ဘာကီနာဖာဆို ဟိုတယ်တိုက်ခိုက်မှုတွင် အနည်းဆုံး လူ၂၈ဦးသေဆုံး ဒါဇင်ပေါင်းများစွာ ဓားစာခံအဖြစ်မှ လွတ်မြောက်

ဘာကီနာဖာဆို ဟိုတယ်တိုက်ခိုက်မှုတွင် အနည်းဆုံး လူ၂၈ဦးသေဆုံး ဒါဇင်ပေါင်းများစွာ ဓားစာခံအဖြစ်မှ လွတ်မြောက်

ကွာဂါဒိုဂူး၊ ဇန်နဝါရီ-၁၇ ။            ။ ဘာကီနာဖာဆိုနိုင်ငံမှ ဇိမ်ခံဟိုတယ်တစ်ခုကို တိုက်ခိုက်သူများက ညအချိန် ဝင်ရောက်စီးနင်းခဲ့ပြီး အချို့ကို ပစ်ခတ်၍အခြားအတော်များများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ရာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီး လူ ဒါဇင်ပေါင်းများစွာ သေကြေပြီးမှ အဆုံးသတ်သွားခဲ့သစည်။

မြို့တော် ကွာဂါဒိုဂူးမှ အနောက်နိုင်ငံသံတမန်များ တွေ့ဆုံရာ အထင်ကရနေရာဖြစ်သည့် Splendid Hotel တွင် တိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အယ်လ်ခိုင်ဒါနှင့် ချိတ်ဆက်နေသည့် အကြမ်းဖက်အုပ်စုတစ်စုက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုမှာ သောကြာနေ့ညက စတင်ခဲ့ပြီး၊ အမှောင်ကို အကာကွယ်ယူကာ ရှည်ကြာနေခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များက နောက်ပိုင်းနာရီများတွင် အတွင်းသို့ တဟုန်ထိုး ဝင်ရောက်မစီးနင်းမီတွင် ဟိုတယ်ဝင်းကို ဝိုင်းပတ်ပိတ်ဆို့ရျ် အခြအနေကို အကဲခတ်နေခဲ့ကြသည်။

“လူတိုင်းက ကြောက်လန့်နေကြပြီး ကြမ်းပြင်ပေါ်မှ လှဲနေကြရတယ်။ သူတို့က လူတွေကို ချိန်မိချိန်ရာ ပစ်ခတ်နေတော့ နေရာတိုင်းမှာ သွေးအိုင်တွေချည်းပဲ” ဟု လွတ်မြောက်လာသည့် ယာနစ် ဆာဝါဒိုဂိုက ပြောကြားခဲ့သည်။

ဘာကီနာဖာဆို နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဖာ ဘာရီ၏ ပြောကြားချက်အရ စနေနေ့အစောပိုင်းတွင်မှ လုံခြုံရေးတပ်ဖွဲ့များက ဟိုတယ်အတွင်းသို့ ဝင်ရောက်ကာ ဓားစာခံ ၁၂၆ယောက်ကို လွတ်မြောက်စေခဲ့ရာ ၎င်းတို့အနက် တစ်ဝက်မှာ ဆေးရုံတင်ထားရသည်ဟု ဆိုသည်။

သမ္မတ ရော့ချ် မာ့ ခရစ်ရှန် ကာဘိုးက နိုင်ငံသို့ ပြောကြားရာတွင် လူ ၂၈ယောက် သေဆုံးခဲ့ရပြီး ၅၄ယောက် ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ ဒဏ်ရာရသူများထဲတွင် ဘာကီနာ ရဲအရာရှိ၂ယောက်၊ စစ်သားတစ်ယောက်နှင့် ပြင်သစ်နိုင်ငံမှ အမှုထမ်းတစ်ယောက် ပါဝင်နေသည်။

စီအင်အင်၏ အဖွဲ့ခွဲ BFMTV ၏ သတင်းပို့ချက်အရ သေဆုံးသူများထဲတွင် ပြင်သစ်နိုင်ငံသား ၂ယောက် ပါဝင်သည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားဖော်ပြထားပြီး ကနေဒါကလည်း ၎င်း၏ နိုင်ငံသား ၆ယောက် အသတ်ခံခဲ့ရသည်ဟု ပြောကြားသည်။

၉နှစ်အရွယ် မိန်းခလေးငယ်တစ်ယောက်အပါအဝင် သေဆုံးသူ ၄ယောက်မှ ယူကရိန်းနိုင်ငံမှ ဖြစ်ပြီး နောက်ထပ် သေဆုံးသူ၂ယောက်မှာမူ ၎င်းတို့၏ နိုင်ငံသားများဖြစ်သည်ဟု ဆွစ်ဇာလန်   နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုကလည်း အသတ်ခံရသူများထဲတွင် ၎င်းတို့၏ နိုင်ငံသားတစ်ယောက် ပါဝင်သည်ဟု ပြောကြားခဲ့သည်။။

သေဆုံးသူများထဲတွင် ပစ်သတ်ခံခဲ့ရသည်ဟု ကာဘိုးက ပြောကြားခဲ့သည့် တိုက်ခိုက်သူသုံးယောက်ပါ ပါဝင်နေသလားဆိုသည်မှာမူ မကွဲပြားသေးချေ။

သောကြာညက တိုက်ခိုက်သူများ ဟိုတယ်အတွင်းသို့ ဝင်ရောက်ပစ်ခတ်စဉ် သွေးပျက်တုန်လှုပ်ဖွယ်မြင်ကွင်းကို အသက်ရှင်ကျန်ရစ်သူများက ပြန်ပြောင်း ပြောပြကြခဲ့ကြသည်။

“သူတို့စကားပြောနေတာကို ကြားနေရတယ်။ ဟိုတယ်ထဲကို လျှောက်သွားနေပြီး အသက်ရှင်နေတယ်လို့ ထင်ရသူမှန်သမျှကို ပစ်ခတ်နေတယ်”ဟု ဆာဝါဒိုဂိုက စီအင်အင်အဖွဲ့ခွဲ BFMTV သို့ ပြောကြားခဲ့သည်။

ဆာဝါဒိုဂိုမှာ ကျိုးပြတ်နေသည့် ပြတင်းပေါက်တစ်ခုမှ လွတ်မြောက်လာစဉ်တွင် မီးခိုးများအူနေသောကြောင့် ဘာကိုမှ မမြင်ရဟု ပြောကြားသည်။

ဘာကီနာ ရဲတပ်ဖွဲ့ဝင်များက ဟိုတယ်အခန်းများအတွင်းသို့ တဟုန်ထိုးဝင်ရောက်ကာ အကြမ်းဖက်သမားများနှင့် အသက်ရှင်ကျန်ရစ်နေသည့် ဓားစာခံများကို ရှာဖွေခဲ့ကြသည်ဟုဆိုသည်။ ကယ်ဆယ်ခံရသူများထဲတွင် အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးလည်း ပါဝင်နေသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

အနောက်အာဖရိကနိုင်ငံ၏ တပ်ဖွဲ့များမှာ အမေရိကန်နှင့် ပြင်သစ်တပ်ဖွဲ့များထံမှ အထောက်အပံ့ကို ရယူခဲ့ပြီး ၎င်းတို့ ဟိုတယ်ကို ဝင်ရောက်စီးနင်းပြီး မကြာမီတွင် သေနတ်သံများ တိတ်သွားခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုမှာ စနစ်တကျ အကွက်ချစီစဉ်ထားခြင်းဖြစ်ပြီး၊ တိုက်ခိုက်သူအချို့မှာ ဟိုတယ်အတွင်းသို့ နေ့ခင်းကတည်းက ဝင်ရောက်ရျ် ဧည့်သည်များနှင့် ရောနှောနေခဲ့ပြီး ညရောက်လာသည့်အခါတွင် နောက်ထပ်ရောက်လာသည့် တိုက်ခိုက်သူများနှင့် ပူးပေါင်းသွားခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။  

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ တိုက်ခိုက်သူများမှာ ဗောင်းထုပ်များ ပေါင်းထားကြပြီး ပြင်သစ်ကိုလိုနီဟောင်း ဘာကီနာဖာဆို ဒေသခံမဟုတ်သည့် ဘာသာစကားကို ပြောကြားကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly