အိမ်နီးချင်း နိုင်ငံလေးခုကို မြန်မာနိုင်ငံထုတ် ထရန်စဖော်မာတွေ စပြီး တင်ပို့မယ့် ဟီတာချီစိုးကုမ္ပဏီ ဒုဥက္ကဋ္ဌနဲ့ တွေ့ဆုံခြင်း

17 January 2016
အိမ်နီးချင်း နိုင်ငံလေးခုကို မြန်မာနိုင်ငံထုတ် ထရန်စဖော်မာတွေ စပြီး တင်ပို့မယ့် ဟီတာချီစိုးကုမ္ပဏီ ဒုဥက္ကဋ္ဌနဲ့ တွေ့ဆုံခြင်း

ဟီတာချီစိုးဆိုတာ အိမ်သုံးလျှပ်စစ်တွေကို ထုတ်လုပ်နေတဲ့ စိုးလျှပ်စစ်ကုမ္ပဏီ နဲ့ ဂျပန်နိုင်ငံ ဟီတာချီတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းမှာ ထရန်စဖော်မာတွေကို ၂၀၁၆ ခုနှစ်ကစပြီး ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒီလို ပြည်တွင်းမှာ ထုတ်ပြန်တဲ့ လျှပ်စစ်ပစ္စည်းတွေကို ပြည်ပထိ ပို့ပြီး ဈေးကွက်ထိုးဖော်နိုင်ဖို့ ဟီတာချီစိုး ကုမ္ပဏီအနေနဲ့ ဘာတွေလုပ်သွား မလဲဆိုတာကို ဟီတာချီစိုး စက်မှုလုပ်ငန်းသုံးလျှပ်စစ်လုပ်ငန်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မင်းထွန်းကို မဇ္ဈိမက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မေး - ဟီတာချီစိုးအနေနဲ့ မဇ္ဈိမကို အခုလို အင်တာဗျူးပေးတဲ့အတွက် ဦးကျော်မင်းထွန်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ ပထမ မေးခွန်းကနေ စရမယ်ဆိုရင် အခုလိုမျိုး ဂျပန်နိုင်ငံရဲ့ ဟီတာချီနဲ့ စိုးက ပေါင်းလိုက်တဲ့အခါ စိတ်လှုပ်ရှားစရာများ ဖြစ်နေလား ခင်ဗျ။

ဖြေ - စိတ်လှုပ်ရှားတာတော့ စိတ်လှုပ်ရှားတာပေါ့။ စိတ်လှုပ်ရှားတယ်ဆိုတဲ့ နေရာမှာ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် ကမ္ဘာမှာကော ဂျပန်နိုင်ငံမှာကော တကယ့်ကို နည်းပညာမှာ ထိပ်တန်းဖြစ်နေတဲ့ ကုမ္ပဏီတစ်ခုနဲ့ ပြည်တွင်းမှာ ကျွန်တော်တို့လို ကုမ္ပဏီတစ်ခု ပူးပေါင်းလိုက်တဲ့ အတွက် တိုင်းပြည်အတွက် အများကြီး နည်းပညာပိုင်းဆိုင်ရာတွေကော မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အင်ဂျင်နီယာတွေ အလုပ်ကိုင် အခွင့်အလမ်းတွေ အများကြီး ရရှိသွားတာပေါ့။

မေး - ကျွန်တော်တို့ ဒီပူးပေါင်းလိုက်မှုပေါ်မှာ သိထားတာကတော့ အစိုးရကနေပြီးတော့ ထုတ်နေတဲ့ ဒီ transformers တွေကို  သူတို့ရဲ့ နည်းပညာနဲ့ ပေါင်းပြီးတော့ နောက်ထပ် transformers အသစ်တွေ ထုတ်မယ်။ ပြီးတော့ ပြည်တွင်းဈေးကွက်တွေ အပြင် နိုင်ငံခြားဈေးကွက်တွေကိုလည်း သွားရောက်ရောင်းချမယ်လို့ သိထားတယ် ခင်ဗျ။ အဲလိုမျိုးပူးပေါင်းလိုက်တဲ့ အရာက ပြည်တွင်းဈေးကွက်နဲ့ နိုင်ငံခြားဈေးကွက် တွေမှာ ဘယ်လို အလှည့်အပြောင်းတွေပေါ့နော်။ ဖြစ်သွားနိုင်မယ်လို့ ထင်လဲ ခင်ဗျ။

ဖြေ - အခုလက်ရှိ စိုးလျှပ်စစ်ကတော့ မြန်မာပြည်မှာ ပထမဦးဆုံး transformers ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၃ နှစ်ကျော် experience ရှိတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Market  ရှယ်ယာလည်း ၆၀% / ၇၀% နှစ်တိုင်း ရရှိနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။  ဟီတာချီနဲ့ ပူးပေါင်းလိုက်တဲ့ အခါမှာတော့ ကျွန်တော်တို့ အရင်တုန်းက နိုင်ငံတကာ စံချိန်စံညွန်းတွေကို မီအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားတာပေါ့နော်။ ဒါပေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အကြောင်းကြောင်းအရ တစ်ချို့ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်နေတဲ့ နည်းပညာတွေကို ချက်ချင်းရဖို့ဆိုတာ ခဲယဉ်းပါတယ်။ အခုလိုမျိုး ဟီတာချီလို ကုမ္ပဏီနဲ့ ပူးပေါင်းလိုက်တဲ့ အခါကျတော့ နည်းပညာပိုင်းဆိုင်ရာတွေဟာ ချက်ချင်းဆိုသလို ကျွန်တော်တို့က ရရှိမှာ ဖြစ်ပါတယ်။  ကျွန်တော်တို့က ပြည်တွင်းဈေးကွက် သာမက နိုင်ငံခြားဈေးကွက်ကိုပါ ရောင်းချနိုင်တယ်ဆိုတဲ့ ကျွန်တော်တို့ သဘောတူညီချက်ပါပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီယား၊ လာအို၊ ဘင်္ဂလားဒေ့ရှိ၊ ပါကစတန်လို ဟာမျိုးကို အရင်ဆုံး အိတ်စပို့စ် စလုပ်မှာ ဖြစ်ပါတယ်။ အဲမှတစ်ဆင့် ကျွန်တော်တို့က ကမ္ဘာ့နိုင်ငံ အသီးသီးကို ကျွန်တော်တို့ ဒီကနေ ထုတ်လုပ်မှုနည်းစဉ်တွေ အသားကျလာတဲ့အမျှ ကျွန်တော်တို့က နိုင်ငံတကာကို ချဲ့ထွင်ပြီးတော့ ဈေးကွက်ကို ရောင်းချမှာ ဖြစ်ပါတယ်။

မေး - ဒီနေရာမှာ ဟီတာချီစိုးရဲ့ အစောပိုင်း ပြောဆိုမှုတွေမှာ ဈေးကွက်ကို နှစ်ဆ တိုးမြှင့်လုပ်ဆောင်တော့မယ်လို့ ပြောထားတာ ကျွန်တော်တို့ သိခဲ့ရတယ်ခင်ဗျ။ ဒါက လက်တွေ့မှာ တကယ်လွယ်ကူနိုင်ပါ့မလား။

ဖြေ - လွယ်ကူနိုင်ပါ့မလားဆိုတာကတော့ လွယ်ကူတယ်လို့ မဟုတ်ပါဘူး။ ခက်ခဲတယ်လို့ မဟုတ်ပါဘူး။ ဈေးကွက်ကတော့ နှစ်ဆ ဖြစ်မယ်ဆိုတာကတော့ ဖြစ်မှာပါ။ လျှပ်စစ် ရှိမှ ထုတ်ကုန်အားလုံး အခြေခံ လူတန်းစားအားလုံး အဆင်ပြေမှာ ဖြစ်တဲ့ အတွက် နိုင်ငံတော်ကနေ ပြီးတော့ အခုနှစ်ပိုင်းမှာ ဘတ်ဂျတ်ကို ပိုမိုပြီးတော့ နိုင်ငံတော်အတွက် လျှပ်စစ် ကဏ္ဍ ဖြည့်ဆည်းပေးနေတာ ဖြစ်တယ်။ အဲတော့ ကျွန်တော်တို့  အဲတော့ ကျွန်တော်တို့ transformers ရဲ့ရောင်းရမှုပေါ့နော်။ ဒီနှစ်ထဲမှာ ရောင်းရမှုက အခုလက်ရှိမှာ နှစ်ဆလောက်နီးပါး သွားနေပါတယ်။

မေး - ဟုတ်ကဲ့ ဒုဥက္ကဋ္ဌ ဦးကျော်မင်းထွန်းအနေနဲ့ စောနက ပြောဆိုသွားတဲ့ အထဲမှာ ဈေးကွက်အနေနဲ့ ပြည်တွင်းဈေးကွက်တွေ အပြင် အခြားအာဆီယံ ဈေးကွက်တွေ နောက်ပြီးတော့ အာရှဈေးကွက်တစ်ချို့တွေကို ဒီကနေ တစ်ဆင့် ကမ္ဘာ့ဈေးကွက်တွေကိုလည်း လွှမ်းနိုင်မယ့် အခြေနေကို ပြောပြသွားတာ တွေ့ရတယ် ခင်ဗျ။ ဆိုတော့  ကျွန်တော်တို့ နိုင်ငံမှာက ပြည်ပ ပို့ကုန် အနေနဲ့ကျတော့ လက်ရှိအခြေနေမှာ အင်မတန်ကို အားနည်းနေတဲ့ အချိန်နေမှာ ရှိတယ်။ ဒီလိုမျိုးစက်မှုပိုင်းဆိုင်ရာ ပစ္စည်းနဲ့ဆိုရင်တော့ ပိုတောင်ဝေးသေးတာပေါ့နော်။ ဆိုတော့ ဒီအိမ်မက်က သိပ်ပြီးတော့  ကြီးလွန်းရာ ကြမလားခင်ဗျ။

ဖြေ - ဒီလိုတော့ ရှိပါတယ်။ လူဆိုတာတော့ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့လေ။ ကုမ္ပဏီပိုင်ရှင်လည်း ပိုင်ရှင် ဝန်ထမ်းလည်း ဝန်ထမ်း၊ ဝန်ထမ်းမှာလည်း အစိုးရပိုင်းသော်လည်းကောင်း၊ ပုဂ္ဂလိက ပိုင်းသော်လည်းကောင်း လူဆိုတာတော့ ဘဝမှာ မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတာပေါ့နော်။ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ အသက်ရှင်ကြတာပေါ့။ ကျွန်တော်တို့က လောကကြီးမှာ စကားတွေ အများကြီး ပြောဆိုကြတဲ့ အခါမှာ ကျွန်တော်တို့ကတော့ ဖြစ်နိုင်တာကို ပြောတာပေါ့နော်။ ခုလက်ရှိ အခုနပြောသလို အိတ်စပို့စ် ပို့ဖို့ဆိုတာတော့ ကျွန်တော်တို့မှာ ဟီတာချီ ပေါင်းမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီက ဗီယက်နမ် နိုင်ငံကို transformers တွေ ပို့ခဲ့တာ ရှိပါတယ်။ စင်ကာပူဘက်ကိုလည်း ကျွန်တော်တို့ အေးဂျင့် ကုမ္ပဏီ တစ်ခုနဲ့ ဆိုဒ်တွေကို တည်ဆောက်ဆဲ construction ပြီးတဲ့ကာလမှာ အသုံးပြုတဲ့ transformers တွေကို  အိတ်စပို့စ် ပို့ခဲ့ပြီးသားပါ။ ကျွန်တော်တို့မှာ အတွေ့အကြုံရှိပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ ဆက်မပို့ပဲ ဘာကြောင့်ရပ်ခဲ့လည်း ဆိုတော့ ကျွန်တော်တို့က အိတ်စပို့စ် တပ်တွေလည်း ရှိတယ်။ နောက်တစ်ခါကျတော့ ဒီပြင်နိုင်ငံတွေမှာ အိတ်စပို့စ် ပို့ရင် အခွန်အခတွေလည်း ဆောင်ရတာ မရှိတဲ့ အပြင် နိုင်ငံတော်တွေကတောင် အိတ်စပို့စ် ပို့နိုင်ရင် ရာခိုင်းနှုန်းတစ်ခုအနေနဲ့တောင် ပြန်ပြီးတော့ onenable လုပ်နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာတော့ အရင်က အဲလိုရှိတဲ့ အခါကျတော့ ဈေးကွက်မှာ သူများနဲ့ ယှဉ်လိုက်ရင် အာဆီယံ နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ဈေးကြီးနေတယ်။ အဲတာတွေနဲ့ ရောင်းဝယ်ဖောက်ကားမှု မလုပ်နိုင်ခဲ့တာပေါ့နော်။ ကျွန်တော်မှာ အရင်က ပို့ခဲ့ပြီးသားရှိပါတယ်။ အဆင်ပြေမှာပါ။

မေး - ဆိုတော့ တစ်ဆက်တည်းပြောရမယ်ဆိုရင် ၂၀၁၆ ဆိုတဲ့ အခင်းအကျဉ်းဟာ ပြည်တွင်းစီးပွားရေးနဲ့ ဒေသတွင်းစီးပွားရေးတွေမှာ  အာဆီယံ စီးပွားရေး အသိုက်ဝန်း ပြီးတော့ လွတ်လပ်စွာ ကုန်သွယ်မှုတွေလည်း ဖြစ်လာတော့မယ် ခင်ဗျ။ အဲတော့ အခုနက အစ်ကို ပြောသွားတဲ့ အထဲမှာ နိုင်ငံ တော်တော်များများ အဓိက အာဆီယံ နိုင်ငံတွေက ဒီကုန်သွယ်ခွင့်နဲ့ ပတ်သက်ပြီးတော့ အခွန်ကင်းလွတ်ခွင့် သက်သာခွင့်တွေ ကို အစိုးရက လုပ်ငန်းရှင်တွေကို မျက်နှာသာ ပေးလာတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံက တစ်ချို့ ဖြေလျော့မှုတွေကို တစ်စ တစ်စတော့ ဖြေလျော့ခြင်းတွေ လုပ်ကိုင်လာတယ် ခင်ဗျ။ ဆိုတော့ ကျွန်တော်တို့ ဒီလိုမျိုး အာဆီယံ တိုင်းပြည်တွေကို သွားတဲ့ အခါမှာ အာဆီယံ ဈေးကွက်အတွက်ပေါ့နော်။ ပြည်တွင်းက ထုတ်ကုန် ဟီတာချီစိုး လျှပ်စစ်အနေနဲ့က အစိုးရရဲ့ တစ်ချို့ဖြေလျော့မှုတွေ အပေါ်မှာ အားရ ကျေနပ်မှုတွေ ရှိပြီးလား ခင်ဗျ။ နောက်ထပ် ဘာတွေများ မျှော်လင့်ထားသေးလဲ။ ဘာတွေ စိန်ခေါ်မှုတွေ ရှိလာလိမ့်ဦမယ်လို့ မြင်လဲခင်ဗျ။

ဖြေ - အစိုးရကတော့ သူတို့လည်း အတွေ့အကြုံတွေ အများကြီး ရတာပေါ့နော်။ သူတို့လည်း နှစ်ပေါင်းမနည်းဘူး တိုင်းပြည် အုပ်ချုပ်လာတာကိုး။ နိုင်ငံတကာလည်း သက်ဆိုင်ရာ ဌာနတွေမှာ ရှိကြတဲ့ အရာရှိတွေ အကုန်လုံး နိုင်ငံခြားသွားတဲ့ အခါကျတော့ တစ်ချို့နိုင်ငံတွေမှာ အာဆီယံနိုင်ငံတွေမှာ ဘယ်လို လုပ်ဆောင်တယ်။  ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေကို နိုင်ငံတော်ကနေပြီးတော့ ဘယ်လို ကူညီထောက်ပံ့လည်း။ ဘယ်လိုကာဗာ ပေးထားတယ်ဆိုတာကို သူတို့ တစ်ဖြေးဖြေးနဲ့တော့ သိလာပါပြီ။ သိလာတဲ့ အတွက်လည်း နိုင်ငံတော်ကနေပြီးတော့ အခွန်အခတွေ လျော့ပေါ့ပေးတာတွေ အခုဆိုရင်တော့ ကုန်သွယ်ရေးမှာ အိတ်စပို့စ်ပဲလုပ်လုပ် အင်ပို့ပဲ လုပ်လုပ် တော်တော်လေး မြန်လာတာပေါ့နော်။ ကျွန်တော်တို့ အရင်လုပ်ငန်းစခါက ဆိုရင် အင်ပို့စ် လိုင်စင်တစ်ခု ရဖို့ဆိုတာ တစ်လခွဲလောက် ကြတယ်။ အခုဆိုရင် တစ်ပါတ် အဲလောက်ပဲ အများဆုံး ဆိုတော့ ဒါတွေဟာ နိုင်ငံတော်ကနေပြီးတော့ စာရွက်စာတမ်းသွားမှုတွေ နည်းနိုင်သမျှ နည်းအောင် လုပ်ပေးနိုင်တာ။ ဒီအပေါ်မှာတော့ အားရ ကျေနပ်မှုဆိုတာ အတိုင်းတာ တစ်ခုထိတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်အခုနက ပြောသလိုပေါ့။ အာဆီယံနိုင်ငံတွေက ကျွန်တော်တို့ထက် နှစ်ပေါင်းများစွာ ဆယ်စုနှစ်မက နှစ်ပေါင်း နှစ်ဆယ် သုံးဆယ် တစ်ဝက်နည်းနည်း ဖြစ်နေတဲ့ တိုင်းပြည်တွေ ဖြစ်တဲ့ အခါကျတော့ ကျွန်တော်တို့ က သူတို့နဲ့ ယှဉ်လာလို့ ရှိရင် တော်တော်ကြီးကို သူများလှမ်းနေတဲ့ ခြေလှမ်းထက်ကို အများကြီး လှမ်းဖို့ လိုပါတယ်။

ဟုတ်ကဲ့ခင်ဗျ စိတ်ကူး ဆန္ဒတွေ ထပ်တူကြပါစေလို့ ဆုတောင်းရင်း ကျွန်တော်တို့ 7 Mins  အစီစဉ်ကို မှာ အချိန်ပေးတဲ့  ဟီတာချီစိုး ကုမ္ပဏီလီမီတက်ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။

အတော်ကြီးကို အချိန်လာရောက် ညှိနှိုင်းပြီး မေးမြန်းပေးတဲ့ 7 Mins  ကို ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly