြေရေးနေရာများဖြစ်သည့် ကာရာအိုကေဘား (သို့မဟုတ်) ယမကာဆိုင်တစ်ခုခုကို အသေခံဗုံးခွဲတိုက်ခိုက်ရန် မကြံစည်မီ နာရီပိုင်းအလိုတွင် အဆိုပါအမျိုးသားကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။  

အဆိုပါအမျိုးသားက နိုင်ငံအတွင်း စစ်သွေးကြွအုပ်စုအား အစိုးရ၏ ဖြိုခွင်းမှုကို ဆန့်ကျင်သည့်အနေဖြင့် မလေးရှားပြည်နယ် နှစ်ခုသုံးခုတွင် အိုင်အက်စ်အလံများကို လွှင့်ထူနေခဲ့သည်ဟု ရဲချုပ်အဘူ ဘာခါက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ အဆိုပါ အမျိုးသားကို ဖမ်းဆီးထိန်းသိမ်းစဉ်တွင် လက်နက်များနှင့် အိုင်အကစ် စာရွက်စာတန်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု အဘူ ဘာခါက လူမှုကွန်ရက် တွစ်တာတွင် ပြောကြားခဲ့သည်။

ဂျကာတာတွင် လူ၈ဦးအထိ သေဆုံးခဲ့ရသည့် ကြာသပတေးနေ့ တိုက်ခိုက်မှုများနောက်ပိုင်းတွင် မလေးရှားရဲတပ်ဖွဲ့က လုံခြုံရေးတပ်လှန့်မှုကို အမြင့်ဆုံးအထိ တိုးမြှင့်ခဲ့သည်။ ဈေးဝယ်စင်တာများနှင့် ကမ္ဘာလှည့်နေရာများကဲ့သို့သော အများပြည်သူနှင့်ဆိုင်သည့် နေရာများတွင် လုံခြုံရေးကို တိုးမြှင့်ထားသလို၊ စစ်သွေးကြွများ စိမ့်ဝင်မှုကို တားဆီးရန်အတွက် နယ်စပ်ဧရိယာများတွင်လည်း ကြိုတင်ကာကွယ်မှုများ လုပ်ထားသည်ဟု အဘူ ဘာခါက ပြောကြားခဲ့သည်။

စစ်သွေးကြွအုပ်စုများက ကွာလာလမ်ပူရှိ ဈေးဝယ်စင်တာများကဲ့သို့သော အထင်ကရနေရာများကို ပစ်မှတ်ထားနေသည်ဟု ဖက်ဒရယ်နယ်မြေပိုင်နက်ဝန်ကြီး အတ်ဒနန် မန်ဆောက ပြောကြားခဲ့သည်။

“အဲဒီနေရာတွေကို ပစ်မှတ်ထားနေတယ်ဆိုတာ ကျနော်တို့ ကောင်းကောင်းသိထားတယ်။ ဖြစ်လာနိုင်တဲ့ အန္တရာယ်အတွက် အသင့်ပြင်ထားတယ်”ဟု အတ်ဒနန်က ပြောကြားခဲ့သည်ဟု The New Sunday Times သတင်းစာက ကိုးကားဖော်ပြထားသည်။

ရည်ရွယ်ချက်မှာ ဂျကာတာမှာကဲ့သို့ပင် အထင်ကရ ကမ္ဘာလှည့်နိုင်ငံများကို မတည်မငြိမ်ဖြစ်စေပြီး အကြောက်တရားကို ဖန်တီးဖို့ပင်ဖြစ်သည်ဟုလည်း အတ်ဒနန်က ပြောကြားသည်။  

သီးခြားဖြစ်ရပ်တစ်ခုတွင်လည်း တနင်္လာနေ့က ကွာလာလမ်ပူ လေဆိပ်သို့ ဆိုက်ရောက်လာသည့် မလေးရှားနိုင်ငံသားသုံးယောက်ကို ဖမ်းဆီးခဲ့ရာ နိုဝင်ဘာ ၁၆ရက်နေ့က အိုင်အက်စ်အကြမ်းဖက်အုပ်စုနှင့် ဆက်သွယ်ရန် ဆီးရီးယားသို့ ခိုးဝင်ဖို့ ကြိုးစားနေသည်ဟူသော သံသယဖြင့် တူရကီက နေရင်းနိုင်ငံသို့ ပြန်ပို့ခဲ့သည့် အမျိုးသား၂ဦးနှင့် အမျိုးသမီး ၁ဦးဖြစ်သည်ဟု ဆိုသည်။ ထိုသုံးယောက်ကို ဆီးရီးယားရှိ အိုင်အက်စ်အကြမ်းဖက်အုပ်စုနှင့် ဆက်သွယ်ပူးပေါင်းခဲ့သည့် မလေးရှားနိုင်ငံသားတစ်ဦးက ဖေ့စ်ဘုတ်နှင့် တယ်လီဂရမ်တို့မှတစ်ဆင့် စည်းရုံးသိမ်းသွင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့်နှစ်နှစ်ကျော်ကာလအတွင်း မလေးရှားအာဏာပိုင်များက အိုင်အက်စ်အုပ်စုနှင့် ဆက်သွယ်နေသည်ဟု သံသယရှိသူ ၁၅၀ကျော်ကို ဖမ်းဆီးခဲ့ရာ ၎င်းတို့အထဲတွင် ကွာလာလမ်ပူရှိ အချက်အချာကျသည့်နေရာများကို တိုက်ခိုက်ရန် ကြံစည်နေသူများလည်း ပါဝင်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly