ရီးယဲလ်နောက်ခံလူရာမို့စ်ကို ပေါင်သန်း ၃၀ ဖြင့်မန်ယူကမ်းလှမ်း

ရီးယဲလ်နောက်ခံလူရာမို့စ်ကို ပေါင်သန်း ၃၀ ဖြင့်မန်ယူကမ်းလှမ်း

ဇွန် ၂၅၊ မန်ချက်စတာ။ ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ရီးယဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်ကို ပေါင်သန်း ၃၀ ဖြင့်ကမ်းလှမ်းထားသည်ဟု မယ်ရာသတင်းစာက ဖော်ပြခဲ့သည်။

ရာမို့စ်သည် ရီးယဲလ်ကစားသမားဘဝကိုအဆုံးသတ်လိုနေပြီး ကမ်းလှမ်းမှုကိုစဉ်းစားရန်၊ မန်ယူအသင်းနှင့်ဆွေးနွေးရန်စသည်ဖြင့် ရီးယဲလ် မက်ဒရစ်အသင်းတာဝန်ရှိသူများကို ပြောကြားထားသည်။

မန်ယူအသင်းသည် အသက် ၂၉ နှစ်အရွယ်နောက်တန်းကစားသမား၏ ကိုယ်စားလှယ်များနှင့် လုံလောက်သည့်အကြိုသဘောပြောဆိုဆွေးနွေးမှုများ ပြုလုပ်ထားပြီးဖြစ်သည်။

မန်ယူအသင်းတာဝန်ရှိသူများသည် ရာမို့စ်နှင့် ရီးယဲလ်မက်ဒရစ်အသင်းကြားအဆင်မပြေမှုကို အခွင့်ကောင်းယူကာ စပိန်လက်ရွေးစင်ရာမို့စ်ကို ခေါ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

မန်ယူအသင်းသည် ရာမို့စ်ကိုကမ်းလှမ်းရာတွင် ဂိုးသမားဒီဂီယာ၏အပြောင်းအရွှေ့နှင့်သက်ဆိုင်ခြင်းမရှိဘဲ သီးသန့်ကမ်းလှမ်းထားခြင်းလည်း ဖြစ်သည်။ မန်ယူဂိုးသမားဒီဂီယာကို ရီးယဲလ်မက်ဒရစ်အသင်းက အလိုရှိနေပြီး ဒီဂီယာကလည်း ရီးယဲလ်မက်ဒရစ်သို့ ပြောင်းချင်နေသည်။

သို့သော်လည်း ရာမို့စ်ကိုခေါ်ယူမှုအောင်မြင်ရေးအတွက် ဒီဂီယာက အပြောင်းအရွှေ့၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခြင်းမှာ ပိုမိုဖြစ်နိုင်ဖွယ်ရှိနေသည်။

ရာမို့စ်ကိုအကြိုသဘောကမ်းလှမ်းထားသည်ဟု စပိန်တွင်သတင်းများထွက်ပေါ်နေသော်လည်း မန်ယူအသင်းကမူ မှတ်ချက်ပေးရန်ငြင်းဆန်ထားသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ရာမို့စ်ကိုစာချုပ်သစ်ကမ်းလှမ်းမှုမအောင်မြင်သောကြောင့် အာဆင်နယ်အသင်းမှ ပေါင် ၂၁ သန်းတန် ပြင်သစ်နောက်ခံလူ ကိုစီရယ်နီကို ခေါ်ယူရန်ပစ်မှတ်ထားနေသည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly