ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုထား

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုထား
ဓာတ်ပုံ-သက်ကို မဇ္စျိမ
 

ငါးရက်တာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပြီး ဇန်နဝါရီ ၁၆ ရက်တွင် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများကို တိုင်းရင်းသားကိုယ်စားလှယ်များက ဂုဏ်ပြုချီးကျုးခဲ့သည်။ သို့သော် လက်တွေ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကမူ လာမည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရနှင့် ဆက်လက်အကောင်အထည်ဖော်သွားရဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည့် ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် ၂၀၁၁ ခုနှစ်က စစ်အုပ်ချုပ်ရေးမှ ပြောင်းလဲလာသည့် လက်ရှိ အရပ်သားတစ်ပိုင်းအစိုးရနှင့် တိုင်းရင်းသားအဖွဲ့များကြား စေ့စပ်ညှိနှိုင်းမှုများကို လုပ်ဆောင်လျက်ရှိနေသည်။

သို့သော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးစီးအောင်မြင်ရေးအတွက်က အင်န်အယ်လ်ဒီဦးဆောင်သည့် လာမည့်အစိုးရသစ်က ဆက်လက်တာဝန်ယူလုပ်ဆောင်သွားရမည်ဖြစ်သည်။

"ခု ဆွေးနွေးပွဲက လာမယ့်ငြိမ်းချမ်းရေးညီလာခံတွေအတွက် အုတ်မြစ်ချတဲ့ သဘောပါပဲ။"ဟု ရှမ်းပြည်နယ် တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ဖြစ်သည့် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO မှ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

"နောက်အစိုးရကပဲ လက်တွေ့ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဦးဆောင်သွားရမှာပါ။"ဟု ၎င်းက ပြောသည်။

လာမည့် နောက်ငါးနှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်အောင်မြင်ရန်အတွက် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်များ၊ အစိုးရနှင့် စစ်တပ်တို့က ယခုပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ သဘောတူညီခဲ့ကြကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကမကထပြုလုပ်ဆောင်နေသူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ရွေးကောက်ပွဲမတိုင်ခင်ကာလ၌ လူနည်းစုတိုင်းရင်းသား မဲဆန္ဒရှင်ပြည်သူများ၏ ထောက်ခံမှုရရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျားကုတ်ကျားခဲ ရုန်းကန်ရလိမ့်ဟု သုံးသပ်သူများက ခန့်မှန်းခဲ့ကြသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အင်န်အယ်လ်ဒီပါတီက နိုင်ငံအနှံ့ မဲဆန္ဒနယ်အများအပြား ရွေးကောက်ခံရကာ အောင်မြင်မှုရခဲ့ပြီး တိုင်းရင်းသားပါတီတစ်ချို့ကို ၎င်းတို့ဒေသမှာပင် ယှဉ်ပြိုင်အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၂ ရက် ငြိမ်းချမ်းရေးညီလာခံ အဖွင့်ပွဲတွင် အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကတိကဝတ်ပြုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းလီယန်းမွန်းအာခေါင်း (Salai Lian Mone Ar Khaung)က ချင်းပြည်သူများ၏ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ပို၍ ရရှိလိုလားကြသည့် ဆန္ဒကို အင်န်အယ်လ်ဒီပါတီက နားလည်မည်ဟု မျှော်လင့်ထားကြောင်း ဇန်နဝါရီ ၁၆ ရက် ဆွေးနွေးပွဲများအပြီးတွင် အေအက်ဖ်ပီသို့ ပြောခဲ့သည်။

"ပြည်သူအသည်းကြားက ထွက်ပေါ်လာတဲ့ အစိုးရသစ်ဖြစ်ပြီး ဒီမိုကရေစီကိုလည်း မြတ်နိုးလိမ့်မှာဖြစ်လို့ ငြိမ်းချမ်းရေးအတွက် လိုလားငတ်မွတ်နေတဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေကို ကြားနာမှာပဲဆိုတာ ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်။"ဟု ၎င်းက ပြောခဲ့သည်။

သို့သော်လည်း အဓိကလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များက ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အတူတကွ သပိတ်မှောက်ထားကြပြီး အောက်တိုဘာလအတွင်းက အပစ်ရပ်စာချုပ်ကိုလည်း ငြင်းဆန်ထားကြခြင်း စသည့် အခက်အခဲအတားအဆီးများလည်း ရှိနေဆဲဖြစ်သည်။

နောက်ထပ် အလွန်အရေးကြီးသည့် စိန်ခေါ်မှုမှာ ငြိမ်းချမ်းရေး ကြာရှည်ခိုင်မြဲရေး၌ အဓိကကျသည့် နိုင်ငံတွင် အာဏာကြီးစိုးထားဆဲဖြစ်သော တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်ကြားက ဆက်ဆံရေးပင်ဖြစ်သည်။

ညှိနှိုင်းဆွေးနွေးမှုများကို လာမည့်အစိုးရသစ်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်သာဖြစ်ကြောင်း တပ်မတော်မှ ထိပ်တန်းကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးက ဇန်နဝါရီ ၁၆ ရက်က ပြောသည်။

"တပ်မတော်က ဘယ်လိုအစိုးရမျိုးနဲ့မဆို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်မှုရဖို့ ကူညီသွားမှာပဲဖြစ်တယ်။ အစိုးရက မကြာမီမှာ အပြောင်းအလဲရှိမှာဖြစ်ပေမယ့်   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကတော့ ရပ်သွားမှာ မဟုတ်ဘူး။"ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly