အီရန်အပေါ် နျူကလီးယား ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှား၊ အမေရိကန်နှင့် အကျဉ်းသားလဲလှယ်ရန် သဘောတူ

အီရန်အပေါ် နျူကလီးယား ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှား၊ အမေရိကန်နှင့် အကျဉ်းသားလဲလှယ်ရန် သဘောတူ

ဝါရှင်တန်၊ ဇန်နဝါရီ-၁၇ ။             ။ နျူကလီးယားရည်မှန်းချက်များကို ထိန်းချုပ်ကန့်သတ်ရန် သဘောတူညီချက်ကို တီဟီရန်က လိုက်နာသည့်အနေဖြင့် အတုန့်အလှည့်အနေဖြင့် ဇန်နဝါရီလ ၁၆ရက်နေ့က ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့ရာ အီရန်နိုင်ငံမှာ နှစ်ပေါင်းများစွာ စီးပွားရေးအကျဉ်ခံထားရမှုမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြတ်တောက်လျှော့ချသည့် တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စုနှင့် အကျဉ်းသားလဲလှယ်သည့် အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝါရှင်တန်ပို့စ် သတင်းထောက်   ဂျေဆန် ရီဇိုင်ယင်အပါအဝင် အမေရိကန်နိုင်ငံသား ၅ဦးကို လွှတ်ပေးကြောင်း တီဟီရန်က ကြေညာခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားပေးခြင်းနှင့် အကျဉ်းသားလဲလှယ်ရန် သဘောတူညီချက် နှစ်ခုစလုံးက ၁၉၇၉ခုနှစ် အီရန် အစ္စလာမ်တော်လှန်ရေးနောက်ပိုင်းတွင အရှေ့အလယ်ပိုင်းကို ပုံဖော်နေခဲ့သည့် တီဟီရန်နှင့် ဝါရှင်တန်ကြား အာဃာတကို အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားစေခဲ့သည်။

ယခုအခါ ဘီလျံ ဆယ်ဂဏန်းချီသည့် အီရန်ပိုင် ဓနဥစ္စာများမှာ လွတ်လွတ်လပ်လပ် စီးဆင်းခွင့် ရရှိသွားပြီဖြစ်သကဲ့သို့ အီရန်တွင် စီးပွားရေးလုပ်ရန် ပိတ်ပင်ခံထားရသည့် ကမ္ဘာနှင့်အဝန်းမှ ကုမ္ပဏီများမှာလည်း ကားများမှသည် လေယာဉ်အစိတ်အပိုင်းများအထိ အာသာငန်းငန်း ဆာလောင်နေသည့် အီရန်ဈေးကွက်ကြီးကို ထိုးဖောက်ဝင်ရောက်ခွင့် ရရှိပြီဖြစ်သည်။

နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ကန့်သတ်ရန် အင်အားကြီး ၆နိုင်ငံနှင့် သဘောတူညီချက်ကို အီရန်က လိုက်နာခဲ့သည်ဟု ကုလ နျူကလီးယားစောင့်ကြည့်အုပ်စုက ဆုံးဖြတ်ခဲ့သောကြောင့် ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုများကို အဆုံးသတ်ရခြင်းပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly