ချယ်လ်ဆီးနှင့် အဲဗာတန်တို့၏ ပွဲစဉ်တွင် ဂျွန်စတုန်းကို ဘာစီလိုနာ ကင်းထောက်များ လာရောက်စောင့်ကြည့်

ချယ်လ်ဆီးနှင့် အဲဗာတန်တို့၏ ပွဲစဉ်တွင် ဂျွန်စတုန်းကို ဘာစီလိုနာ ကင်းထောက်များ လာရောက်စောင့်ကြည့်

လန်ဒန်၊ ဇန်နဝါရီ ၁၇ ။             ။ ချယ်လ်ဆီးအသင်းနှင့် အဲဗာတန်အသင်းတို့ သုံးဂိုးစီဖြင့် သရေကျခဲ့သောပွဲစဉ်တွင် ဘာစီလိုနာအသင်း၏ ဘောလုံးကင်းထောက်များသည် အဲဗာတန်နောက်ခံ ကစားသမား ဂျွန်စတုန်းကို လာရောက် စောင့်ကြည့်ခဲ့ကြသည်။

ဘာစီလိုနာအသင်းသည် ဂျွန်စတုန်း၏ တိုးတက်မှုများကို ပြီးခဲ့သည့်ရာသီကတည်းက စောင့်ကြည့်နေခဲ့ပြီး အားကစားဒါရိုက်တာ ရော်ဘတ်တိုဖာနန်ဒက်ဇ်မှာ အစီရင်ခံစာများစွာ ရရှိခဲ့သည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဂျွန်စတုန်းသည် ယခုနှစ်ရာသီတွင်လည်း ခြေစွမ်းပြလျက်ရှိသောကြောင့် မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်၊ ရီးယဲလ်၊ ဘာစီလိုနာ စသည့် ဥရောပကလပ်အသင်းကြီးများစွာက ၎င်းကို စောင့်ကြည့်နေကြပြီး ခေါ်ယူလိုလျက်ရှိနေကြသည်။ ယခုနှစ်ရာသီအစတုန်းကလည်း ချယ်လ်ဆီးအသင်းမှာ စတုန်းကို ခေါ်ယူရန် အသည်းအသန်ကြိုးပမ်းခဲ့ပြီး နောက်ဆုံး ပေါင် ၃၈ သန်းအထိပေးကာ ကမ်းလှမ်းခဲ့သော်လည်း အဲဗာတန်အသင်းက ငြင်းပယ်ခဲ့သည်။

အဲဗာတန်အသင်းနှင့် စတုန်းတို့၏ လက်ရှိစာချုပ်မှာ သုံးနှစ်သက်တမ်းကျန်ရှိနေသေးသည်။ ထိုစာချုပ်မှာ စတုန်းနာမည်မကြီးခင် ကစားသမားဘဝက ချုပ်ဆိုထားခြင်းဖြစ်သည့်အတွက် လစာငွေမှာ နည်းပါးလျက်ရှိသည်။ ထို့ကြောင့် အဲဗာတန်အသင်းမှာ စတုန်းကို စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်လျက်ရှိသည်။

ဘာစီလိုနာအသင်းမှာ စတုန်းကို ခေါ်ယူရာတွင် ချယ်လ်ဆီး၏ နောက်ဆုံးကမ်းလှမ်းမှုထက်ပိုပေးဖွယ် မရှိဘဲ ပေါင် ၃၅ သန်းနှင့် နောက်ခံလူ ဘာထရာကို အလိုက်ပေးကာ ကမ်းလှမ်းဖွယ်ရှိနေသည်ဟု ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly