ကမ္ဘာ့ဘောလုံးရာဇဝင်ထဲမှ ဗီလိန်ကြီးများ

ကမ္ဘာ့ဘောလုံးရာဇဝင်ထဲမှ ဗီလိန်ကြီးများ

ကမ္ဘာ့ဘောလုံးလောကမှာ ကြမ်းတမ်းတဲ့ ကစားသမား (ဗီလိန်) တွေ အများအပြားရှိခဲ့ဖူးပါတယ်။ ဒီနေ့ခေတ်ဘောလုံးလောကမှာတော့ ဒီယေဂို ကော်စတာ၊ ဆွာရက်ဇ်၊ ပီပီ အစရှိတဲ့ ကစားသမားတွေကို ဗီလိန်ဇာတ်ရုပ်အဖြစ် သရုပ်ဖော်ပြောဆိုမှုတွေ ရှိနေပါတယ်။ သူတို့ရဲ့ အပြုအမူနဲ့ အကျင့်စရိုက်တွေကြောင့် ခြေစွမ်းထက်ကို ပိုပြီးလူပြောစရာ ဖြစ်နေရတာပါ။ ဒါပေမဲ့ သူတို့ မတိုင်ခင်တုန်းက ဘောလုံးသမိုင်းမှာ တကယ့် ဗီလိန်ကစားသမားကြီးတွေ များစွာ ရှိခဲ့ဖူးပါတယ်။ အဲဒီထဲကမှ ခြေစွမ်းထက် အကျင့်ကြောင့် ပိုပြီးနာမည်ကျော်ခဲ့တဲ့ ငါးယောက်ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၅။ အန်ဒိုနီဂွိုင်းကော့ဆီ

သူရဲ့နာမည်က စာလုံးပေါင်းဖို့ခက်သလို အသံထွက်ရလည်း ခက်တဲ့ နာမည်မျိုးဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ကမ္ဘာ့ဘောလုံးလောက၊ ဘောလုံး ကစားဖော်တွေနဲ့ ပြိုင်ဘက် ကစားသမားတွေက ဘီလ်ဘာအိုရဲ့ သားသတ်သမားလို့ပဲ နာမည်ပြောင်ခေါ်ခဲ့ကြပါတယ်။ အက်သလက်တီကိုနဲ့ ဘီလ်ဘာအိုအသင်းတွေမှာ ဗဟိုနောက်ခံလူအဖြစ် ကစားခဲ့ပြီး သူ့ခေတ် သူ့အခါက အဖျက်အကြမ်းဆုံး ကစားသမားအဖြစ် ထင်ရှားခဲ့ပါတယ်။

သူဟာ ပြိုင်ဘက်ကစားသမား အတော်များများကို ကစားသမားဘဝ အဆုံးသတ်လုနီးပါးဖြစ်သွားလောက်အောင် ဖျတ်ထုတ်ခဲ့ပြီး သူ့ရဲ့ သားကောင်ဖြစ်ခဲ့သူတွေထဲမှာ မာရာဒိုနာ၊ ဘန်ရှူးစတားတို့တောင် ပါဝင်ခဲ့ပါတယ်။ ကစားသမားဘဝ အဆုံးသတ်သွားခဲ့ခြင်းတော့ မရှိပေမယ့် မာရာဒိုနာက သုံးလနားခဲ့ရပြီး ဒူးဒဏ်ရာ ဆိုးဆိုးရွားရွားရခဲ့တဲ့ ဘန်ရှူးစတားကတော့
အရင်ခြေစွမ်း လုံးဝပြန်မရတော့ပါဘူး။

၄။ ရွိုင်းမက်ဒိုနက်

နောက်ထပ် အဖျက်ကြမ်းသူတစ်ယောက်ကတော့ ရွိုင်းမက်ဒိုနက်ပါ။ ဘာကြောင့် သူ ဒီစာရင်းထဲပါနေရသလဲဆိုတဲ့ အကြောင်းရင်းကလည်း အခိုင်မာရှိနေပါတယ်။ သူဟာ ကစားသမားဘဝတစ်လျှောက် ၂၁ ကြိမ် ထုတ်ပယ်ခံခဲ့ရရာမှာ လိဂ်ပြိုင်ပွဲ ၁၃ ပွဲပါဝင်ခဲ့ပါတယ်။ ဒီအရေအတွက်ကို အခုအချိန်ထိ ဘယ်သူမှ လိုက်မမီနိုင်သေးပါဘူး။

ကစားသမားဘဝမှာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ဆောက်အန်း၊ အက်စတာ၊ ကိုချက်စတာနဲ့ ကင်းဘရစ်ချ်အသင်းတွေမှာ ကစားခဲ့ပြီး သူ့ရဲ့ ကစားပုံသာ ကြမ်းတမ်းမှုမရှိရင် ဘယ်သူမှတောင် အခုချိန်ထိ အမှတ်ရနေမှာ မဟုတ်ပါဘူး။

၃။ ဂရေမီဆောင်းနက်

ဂရေမီဆောင်းနက်ဟာ ၁၉၈၀ ခုနှစ်တွေဆီက အောင်မြင်ခဲ့တဲ့ လီဗာပူးလ်အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ စပါး၊ ရိန်းဂျား၊ မစ်ဒယ်ဘရော့နဲ့ ဆမ်ဒိုးရီးယားအသင်းတွေမှာလည်း ကစားခဲ့ပါသေးတယ်။ သူ့ခေတ် သူ့အခါမှာတော့ ပါရမီရှင် ကွင်းလယ်ကစားသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသူ တစ်ဦးလည်းဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကောင်းမွန်တဲ့ဘောလုံး ပေးပို့မှုတွေ၊ ဖျက်ထုတ်မှုတွေ လုပ်နိုင်ခဲ့သလို အဆိုးဆုံး ဘောလုံးဖျတ်ထုတ်သူ ၁၀ ဦးထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ရိန်းဂျားအသင်းအတွက် ပွဲဦးထွက် ကစားတုန်းကဆိုရင် သူ့ရဲ့ဆိုးရွားလွန်းတဲ့ ဘောလုံးဖျက်ထုတ်ပုံကြောင့် နှစ်ဖက်ကစားသမားအားလုံးပါဝင်တဲ့ ရန်ပွဲကြီးတစ်ခု ဖြစ်ခဲ့ရပါတယ်။

နည်းပြဘဝမှာလည်း အငြင်းပွားဖွယ် အပြုအမူအချို့ကို ပြုလုပ်ခဲ့ပါသေးတယ်။ ဂါလာတာစာရေးအသင်းကို ကိုင်တွယ်နေစဉ် ၁၉၉၆ မှာ တူရကီဖလားပြိုင်ပွဲမှာ ဖီနာဘာချီအသင်းကို အနိုင်ရခဲ့တော့ သူဟာ ဂါလာတာစာရေးအလံကြီးကို ဖီနာဘာချီ ကွင်းလယ်ယူသွားပြီး ဖြန့်ခင်းခဲ့လို့ ပွဲဆူသွားခဲ့ရပါတယ်။

၂။ ဒေ့ဗ်မက်ကိုင်း

ဒေ့ဗ်မက်ကိုင်းကတော့ စကော့တလန် နောက်ခံလူဖြစ်ပြီး ဟတ်၊ စပါး၊ ဒါဘီနဲ့ ဆွင်ဒမ်တောင်းအသင်းတွေမှာ ကစားခဲ့ပါတယ်။ နည်းပြဘဝမှာလည်း အောင်မြင်ခဲ့ပြီး ဒါဘီအသင်းနဲ့အတူ ပထမတန်းဖလားရယူနိုင်ခဲ့ပါတယ်။

သူက တကယ့်လူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဘောလုံးဖျတ်ထုတ်ရမှာ၊ ရန်ဖြစ်ရမှာ ဒါမှမဟုတ် ပွဲပယ်ခံရလို့ ကွင်းဘေးထွက်ထိုင်နေရမှာ လုံးဝမကြောက်တဲ့သူပါ။ ပြိုင်ဘက်ကစားသမား ပြစ်ဒဏ်ကတ်တစ်ခုခု ပြခံရအောင်လည်း ဒိုင်လူကြီးကို ဘယ်တုန်းကမှ ဖိအား မပေးခဲ့ပါဘူး။ အမြဲတမ်း ညစ်ပတ်တဲ့ ကစားသမားတစ်ယောက်တော့ မဟုတ်ဘဲ ပွဲအခြေအနေကို ကြည့်ပြီးတော့လည်း ကစားတတ်ပါတယ်။

ဒါပေမဲ့သူ့ရဲ့နာမည်ပြောင်ကတော့ အနိုင်ကျင့်တတ်သူ ဖြစ်ပါတယ်။ လိဒ်အသင်းနဲ့ ကစားခဲ့စဉ်က သူနဲ့ရင်ဆိုင်တွေ့ဖို့ ကြိုးစားတဲ့ ဘီလီဘရန်နာကို တုန့်ပြန်နေပုံ ဓါတ်ပုံကလည်း ကမ္ဘာကျော်ခဲ့ပါတယ်။ ဂျော့ဘတ်စ်ကို ဘောလုံးယှဉ်လုရင်း ခုန်ကန်သလိုဖြစ်ခဲ့တာကလည်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။

၁။ မီဂွယ်အိန်ဂျယ်နာဒဲလ်

မီဂွယ်အိန်ဂျယ်နာဒဲလ်ကတော့ ရာဖေးနာဒဲလ်ရဲ့ ဦးလေးတော်စပ်သူပါ။ မန်နာကော်၊ မာယော့ကာနဲ့ ဘာစီလိုနာအသင်းတွေမှာ နောက်တန်း ကစားသမားအဖြစ်ရော ကွင်းလယ်ကစားသမားအဖြစ်ပါ ကစားခဲ့ပြီး ရက်စက်ကြမ်းကြုတ်သူလို့ နာမည်ပြောင် ပေးခံရသူဖြစ်ပါတယ်။

မီဂွယ်ဟာ ဘာစီလိုနာအသင်း တစ်ပွဲပြီး တစ်ပွဲနိုင်နေချိန်မှာ နည်းပြ ခရိုက်ဖ်အတွက် ညစ်ပတ်တဲ့ ကစားသမားတစ်ဦးအဖြစ် ကစားပေးခဲ့ပါတယ်။ အဲဒီလိုကစားရင်းနဲ့ အမှတ်ပေးဖလား ငါးလုံး၊ ကိုပါဒယ်ရေးဖလား နှစ်လုံးနဲ့ ဥရောပဖလား တစ်လုံးရခဲ့ပါတယ်။

.page-node-9961 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly