ဘီလ်ဘာအို တိုက်စစ်မှူး ၀ီလျံကို လီဗာပူးလ်နှင့် အာဆင်နယ်တို့ ခေါ်ယူရန် အပြိုင်ကြိုးပမ်းနေ

ဘီလ်ဘာအို တိုက်စစ်မှူး ၀ီလျံကို လီဗာပူးလ်နှင့် အာဆင်နယ်တို့ ခေါ်ယူရန် အပြိုင်ကြိုးပမ်းနေ

လီဗာပူးလ်၊ ဇန်နဝါရီ ၁၇။             ။ လီဗာပူးလ်အသင်းနှင့် အာဆင်နယ်အသင်းတို့သည် ဘီလ်ဘာအိုအသင်းမှ အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်တိုက်စစ်ကစားသမား အင်နာကီဝီလျံကို ခေါ်ယူရန် အပြိုင် ကြိုးပမ်းလျက်ရှိနေကြသည်။

ဝီလျံသည် ပြီးခဲ့သည့်ရာသီက ဒီပို့တီဗိုနှင့် ကစားသောပွဲတွင် တစ်နာရီ ၂၂ ဒသမ ၂ မိုင်နှုန်းနှင့် ပြေးခဲ့သည့်အတွက် လာလီဂါ၏ အမြန်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူသည်။

ဝီလျံနှင့် ဘီလ်ဘာအိုတို့ ချုပ်ဆိုထားသော စာချုပ်တွင် လျော်ကြေးငွေမှာ ပေါင် ၁၅ ဒသမ ၃ သန်းသာ ဖြစ်သည့်အတွက် လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်မှာ ခေါ်ယူလိုလျက်ရှိသည်။

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည်လည်း ဝီလျံ၏ ပရိသတ်တစ်ဦးဖြစ်ပြီး ဗီလာရီးယဲလ် ဝ-၁ ဘီလ်ဘာအိုပွဲစဉ်သို့ ကင်းထောက်များစေလွှတ်ကာ စောင့်ကြည့်စေခဲ့သည်။

လီဗာပူးလ်နှင့် အာဆင်နယ်တို့က ခေါ်ယူလိုနေကြသော်လည်း ဘီလ်ဘာအိုအသင်းမှာ ၎င်းတို့၏ ငယ်မွေးခြံပေါက်ကစားသမားကို ရောင်းချရန်ဆန္ဒမရှိဘဲ စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေသည်။ စာချုပ်သစ်တွင် လျော်ကြေးငွေကို ပေါင် ၇၆ သန်းအထိ တိုးမြှင့်ရန်လည်း ပြင်ဆင်နေသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ဂိုးစတင်သွင်းယူခဲ့သော ဝီလျံသည် အသင်း၏ ၁၁၇ နှစ်ကြာသမိုင်းတစ်လျှောက်၌ ဘီလ်ဘာအိုအတွက် ပထမဆုံးဂိုးသွင်းသောလူမည်းကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly