တိုင်ဖွန်းမုန်တိုင်း KUJIRA ၏အရှိန််ကြောင့် မြန်မာတွင် မုတ်သုံလေအားကောင်းပြီး ဇွန် ၂၇ ရက်အထိ မိုးကြီးမည်

တိုင်ဖွန်းမုန်တိုင်း KUJIRA ၏အရှိန််ကြောင့် မြန်မာတွင် မုတ်သုံလေအားကောင်းပြီး ဇွန် ၂၇ ရက်အထိ မိုးကြီးမည်

ရန်ကုန် (မဇ္ဈိမ)။ ။ တိုင်ဖွန်းမုန်တိုင်း KUJIRA သည် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ပြီးနောက် ၎င်းမုန်တိုင်း၏ အရှိန်ဖြင့် မြန်မာနိုင်ငံတွင် မုတ်သုန်လေအားကောင်းမှု ဆက်လက်ဖြစ်ပေါ်နိုင်ပြီး ဇွန် ၂၇ ရက်အထိ မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဦးလှထွန်းက ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

မုတ်သုန်လေအားကောင်းပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၄ နာရီ အတွင်း မိုးကြီးနိုင်ပြီး ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုများ၊မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများသည် မြစ်ရေရုတ်တရက်
မြင့်တက်လာနိုင်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဇွန် ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ဦးလှထွန်းက “ဗီယက်နမ်ကမ်းခြေကို မုန်တိုင်းက ဖြတ်ကျော်သွားပါပြီ။ အဲဒီမုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံမှာ မုတ်သုန်လေအားကောင်းပြီး အရင်ရက်တွေမှာ မိုးတွေရွာတယ်။ အခုလည်း အဲဒီမုတ်သုန်လေအရှိန်ကြောင့် ဇွန် ၂၇ ရက်အထိ မိုးကြီးမှု ဖြစ်ပေါ်လာနိုင်တယ်။ မိုးရွာသွန်းမှုကြောင့် ကမ်းရိုးတန်းဒေသတွေ၊ ကုန်းမြင့်ပိုင်းတွေမှာ မြစ်ရေ တက်လာတာ၊ မြေပြိုမှုတွေဖြစ်ပေါ်လာနိုင်တယ်” ဟု ပြောသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း KUJIRA သည် ဇွန် ၂၄ ရက် နေ့လည်ပိုင်းတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော်ခဲ့ပြီးနောက် ကုန်းတွင်းမုန် တိုင်းငယ်အဖြစ် မြောက်ဖက်သို့ ဦးတည်ကာ ဆက်လက်ရွေ့လျှားလျက် ရှိနေကြောင့် မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ၎င်း၏ လူမှုကွန်မှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly